Mizzima,by Brian McCarton, 31st December 2009
ယခု လာမည့် နှစ်သစ်သည် မြန်မာနိုင်ငံ မြောက်ပိုင်းတွင် မီးတောက်လောင်နိုင်မည့် ကိစ္စများကို သယ်ဆောင် လာလိမ့်မည်ဟု ယူဆရပါသည်။ ဒီဇင်ဘာ ၃၁ ရက်နေ့သည် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်ရှိ အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို မြန်မာစစ်တပ် လက်အောက် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် အဆုံးအဖြတ်ပေးရမည့် နောက်ဆုံးရက် ဖြစ်ပြီး မဟုတ်ပါက စစ်ရေးအရ ထိပ်တိုက် ရင်ဆိုင်မှုများ ရှိလာနိုင်ပါသည်။
မြန်မာနိုင်ငံတွင် ၁၉၆၂ မှ စ၍ အုပ်ချုပ်ခဲ့သော စစ်ခေါင်းဆောင်များသည် စုစည်း ညီညွတ်သော ပြည်ထောင်စု မြန်မာနိုင်ငံ တည်ဆောက်ရေးကိုသာ ဦးစားပေးခဲ့ရာ နယ်စပ် ဒေသများတွင်လည်း ဗဟိုအစိုးရက ချုပ်ကိုင်နိုင်ရေးကိုသာ လုပ်ဆောင်ခဲ့ပါသည်။ သို့သော် အဆိုပါ ကိစ္စကို သဘောမတူသော အချို့ လက်နက်ကိုင် တိုင်းရင်းသားများသည် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် ရှိနေပါသေးသည်။
၁၉၈၉ ခုနှစ်က ပြုလုပ်ခဲ့သော အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုများသည် အဆိုပါ ဒေသတွင် နှစ်ပေါင်း နှစ်ဆယ်ခန့် ပဋိပက္ခ မရှိဘဲ ငြိမ်းချမ်းနေခဲ့သော်လည်း အဆိုပါ နယ်စပ် ဒေသများအထိ အစိုးရက ချုပ်ကိုင်ထားနိုင်ဆဲ ဖြစ်သည်ဆိုသော အချက်ကို အဖြေထုတ်နိုင်ခဲ့ခြင်း မရှိပါ။
မြန်မာအစိုးရက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တပ်များသည် မြန်မာစစ်တပ် လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန်နှင့် ၎င်းတို့၏ နိုင်ငံရေးဌာနများသည် ၂ဝ၁ဝ ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် မူချမှတ်ပေးခဲ့ပါသည်။ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ၂ဝဝ၉ ခုနှစ် ဧပြီလက စတင် အဆိုပြုခဲ့သော်လည်း တိုင်းရင်းသားအဖွဲ့များက အောက်တိုဘာလအထိ ရွှေ့ဆိုင်းပေးရန် ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။
အင်အား နည်းသော အဖွဲ့များ ဖြစ်သည့် ကချင် ဒီမိုကရက်တစ် တပ်မတော် (KDA) နှင့် ဒီမိုကရေစီသစ်တပ်မတော် (NDA-K) တို့က နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် သဘောတူခဲ့ကြပါသည်။ သို့သော် အဓိက အင်အားကြီး အဖွဲ့များ ဖြစ်သော ဝ တပ်မတော် (UWSA)၊ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)၊ ရှမ်းပြည်နယ် အရှေ့ပိုင်း (NDAA-ESS) နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း တပ်မတော် (SSA-N) တို့က ငြင်းဆန်ခဲ့ကြပါသည်။ ၎င်းတို့ စိုးရိမ်သော အချက်မှာ ၎င်းတို့၏ တပ်များ အစိုးရ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားပါက အစိုးရနှင့် နိုင်ငံရေးအရ ဆွေးနွေးမှုများ ပြုလုပ်ရာတွင် ၎င်းတို့၌ စစ်အင်အား မရှိတော့မည်ကို စိုးရိမ်ခြင်း ဖြစ်ပါသည်။
ပြီးခဲ့သည့် ဩဂုတ်လက အင်အား အသေးငယ်ဆုံး ဖြစ်သော ကိုးကန့်တို့ကို တိုက်ခိုက်ခြင်းအားဖြင့် တရုတ်တို့၏ စိတ်ဆိုးမှုကို ခံခဲ့ရသော်လည်း အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို အနည်းငယ် ကြောက်ရွံ့စေရန် ရည်ရွယ်ခဲ့ပုံ ရပါသည်။ ယခုအခါ ကိုးကန့်ဒေသတွင် ပုံမှန်အခြေအနေသို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်သော်လည်း ရှမ်းပြည်နယ် အချို့ဒေသများတွင် တင်းမာမှုများ ကျန်ရှိနေဆဲ ဖြစ်သည်။
နိုဝင်ဘာလက UWSA က အဆိုပြုရာတွင် ညှိနှိုင်းဆွေးနွေးရေးအတွက် ခွင့်ပြုရန် တောင်းဆိုခဲ့ပါသည်။ နိုဝင်ဘာလ ၁ဝ ရက်နေ့က စာတွင် UWSA က အစိုးရသို့ အဆိုပြုရာတွင် ၎င်းတို့၏ စစ်ဒေသ တိုင်းများတွင် မြန်မာ့တပ်မတော်မှ အရာရှိနှစ်ဦးအား ဒုတိယ တပ်မှူး (Deputy Commander) နှင့် ဒုတိယ ဦးစီးအရာရှိချုပ် (Deputy Chief-of-Staff) ရာထူးများ ခန့်ထားမည် ဖြစ်ကြောင်း၊ သို့သော် ၎င်းတို့၏ တပ်ဖွဲ့များကို UWSA ကပင် ထိန်းချုပ်ခွင့် ပြုစေလိုကြောင်း အဆိုပြုခဲ့သည်။ အဆိုပါအတိုင်း NDAA-ESS ကလည်း အစောပိုင်းက အဆိုပြုခဲ့ဖူးပါသည်။ KIA ၏ နိုင်ငံရေးဌာနဖြစ်သော ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) ကမူ ၂ဝ၁ဝ ရွေးကောက်ပွဲအရ တက်လာသော အစိုးရနှင့်သာ ညှိနှိုင်းလိုကြောင်း ပြောကြားခဲ့ပါသည်။ ယခုလ အစောပိုင်းက UWSA ခေါင်းဆောင် Bao Youxiang က ပြောကြားရာတွင် ဖြစ်ပျက်သမျှ အရာရာ အားလုံးသည် တပ်မတော် အစိုးရအပေါ်တွင်သာ မူတည်နေကြောင်း ပြောကြားခဲ့သည်။
မြန်မာအစိုးရ ဘာလုပ်မည်နည်း ဆိုသည်နှင့် ပတ်သက်၍ လေ့လာသူများကြားတွင် အမြင် အမျိုးမျိုး ကွဲပြားလျက် ရှိပါသည်။ အချို့ကမူ ဗိုလ်ချုပ်များသည် ဟန်ဆောင်နေခြင်း ဖြစ်သည်ဟု ယုံကြည်နေကြသည်။ ၎င်းတို့သည် တိုင်းရင်းသားများနှင့် စစ်ပွဲ ဖန်တီးခြင်းအားဖြင့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းလိမ့်မည်ဟု ယုံကြည်နေပါသည်။
ထို့အပြင် မြန်မာ၏ မဟာမိတ် တရုတ်၏ စိတ်ဆိုးမည့် အန္တရာယ်ကလည်း ခြိမ်းခြောက်လျက် ရှိပါသည်။ ပြီးခဲ့သည့် ဩဂုတ်လက ကိုးကန့်တို့ကို တိုက်ခိုက်ခဲ့ခြင်းကြောင့် တရုတ်တို့ကို ဂရုမစိုက်သလို ပြသလိုက်သော်လည်း ယခုနောက်ထပ် နယ်စပ်တွင် ဖြစ်ပွားလာမည့် စစ်ပွဲများသည် ကိုးကန့်အရေးထက် ပိုမို ကြီးမားသော အကျိုးဆက်များ ဖြစ်လာနိုင်ချေ ရှိသဖြင့် နောက်ထပ် စစ်ပွဲတစ်ခု ဖန်တီးရန် ဆန္ဒ ရှိမရှိ ရှင်းရှင်းလင်းလင်း မသိနိုင်သေးပေ။
ကိုးကန့်နှင့် ခဏတာ တိုက်ပွဲလေးကြောင့် တရုတ်နိုင်ငံသို့ စစ်ပြေး ဒုက္ခသည် ၃၇ဝဝဝ ခန့် ထွက်ပြေးသွားခဲ့ပြီး တရုတ်ကလည်း စိတ်ဆိုးမာန်ဆိုး တုံ့ပြန်ခဲ့ပါသည်။ အကယ်၍ အခြားလက်နက်ကိုင် တိုင်းရင်းသားများနှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပါက ထိုထက်ပိုသော ဒုက္ခသည်များ တရုတ်နိုင်ငံသို့ ထွက်ပြေးလာဖွယ်ရာ ရှိသည်။ ထို့ထက် စစ်ပွဲ၏ ရှည်လျားသော ကာလ သဘာဝကြောင့် အဆိုပါ ဒေသတွင် မတည်ငြိမ်မှုများ ဖြစ်ပေါ်လာပြီး တရုတ်နိုင်ငံတွင် စစ်ပြေး ဒုက္ခသည် ဦးရေ အများအပြား နေထိုင်လာကြမည် ဖြစ်သည်။
မြန်မာခေါင်းဆောင်များသည် ယခုလအတွင်း လာရောက်သော တရုတ် ကိုယ်စားလှယ် အဖွဲ့နှစ်ခုအား ၎င်းတို့၏ ကြောက်ရွံ့မှုများအား လျော့ပါးစေခဲ့ပါသည်။ တရုတ်နိုင်ငံ Chengdu စစ်ဒေသ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ စစ်ဦးစီး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး Ai Husheng သည် ဒီဇင်ဘာလ ၅ ရက်မှ ၁ဝ ရက်နေ့အထိ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့ပါသည်။ ၎င်းသည် မြန်မာနိုင်ငံတွင် UWSA နှင့် NDAA တို့မှ ထိန်းချုပ်ထားသော ဒေသများအနီးရှိ Kentung (ကျိုင်းတုံ) သို့ သွားရောက် လည်ပတ်ခဲ့ပြီး ကိုးကန့်စစ်ဆင်ရေးတွင် တာဝန်ယူခဲ့သူ စစ်ဆင်ရေး အထူးအဖွဲ့(၂) မှ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့ပါသည်။ တရုတ် ဒုတိယ သမ္မတ၏ ဒီဇင်ဘာလ ၁၉ ရက်နှင့် ၂ဝ ရက် ခရီးစဉ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နယ်စပ်ဒေသ တည်ငြိမ်ရေးကို အာမခံခဲ့ပါသည်။
အချို့လေ့လာသူများကမူ မကြာမီ တိုက်ပွဲ ဖြစ်လာလိမ့်မည်ဟု ယုံကြည်နေကြသည်။ ၎င်းတို့ ထောက်ပြသော အချက်မှာ အစိုးရသည် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို နောက်ဆုံးရက် အောက်တိုဘာမှ နှစ်လခန့် နောက်ဆုတ်၍ အချိန်ပေးထားပြီး ဖြစ်ရာ နောက်ထပ် အလျှော့ပေးခဲ့လျှင် အစိုးရ၏ အားနည်းချက်ကို ဖော်ပြရာ ရောက်မည် ဖြစ်၍ တိုက်ခိုက်လိမ့်မည်ဟု ယူဆနေခြင်း ဖြစ်ပါသည်။
မြန်မာစစ်တပ်သည် အားလုံးကို တပြိုက်နက် တိုက်ခိုက်မည့်အစား တစ်ကြိမ်လျှင် တစ်ဖွဲ့ကိုသာ တိုက်ခိုက်လိမ့်မည် ဖြစ်ကြောင်း ယူဆနေကြပါသည်။ ဇွန်လ ထောက်လှမ်းရေး သုံးသပ်ချက်များအရ နိုဝင်ဘာ ၁၂ ရက် အစီရင်ခံစာအရ ခန့်မှန်းရာတွင် KIA ကို ပထမဆုံး တိုက်ခိုက်လိမ့်မည်ဟု ဆိုပါသည်။ KIA သည် အင်အား အနည်းဆုံးဟု ယူဆ၍ တိုက်ခိုက်လိမ့်မည်ဟု ဆိုပါသည်။ အင်အားအကြီးဆုံး UWSA ကို တိုက်ခိုက်ရန် အတွက်မူ ၎င်း၏ မဟာမိတ် NDAA-ESS ပါ ပါဝင်လာလိမ့်မည် ဖြစ်သည်။ ထို့အပြင် UWSA သည် တရုတ်နှင့် ထိုင်းနယ်စပ်တစ်လျှောက် တပ်များ ရှိ၍ UWSA နှင့် တိုက်ပွဲများ ဖြစ်ပွားပါက ၎င်း၏ မဟာမိတ်များ၊ ငြိမ်းချမ်းရေး ယူမထားသော SSA-S တို့တွင်ပါ ပျံ့နှံ့သွားပြီး ရှမ်းပြည်နယ် ဗဟိုရော တောင်ပိုင်းတွင်ပါ ပဋိပက္ခများ ဖြစ်လာနိုင်ပါသည်။
အချို့ကမူ မြန်မာအစိုးရသည် လာမည့်နှစ် ရွေးကောက်ပွဲနှင့် စစ်ရေးအရ တိုက်ခိုက်မှုများကို ခွဲခြားပြီး တစ်ပြိုက်နက် ပြုလုပ်လိမ့်မည်ဟု ယူဆထားကြသည်။ ပြီးခဲ့သည့်နှစ်က နာဂစ်မုန်တိုင်း ဒဏ်ခံစားခဲ့ရသော်လည်း အခြေခံဥပဒေကို အတည်ပြုခဲ့သောကြောင့် ဖြစ်ပါသည်။
တိုက်ပွဲများအတွက် ပြင်ဆင်မှုများ ဖြစ်သော ဘန်ကာများတူးခြင်း၊ စစ်သားများ အသင့်ပြင်ခြင်းများ၊ ဖြည့်တင်းခြင်းများ ပြုလုပ်လျက် ရှိပါသည်။ UWSA နှင့် ဒီဇင်ဘာ ၁၉ ရက်နေ့က နောက်ဆုံးဆွေးနွေးပွဲ အပြီးတွင်လည်း ကြေညာချက်များ ထွက်ပေါ်လာခြင်း မရှိခဲ့ရာ ပြည်တွင်းစစ် တဖန် ဖြစ်ပွားရေးအတွက် ဖြစ်နိုင်ချေ များနေပြီဟု ဆိုရမည် ဖြစ်ပါသည်။
--Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.