Transparency Myanmar

transparency.myanmar@gmail.com

မြန်မာစစ်အစိုးရက ဖမ်းဆီး ထိန်းသိမ်းထားသော မြန်မာနိုင်ငံဖွား အမေရိကန် နိုင်ငံသား ကိုကျော်ဇောလွင် သည် ယခုအခါ အစာငတ်ခံ ဆန္ဒပြလျက်ရှိကြောင်း ၎င်း၏ အဒေါ်ဖြစ်သူ က ပြောကြားသည်။

ကိုကျော်ဇောလွင် ခေါ် ကို ညီညီအောင်သည် ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက် နေ့က မြန်မာနိုင်ငံသို့ လာရောက်စဉ် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဖမ်းဆီးထိန်းခြင်း ခံခဲ့ရသည်။ စစ်အစိုးရက ၎င်းအား မှတ်ပုံတင်၊ ပတ်စပို့ အတုများ ကိုင်ဆောင်မှု၊ မြန်မာကျပ်ငွေ အမြောက်အမြား သယ်ဆောင်မှု တို့ဖြင့် ဖမ်းဆီး ထိန်းသိမ်းထားသည်။

ကိုကျော်ဇောလွင် ၏ အဒေါ်ဖြစ်သူ၏ အဆိုအရ ၎င်းသည် ယခုအခါ အင်းစိန် အကျဉ်းထောင်တွင်း အစာငတ်ခံ ဆန္ဒပြလျက်ရှိကြောင်း သိရသည်။

"သူ့ကိုကြည့်ရတာ တော်တော့်ကို အားနည်းပြီး ဖြူဖတ်ဖြူလျော် ဖြစ်နေတယ်။  အဲဒါနဲ့ကျွန်မ က နေကောင်းရဲ့လားလို့ မေးတော့ သူက အစာငတ်ခံ ဆန္ဒပြနေတယ်လို့ ပြောပါတယ်" ဟု ကိုကျော်ဇောလွင်၏ အဒေါ်ဖြစ်သူ ဒေါ်စုစုကြည်က DVB သို့ပြောသည်။

"သူက စစ်အစိုးရက လူငယ်အတော်များများကို မတရား အမှုဆင်ပြီး ဖမ်းဆီးထိန်းသိမ်း ထားတာတွေကို ဆန့်ကျင်တဲ့အနေနဲ့ အခုလို အစာငတ်ခံ ဆန္ဒပြတာပါလို့ ကျွန်မကို ပြောပါ တယ်။ ကျွန်မအထင်ပြောရရင် သူက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့လောက်ကတည်းကစ ပြီး အစာငတ်ခံ ဆန္ဒပြခဲ့တာ ဖြစ်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနေ့ မတိုင်ခင် တရားရုံး မှာတွေ့တုန်းက နေကောင်းနေခဲ့လို့ပါ။ နောက်ပြီးသူ့မှာ အိပ်ရာအနာ (Bedsore) တွေ ဖြစ်နေတယ်။ သူအိပ်ရတဲ့ အိပ်ရာက တော်တော်မာလို့ဖြစ်တာပါ" ဟု ၎င်းကဆိုသည်။

ကိုကျော်ဇောလွင်သည် ပြီးခဲ့သည့် စက်တင်ဘာ လကုန်ပိုင်းက ရန်ကုန်မြို့တော်တွင် ဗုံးများ ဖောက်ခွဲရန် ကြိုးပမ်းမှုတွင် ပါဝင်ပတ်သက်သည် ဟူသော စွပ်စွဲချက်ဖြင့် စစ်အစိုးရ၏ ဖမ်းဆီး ထိန်းသိမ်းခြင်း ခံရခြင်းဖြစ်သည် ဟု ထင်ကြေးပေးမှုများ ရှိခဲ့သည်။

ကိုကျော်ဇောလွင်သည် နိုင်ငံရေး လှုပ်ရှားသူတစ်ဦးဖြစ်ပြီး ABSDF( All Burma Student Democratic Front) အဖွဲ့ဝင်ဟောင်း တစ်ဦးလည်းဖြစ်သည်။ သူနှင့် ဆွေမျိုး တော်စပ်သူ နှစ်ဦးမှာလည်း စစ်အစိုးရကို ဆန့်ကျင်သော နိုင်ငံရေး အုပ်စုများနှင့် ပတ်သက်ခဲ့မှုကြောင့် ဖမ်းဆီးထိန်းသိမ်း အကျဉ်းချခံထားကြရသည်။ သတင်းများအရ သူနှင့် ဆွေမျိုးတော်စပ်သူ နှစ်ဦးသည် ၂၀၀၇ ခုနှစ် စက်တင်ဘာတွင် ဖြစ်ပေါ်ခဲ့သော သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြမှုတွင် ပါဝင် ပတ်သက်ခဲ့သောကြောင့် ဖမ်းဆီခံရခြင်း ဖြစ်သည်။

ယခု အင်းစိန်အကျဉ်းထောင်အတွင်း ကိုကျော်ဇော်လွင် အစာငတ်ခံ ဆန္ဒပြမှုနှင့် ပတ်သက်ပြီး ရန်ကုန်အခြေစိုက် အမေရိကန်သံရုံးက ထင်မြင်သုံးသပ်ချက် တစ်စုံတရာ မပေးပေ။

DVB သတင်းဌာန၏ Detained US citizen on hunger strike ကိုဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment