Transparency Myanmar

transparency.myanmar@gmail.com

Global Post , By Patrick Winn, 28th December 2009

          အမေရိကန်နှင့် မြန်မာနိုင်ငံတို့၏ ဆက်ဆံရေးသည် နွေးထွေးသော လက္ခဏာ ပြသနေပြီ ဆိုသော်လည်း မြန်မာနိုင်ငံသည် အမေရိကန် အစိုးရ၏ ပြင်းထန်သော အရေးယူ ပိတ်ဆို့မှုကို ခံနေရဆဲ ဖြစ်ပါသည်။

          မြန်မာ အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြစ်ဒဏ်ပေးသော အနေဖြင့် အမေရိကန် အစိုးရသည် မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံရန်နှင့် မြန်မာပစ္စည်းများ တင်သွင်းရန် ခွင့်မပြုခဲ့ပေ။ ထို့ကြောင့် အမေရိကန် တို့အနေဖြင့် မြန်မာနိုင်ငံမှ နှစ်သက်ဖွယ် ကောင်းသော သယံဇာတများ ဖြစ်သော ရှားပါးသော သစ်များနှင့် ကျောက်စိမ်းတို့ကို ဝယ်ယူခြင်းကို တားမြစ် ခံထားရပါသည်။ တစ်နည်းအားဖြင့် အဆိုပါ ပစ္စည်းများကို ဝယ်ယူခြင်းဖြင့် ဖိနှိပ်သော စစ်အစိုးရကို ငွေကြေး ထောက်ပံ့ပြုရာ ရောက်သည်ဟု ဆိုခြင်းကြောင့် ဖြစ်သည်။

          သို့သော် အမေရိကန် နိုင်ငံတွင် ပရိဘောဂ အရောင်း ကိုယ်စားလှယ်များသည် မြန်မာ့ကျွန်းသစ်ကို ကြော်ငြာ၍ ရောင်းဝယ်နေကြသည်။ မြန်မာ့ကျွန်းသစ်သည် ရှားပါးပြီး အရည်အသွေး ကောင်းမွန်မှုကြောင့် တဖြည်းဖြည်း ဈေးတက်လာနေပါသည်။ မြန်မာနိုင်ငံ၏ နာမည်ဆိုးကြောင့် အမေရိကန်တို့၏ တင်းကြပ်သော ဥပဒေများ ချမှတ်ထားသော်လည်း အမေရိကန်တို့သည် Website မှတစ်ဆင့် မြန်မာ့ သစ်မာများကို အလွယ်တကူ ဝယ်ယူနိုင်ဆဲပင် ဖြစ်ပါသည်။

          အဆိုပါ အရည်အသွေး ကောင်းသော သစ်များသည် စစ်အစိုးရအတွက် အကြီးမားဆုံး ငွေရပေါက်ရလမ်း ဖြစ်ရာ အဆိုပါငွေများဖြင့် ကိုယ့်တိုင်းပြည်ကို ပြန်ပြီး ဖိနှိပ်လျက် ရှိပေသည်။

          ဗြိတိန်နိုင်ငံ၏ အမြတ်ရယူသည့် လုပ်ငန်း မဟုတ်သည့် Global Witness ၏ အဆိုအရ ၂၀၀၇-၀၈ ခုနှစ်တွင် သစ်အမျိုးမျိုး တင်ပို့ ရောင်းရငွေသည် တိုင်းပြည်၏ စတုတ္ထ အများဆုံး ပို့ကုန်တန်ဖိုး ရှိခဲ့သည်ဟု သိရှိရပါသည်။ အာဖရိက၏ Blood Diamond စိန် ရောင်းဝယ်ရေးကို နာမည်ကျော်အောင် ပြုလုပ်ပေးခဲ့သော ရှေ့နေအဖွဲ့ တစ်ခုသည် မြန်မာ့သစ် ရောင်းဝယ်ရေးကို ရပ်ဆိုင်းသွားအောင် ပြင်းပြင်းထန်ထန် လုပ်ဆောင်လျက် ရှိပါသည်။

          ထို့အပြင် သစ်များ ခုတ်ယူမှုကြောင့် သစ်တောများ ပျက်စီးပြီး၊ ကမ္ဘာပေါ်တွင် ပတ်ဝန်းကျင်ဆိုင်ရာ ခြိမ်းခြောက်မှုများ ရှိလာကြောင်း Global Witness မှ သစ်တော ကျွမ်းကျင်သူ Jon Buckrell က ဆိုပါသည်။

          ယခု ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် အမေရိကန် ကုမ္ပဏီများသည် အင်တာနက်တွင် "မြန်မာ့သစ်" ဟူ၍ ပြောင်ကျကျ ကြော်ငြာ၍ ရောင်းချလာကြပါသည်။ ၎င်းတို့တွင် Floors To Go's က "Ulysses Burmese Teak" ဟုလည်းကောင်း၊ Can Trust Hardwood က "Solid Burmese Teak" ဟူ၍ လည်းကောင်း၊ Corona Hardwood က "Burma Mahogany" ဟူ၍ လည်းကောင်း၊ ကြော်ငြာခဲ့ကြပါသည်။ အဆိုပါ လုပ်ငန်းများသို့ မှတ်ချက်ပေးရန် ဆက်သွယ်ခဲ့ရာ Corana Hardwood တစ်ခုကသာ တုံ့ပြန်ခဲ့ပါသည်။ ၎င်းက တင်သွင်းသူ Elegance Wood Flooring ကို အဆိုပါသစ်များ အတွက် မူရင်းနိုင်ငံကို မေးမြန်းခဲ့ပါသည်။ အဆိုပါ တင်သွင်းသူကလည်း E-mail ဖြင့် ပြန်ကြားရာတွင် Burma Mahogany အတွက် မည်သည့် မှတ်ချက်မျှ မပေးခဲ့ပေ။ ၎င်းက မူရင်းနိုင်ငံကို Web Site ၌ ကြော်ငြာရာတွင် "Burma / Thiland"  ဟု အမည်တပ်ခဲ့သည်။

          မြန်မာ့ကျွန်းသစ်သည် စကြာဝဠာတွင် အလှပဆုံးသစ်အဖြစ် ဆိုရမည် ဖြစ်ပါသည်။ ၎င်းသည် ပျက်စီးခြင်း မရှိဘဲ၊ အရည်အသွေး ကျဆင်းသွားခြင်း မရှိဘဲ၊ မိုးထဲ လေထဲတွင် သဘာဝအတိုင်း ကြာရှည်ခံသောသစ် ဖြစ်ပါသည်။ ၎င်းကို ဗြိတိသျှတို့၏ Colonial – era navy စတိုင်အိမ်များ ဆောက်ရာတွင် ပိုမို အသုံးပြုကြပါသည်။ သက်တမ်း ရင့်သော ကျွန်းများကို ဝရံတာများ၊ ဝရံတာတွင် ထားရှိမည့် ပရိဘောဂများနှင့် ရွက်လှေများ တည်ဆောက်ရာတွင် အသုံးပြုပါသည်။ မြန်မာ့ကျွန်းသစ်သည် လူချမ်းသာများသာ အသုံးပြုနိုင်သည့် လူတန်းစား အမှတ်အသားတစ်ခု ဖြစ်ပါသည်။

          အမေရိကန်၏ ဖက်ဒရယ် ဥပဒေအရ မြန်မာသစ်များကို တင်သွင်းခြင်းကို ပိတ်ပင်ထားသော်လည်း၊ တင်သွင်းသူများသည် ဥပဒေ၏ ဟာကွက်များကို အသုံးချခဲ့ကြပါသည်။

          ၂၀၀၃ ခုနှစ်မှ စ၍ အမေရိကန် သမ္မတများသည် Burma Freedom and Democracy Act ကို နှစ်စဉ် အသစ် ပြန်လည် အတည်ပြုကြရာတွင် မြန်မာနိုင်ငံမှ ထုတ်ကုန် မှန်သမျှ တင်သွင်းရန် တားဆီး ပိတ်ပင်ထားပါသည်။

          ထိုဥပဒေကို လက်တစ်လုံးခြား လုပ်နိုင်ရန် အမေရိကန် သစ်လုပ်ငန်းရှင်များသည် မြန်မာသစ်များကို တရုတ်နိုင်ငံမှ တင်သွင်းကြပါသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ သစ်လုံးများကို ကားများ ဖြင့် နယ်စပ်မှ ထုတ်ယူသွားပြီး ခွဲသားများအဖြစ် ပြောင်းလဲခဲ့ကြပါသည်။

          ထို့ကြောင့် ကွန်ဂရက်သည် တရားမဝင် သစ်ဥပဒေကို အလေးအနက် ထားပြီး လွန်ခဲ့သည့် နှစ်တစ်ရာကျော်က ရှိခဲ့သော Lacey Act ကို ပြင်ဆင်ခြင်းဖြင့် ဖိအားပေးခဲ့ပါသည်။ ယခုအခါ အမေရိကန် ကုန်ပစ္စည်း တင်သွင်းသူများသည် သစ်၏ ခုတ်ယူသည့် မူရင်းနိုင်ငံကို ဖော်ပြရမည် ဖြစ်ရာ၊ အကယ်၍ မူရင်းနိုင်ငံသည် မြန်မာနိုင်ငံ ဖြစ်နေပါက အဆိုပါ သစ်တင်သွင်းသူသည် တရားမဝင် ဖြစ်လိမ့်မည် ဖြစ်ပါသည်။

          သို့သော် သစ်ကို မြန်မာနိုင်ငံမှ သစ်ဖြစ်ကြောင်း ခွဲခြား၍ မရနိုင်အောင် ပြုလုပ်၍ ရကြောင်း အမေရိကန် စိုက်ပျိုးရေးဌာနမှ ပြောခွင့်ရ အမျိုးသမီး Jessica Milteer က ပြောပါသည်။

          အဆိုပါ တရားမဝင်သစ်များကို တင်သွင်းကြောင်း တာဝန်ရှိသူများက သက်သေ ပြနိုင်သည့် အပေါ် မူတည်၍ ဒဏ်ငွေ အမေရိကန် ဒေါ်လာ ၂၅၀ မှ ငါးသိန်းအထိ ပေးဆောင်ရနိုင်ပြီး အချို့အမှုများတွင် ထောင်ဒဏ် ကျခံရနိုင်သည်ဟု ဆိုပါသည်။

          အဆိုပါ ပြင်ဆင်ချက်တွင် အမေရိကန် ကုန်ပစ္စည်း တင်သွင်းသူများသည် နိုင်ငံခြား တိုင်းပြည်များ၏ အပင်များကို ကာကွယ် စောင့်ရှောက်သော ဥပဒေများကို အလေးထားရမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ထို့ကြောင့် အကယ်၍ တရုတ်နိုင်ငံ ဥပဒေတွင် ရှားပါးသော မြန်မာ သစ်ပင်များ တင်သွင်းခြင်းကို ကန့်သတ်ထားသည်ဟု ဆိုလျှင် အမေရိကန် ကုမ္ပဏီများကလည်း အဆိုပါသစ်ကို တင်သွင်းခြင်းမှ တားမြစ်ခံရမည် ဖြစ်သည်ဟု ဆိုလိုခြင်း ဖြစ်ပါသည်။ Global Witness ၏ အဆိုအရ တရုတ်နိုင်ငံသည် လေထု ညစ်ညမ်းမှုအတွက် ဂရုမပြုသည့် နိုင်ငံ ဖြစ်သော်လည်း၊ တရားဝင် နှိမ်နှင်းမှုများအရ အချို့ဒေသများတွင် မြန်မာနိုင်ငံမှ တရားမဝင် သစ်တင်သွင်းမှုကို ၇၀% ခန့် လျော့ချနိုင်ခဲ့ပါသည်။

          အမေရိကန်တို့အနေဖြင့်မူ သစ်တင်သွင်းသူများကို အပြီးတိုင် အရေးယူမည့် အဆင့် ကျန်ရှိနေပါသေးသည်။ ဥပဒေ အသစ်ကလည်း သက်ရောက်မှု မရှိသေးသဖြင့် အမေရိကန် ကိုယ်စားလှယ်များသည် ကျန်ရှိသော မြန်မာသစ်များကို လွတ်လပ်စွာ ရောင်းဝယ်လျက် ရှိနေကြပါသေးသည်။

          အမေရိကန် နိုင်ငံခြားရေးဌာနက မြန်မာနိုင်ငံ၏ ၂၀၁၀ ရွေးကောက်ပွဲကြောင့် အချို့ အရေးယူ ပိတ်ဆို့မှုများကို ဖြေလျော့ပေးရန် အကြံပြုထားပါသည်။ သို့သော် မြန်မာနိုင်ငံ၏ အဖိုးတန် သစ်တောများကို ကာကွယ်ပေးသော အနေဖြင့် မြန်မာ့သစ်များအပေါ် ကန့်သတ်ထားမှုများကိုမူ ရုတ်သိမ်းပေးလိမ့်မည် မဟုတ်ပေ။ မြန်မာ့သစ်တောများသည် သစ်ခုတ်ယူမှုများ သတ္တု တူးဖော်မှုများကြောင့် ပျက်စီးနေပြီ ဖြစ်ပါသည်။

          ပြင်းထန်သော ဥပဒေများနှင့် ကျွန်းသစ် တင်သွင်းရမှု လျော့ကျလာသည့်အတွက် အမေရိကန်တွင် ကျွန်းစိုက်ပျိုးရန် စတင် ကြိုးစားလာရပြီ ဖြစ်ပါသည်။ အပူပိုင်း ရာသီဥတု ရှိသည့် အမေရိက အလယ်ပိုင်းနှင့် တောင်ပိုင်းတို့တွင် ပေါက်ရောက်ပါသည်။ သို့သော် အဆိုပါသစ်သည် အချို့ သင်္ဘော တည်ဆောက်သူများနှင့် ပရိဘောဂ အရောင်းကိုယ်စားလှယ်များ၏ အဆိုအရ သက်တမ်းရင့် မြန်မာ့ ကျွန်းသစ် အရည်အသွေးကို မည်သို့မျှ မယှဉ်နိုင်ကြောင်း သိရှိရပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment