Transparency Myanmar

transparency.myanmar@gmail.com

Mizzima, 31st December 2009

ထိုင်းအစိုးရ ကက်ဘိနက်သည် နိုင်ငံပိုင် အကြီးဆုံး စွမ်းအင် ကုမ္ပဏီ PTT ကို မြန်မာနိုင်ငံ Martaban ပင်လယ်ကွေ့ရှိ ဇောတိက ဓာတ်ငွေ့ စီမံကိန်းနှင့် ဓာတ်ငွေ့ဆိုင်ရာ သဘောတူညီချက် အသစ်ကို လက်မှတ် ရေးထိုးရန် ခွင့်ပြုလိုက်ပါသည်။

အမျိုးသား စွမ်းအင် မူဝါဒ ကော်မတီက တင်ပြလာသော ဓာတ်ငွေ့သဘောတူ စာချုပ်သစ် ဆိုင်ရာ အဆိုပြုချက်ကို ထိုင်း ကက်ဘိနက်က အတည်ပြုခဲ့သည်ဟု ထိုင်းအစိုးရ အိမ်တော်မှ ဒုတိယ ပြောရေးဆိုခွင့်ရှိသူ ဝါချရာ ကန်နီကာက အင်္ဂါနေ့တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

M9 လုပ်ကွက်မှ ဓာတ်ငွေ့သိုက်သည် တစ်ရက်လျှင် ဓာတ်ငွေ့ ကုဗပေ သန်း ၂၄ဝ ကို ထိုင်းနိုင်ငံသို့ ရောင်းချမည် ဖြစ်မည် ဖြစ်ပြီး ကုဗပေ သန်း ၆ဝ ကို မြန်မာနိုင်ငံတွင် အတည်ပြုမည် ဖြစ်သည်။ ဓာတ်ငွေ့ဈေးနှုန်းမှာ ရတနာနှင့် ရဲတံခွန် ဓာတ်ငွေ့ စီမံကိန်းမှ ဓာတ်ငွေ့နှင့် အတူတူ ဖြစ်မည်ဟု Thai News Agency ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော အစီရင်ခံစာကို ကိုးကား၍ ၎င်းက ပြောကြားပါသည်။

ထိုင်း စွမ်းအင် ဝန်ကြီး ဝါနာရတ် ချန်ဒူကူးက ၎င်း ဦးဆောင် ကျင်းပခဲ့သော အမျိုးသား စွမ်းအင် မူဝါဒ ကော်မတီ၏ အစည်းအဝေးအပြီး တနင်္လာနေ့တွင် ၅ နှစ်တာ ဝယ်ယူမည့် အစီအစဉ်ကို ထောက်ခံခဲ့ကြောင်း ပြောကြားပါသည်။ ဝယ်လိုအားသည် ၂ဝ၁၅ တွင် တစ်ရက်လျှင် ကုဗပေ ၅.၁၄၂ ဘီလျံသို့ မြင့်တက်လာလိမ့်မည်ဟု မျှော်လင့်ထားပါသည်။

ဓာတ်ငွေ့သဘောတူ စာချုပ်သည် အမေရိကန် ဒေါ်လာ ၁ ဘီလျံကျော် တန်ဖိုး ရှိ၍ နောက်ထပ် ၂၅ နှစ်မှ အနှစ် ၃ဝ ခန့်ထိ ဝယ်ယူသွားမည် ဟု ဆိုပါသည်။ အဆိုပါ စီမံကိန်းမှ ဓာတ်ငွေ့ပို့လွှတ်မှုကို ၂ဝ၁၃ တွင် စတင်နိုင်လိမ့်မည်ဟု ဝါနာရတ်က ပြောကြားပါသည်။

လက်မှတ်ရေးထိုးမည့် ရက်ကိုမူ ယခုတိုင် ထုတ်ဖော် ပြောကြားခြင်း မရှိသေးပါ။

၂ဝဝ၇ စွမ်းအင် ဖွံ့ဖြိုးရေး အစီအစဉ် ဒုတိယအကြိမ် ပြန်လည် ပြင်ဆင်မှုအရ အထက်ပါ ဓာတ်ငွေ့ တင်သွင်းမည့် အစီအစဉ်မှ လျှပ်စစ်ဓာတ်အား ၆၈၉ဝ မဂ္ဂါဝပ် ဖြည့်ဆည်းပေးမည် ဖြစ်သည်။

သဘာဝ ဓာတ်ငွေ့ ဝယ်လိုအားသည် တစ်နှစ်လျှင် ၆ ရာခိုင်နှုန်း ကြီးထွားလာမည် ဖြစ်ပြီး ဓာတ်အားပေး စက်ရုံများအတွက် နှစ်စဉ် လိုအပ်ချက်မှာ ၃.၃ ရာခိုင်နှုန်း မြင့်တက်လာကာ စက်မှုကဏ္ဍတွင် ၁၁ ရာခိုင်နှုန်းနှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍတွင် ၂၃ ရာခိုင်နှုန်း အသီးသီး မြင့်တက်လာလိမ့်မည်ဟု ထိုင်း အာဏာပိုင်များက မှန်းဆထားပါသည်။

ထို့အပြင် ထိုင်း လျှပ်စစ်စွမ်းအား ထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့ (Egat) နှင့် လာအိုနိုင်ငံတို့အကြား စွမ်းအင် သဘောတူစာချုပ် တစ်ခုကို လက်မှတ်ရေးထိုးဦးမည် ဖြစ်ပြီး လာအိုနိုင်ငံအတွင်းမှ လျှပ်စစ်ဓာတ်အား ၄၄ဝ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့် နမ်နွန်း ၃ လျှပ်စစ် ဓာတ်အားပေး စက်ရုံမှ ထွက်ရှိသာ လျှပ်စစ်ဓာတ်အားများကို ဝယ်ယူရန် ရည်ရွယ်ထားခြင်း ဖြစ်၍ အဆိုပါ လုပ်ငန်းဆောင်ရွက်မှုများကို ၂ဝ၁၇ တွင် စတင်နိုင်မည် ဖြစ်ပါသည်။

လျှပ်စစ်ဓာတ်အား တစ်ယူနစ်လျှင် ၂.၆၅ ဘတ် ကောက်ခံရန် ရည်ရွယ်ထားသော်လည်း လျှပ်စစ်စွမ်းအား အာဏာပိုင် အဖွဲ့ Egat အနေဖြင့် ရင်းနှီးမြှုပ်နှံသူ အားလုံးနှင့် ထပ်မံဆွေးနွေး ညှိနှိုင်းရဦးမည်ဟု ဝါနာရတ်က ဆိုပါသည်။

သို့ရာတွင် ပိုမို ခန့်မှန်း တွက်ချက်ထားခြင်း ဖြစ်ဖွယ်ရှိသော စွမ်းအင် အစီအစဉ်ကို ပြန်လည်သုံးသပ် ပြင်ဆင်ရန် ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက ထိုင်းအစိုးရထံ စက်တင်ဘာလအတွင်းက မေတ္တာရပ်ခံထားပြီး အဆိုပါ စွမ်းအင် အစီအစဉ်များကြောင့် အိမ်နီးချင်းနိုင်ငံများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ပွားစေလိမ့်မည်ဟု ၎င်းတို့က ပြောကြားပါသည်။

မြန်မာနှင့် လာအိုတို့ ပါဝင်သော ထိုင်းအစိုးရ၏ လက်ရှိ အစီအစဉ်သည် ထိုင်းနိုင်ငံ စွမ်းအင် လိုအပ်မှုအတွက် မရှိမဖြစ် လိုအပ်သော အစီအစဉ်မဟုတ်ဟု ပြောကြားခဲ့သူမှာ Foundation for Ecological Recovery လက်အောက်ရှိ Towards Ecological Recovery and Regional Alliance (TERRA) စီမံကိန်းမှ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား Montree Chantawong ဖြစ်ပါသည်။

ထိုင်းနိုင်ငံသည် ရွေးချယ်စရာ စွမ်းအင် ရင်းမြစ်များကို အကောင်အထည် ဖော်နိုင်စွမ်း ရှိကြောင်း သုတေသန ပြုမှုများစွာအရ သိရှိထားပါသည်။ ထို့အပြင် အရံ လျှပ်စစ် ဓာတ်အားများစွာ ရှိနေသေးသည့်အတွက် မြန်မာနိုင်ငံအတွင်းရှိ တစိုင်နှင့် ဟတ်ကြီး ရေလှောင်တမံများမှ ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားကို ဝယ်ယူရန် မလိုအပ်ပါဟု ၎င်းက ပြောကြားခဲ့ပါသည်။

Martaban ပင်လယ်ကွေ့ရှိ M9 လုပ်ကွက်တွင် ဓာတ်ငွေ့ရှာဖွေရန် မြန်မာအစိုးရနှင့် ထိုင်း PTT တို့ သဘောတူ စာချုပ် လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ၂ဝဝ၇ မှစ၍ ထိုင်း-မြန်မာ ဓာတ်ငွေ့သဘောတူညီမှုကို ပြန်လည် သုံးသပ်ပြင်ဆင်ရန် ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူများက တိုက်တွန်းခဲ့ပါသည်။

မြန်မာ တပ်မတော် အစိုးရကို အထောက်အပံ့ ဖြစ်စေသော စီးပွားရေး သဘောတူ စာချုပ်များနှင့် ပတ်သက်၍ လူ့အခွင့်အရေး လှုပ်ရှားသူ အဖွဲ့အစည်းများက စိုးရိမ်ပူပန်လျက် ရှိနေပါသည်။

မည်သို့ပင်ဖြစ်စေ ထိုင်းအစိုးရက ၎င်းတို့၏ အမျိုးသား စွမ်းအင် ဖူလုံရေးအတွက် အမှန်တကယ် လိုအပ်ခြင်း ဖြစ်သည်ဟု အခိုင်အမာ ပြောကြား ကာကွယ်လျက် ရှိပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment