Transparency Myanmar

transparency.myanmar@gmail.com

ကုလသမဂ္ဂက သတ်မှတ် ပြဋ္ဌာန်းထားသော ထောင်စုနှစ် ရည်မှန်းချက် ပန်းတိုင်တစ်ခု ဖြစ်သည့် ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲ မွဲတေမှု တိုက်ဖျက်ရေး အစီအစဉ်အား မြှင့်တင်ရန် မြန်မာနိုင်ငံက ကြိုးပမ်းနေခြင်းကို ကုလသမဂ္ဂက အကူအညီ အထောက်အပံ့ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့အတူ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး ကဏ္ဍကိုလည်း အကူအညီပေး မြှင့်တင်ပေးသွားမည် ဖြစ်သည်ဟု ကုလသမဂ္ဂက ဆိုသည်။ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးဆိုင်ရာ အစီအစဉ် မှ လက်ထောက် စီမံခန့်ခွဲရေးမှူး Ajay Chhibber က မြန်မာနိုင်ငံသို့ ငါးရက်တာ ခရီးစဉ်အတွင်း ယင်းသို့ အကူအညီများ ပေးမည်ဟု ကတိကဝတ်ပြု ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ခရီးစဉ်တွင် ကုလသမဂ္ဂမှ အရာရှိကြီးများ၊ နိုင်ငံတကာ အလှူရှင်များ လိုက်ပါခဲ့ကြပြီး မြန်မာနိုင်ငံ အစိုးရ အရာရှိများနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အရေးကိစ္စများ ဆွေးနွေးခဲ့ကြကြောင်း ကုလသမဂ္ဂက သတင်း ထုတ်ပြန်သည်။

ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်(UNDP) က ထုတ်ပြန်သော လူသား ဖွံ့ဖြိုးမှုဆိုင်ရာ စာရင်း (၂၀၀၇-၀၈) အရ မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၁၇၇ နိုင်ငံအနက် ၁၃၂ အဆင့်တွင် ရှိသည်။ နိုင်ငံသား တစ်ဦးချင်းစီ၏ ဝင်ငွေမှာ တစ်နှစ်လျှင် ပျမ်းမျှ ဒေါ်လာ ၂၂၀ ခန့်သာ ရှိသည်။

ယခု မြန်မာခရီးစဉ်အတွင်း UNDP ၏ လက်ထောက် စီမံခန့်ခွဲရေးမှူး မစ္စတာ Chhibber က မြန်မာပြည် အလယ်ပိုင်းရှိ ပူပြင်း ခြောက်သွေ့သော ဒေသများသို့လည်း သွားရောက် လည်ပတ်ခဲ့သည်။ မစ္စတာ Chhibber သွားရောက် လည်ပတ်သည့် ဒေသများတွင် UNDP က အသေးစား ငွေချေးလုပ်ငန်းများနှင့် လူထုဖွံ့ဖြိုးရေး အစီအစဉ်များ ဆောင်ရွက်လျက် ရှိသည်။

"UNDP က ဆင်းရဲ နွမ်းပါးတဲ့ နေရာ ဒေသတွေမှာ ရှိတဲ့ ပြည်သူတွေ အတွက် အခြေခံ လိုအပ်ချက်တွေ အားလုံးကို ဖြည့်ဆည်းပေးပါတယ်။ အခုလို လုပ်ပေးနေရတဲ့ ရည်ရွယ်ချက်ကတော့ ဆင်းရဲ မွဲတေတဲ့ လူတွေကို ဆင်းရဲတွင်းကနေ ဆွဲထုတ်ပြီး သူတို့ရဲ့ ဘဝတွေကို မြှင့်တင်ပေးဖို့ ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံမှ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ၊ ပူပြင်း ခြောက်သွေ့သော အညာဒေသနှင့် ရှမ်းပြည်နယ်တို့တွင် ရှိသော အိမ်ခြေ သုံးသိန်းခွဲခန့်မှာ UNDP က အကောင်အထည်ဖော် ဆောင်ရွက်နေသော ဖွံ့ဖြိုးရေး အစီအစဉ်မှ အကျိုးအမြတ်များ ရရှိခဲ့ကြကြောင်း ကုလသမဂ္ဂက ဆိုသည်။ UNDP ၏ မိုက်ခရိုငွေကြေး အစီအစဉ်မှ ယင်းသို့ အမြတ်အစွန်း များစွာ ရရှိခြင်း ဖြစ်သည်ဟု ဆိုသည်။

"အဲဒီ မိုက်ခရိုငွေကြေး အစီအစဉ်ကြောင့် ဆင်းရဲ နွမ်းပါးတဲ့ အမျိုးသမီးတွေ အနေနဲ့ အတိုးနှုန်း သက်သက်သာသာနဲ့  ပိုက်ဆံချေးခွင့် ရတယ်။  အဲဒီတော့ မိမိ တစ်နိုင်တစ်ပိုင် စီးပွားရေး အသေးစားလေးတွေ လုပ်ကိုင်ပြီး ဝင်ငွေ ကောင်းလာကြတာကို တွေ့ရပါတယ်" ဟု မစ္စတာ Chhibber က ပြောသည်။

"အခုလို ဆင်းရဲတဲ့ မိသားစုတွေက  အမျိုးသမီးတွေ ငွေချေးပြီး ကိုယ်ပိုင်ဝင်ငွေ ရှာနေကြတာကို တွေ့ရတာ ကျွန်တော် အရမ်းကို ဝမ်းသာပါတယ်" ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံသို့ နာဂစ်မုန်တိုင်း ဝင်ရောက် တိုက်ခတ်သွားပြီး နောက်ပိုင်း ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ကိုင်ရာတွင် UNDP သည် လွန်စွာ အခရာ ကျသော နေရာမှ လုပ်ကိုင်ပေးလျက် ရှိသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment