Transparency Myanmar

transparency.myanmar@gmail.com

DVB News, 12th January 2010

          မြန်မာနိုင်ငံ၏ အဓိက အတိုက်အခံ နိုင်ငံရေး ပါတီ NLD သည် ဗဟို ကော်မတီကို လတ်တလော တိုးချဲ့ ဖွဲ့စည်းရာတွင် ဒီမိုကရေစီ နည်းကျ ဆုံးဖြတ် ဆောင်ရွက်ခဲ့ခြင်း မရှိ ဟု ပါတီဝင်များက ပြောကြားခဲ့ပါသည်။

          အဖွဲ့ဝင် ကိုးဦး ထပ်မံ ထည့်သွင်း ဖွဲ့စည်းလိုက်သော NLD ဗဟို အလုပ်အမှုဆောင် ကော်မတီ (CEC) သည် ယခုအခါ ကော်မတီဝင် ၂၀ ဦး ရှိသွားပြီ ဖြစ်သည်။ အထိန်းသိမ်းခံ ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပါတီကို သွေးသစ် လောင်းရန် တောင်းဆိုခဲ့ပြီးနောက် ယခုကဲ့သို့ တိုးချဲ့ ဖွဲ့စည်းလိုက်ခြင်း ဖြစ်သည်။

          သို့သော်လည်း လက်ထောက် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ၁၄ ဦးထဲမှ ရွေးချယ်ရန် ဝါရင့် အမှုဆောင် ကော်မတီဝင်များက ဆုံးဖြတ်ခဲ့ခြင်းကို NLD အောက်ခြေပိုင်း အဖွဲ့ဝင်များက ဝေဖန် ပြစ်တင်ခဲ့ကြပါသည်။

          ယခုကဲ့သို့ CEC တိုးချဲ့ ဖွဲ့စည်းခြင်းကို ဒေသဆိုင်ရာ ပါတီ အဖွဲ့ဝင်များအား တိုင်ပင် ညှိနှိုင်းခြင်း မရှိခဲ့ဟု မန္တလေးတိုင်း မိတ္တီလာမြို့နယ် NLD ဥက္ကဋ္ဌ ဒေါ်မြင့်မြင့်အေး၏ ပြောကြားမှုအရ သိရပါသည်။

          မိမိတို့ထံမှ သဘောထား တောင်းသင့်ပါသည်။ NLD သည် ဒီမိုကရေစီပါတီ ဖြစ်သည်နှင့်အညီ အရာရာကို ဒီမိုကရေစီ နည်းလမ်းတကျသာ လုပ်ဆောင်စေလိုသည်ဟု သူမက ပြောကြားခဲ့သည်။

          ပါတီ အောက်ခြေ အဖွဲ့အစည်းရဲ့ သဘောထားကို လုံးဝ လျစ်လျှူရှုလိုက်တာပဲ ဟု ယခင် NLD အဖွဲ့ဝင် ဦးအေးကိုက ပြောကြားလိုက်သည်။ အကယ်၍ တိုင်းနှင့် ပြည်နယ် NLD အဖွဲ့ အစည်းများက ရွေးချယ်ပေးသော ဆန်ကာတင် စာရင်းမှ CEC က ရွေးချယ်ခဲ့သည် ဆိုပါက ထိုအစီအစဉ်ကို လက်ခံ နိုင်ပါလိမ့်မည်ဟုလည်း ၎င်းက ဆိုပါသည်။

          မန္တလေး NLD စည်းရုံးရေး အဖွဲ့ဝင် ဦးမျိုးနိုင်က CEC နှင့် တိုင်းနှင့် ပြည်နယ် အဆင့် အဖွဲ့ဝင်များကြား ပိုမို ဆက်သွယ် ဆောင်ရွက်ရန် ကြိုးစားရမည်ဟု ပြောကြားခဲ့ပြီး NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးခင်မောင်ဆွေကလည်း မည်သို့ပင် ဖြစ်စေ ယခု တိုးချဲ့လိုက်သော ၁၄ ဦးတွင် တိုင်းနှင့်ပြည်နယ် အဆင့် အတွင်းရေးမှူးများ ပါဝင်သည်ဟု ပြောဆိုပါသည်။

          ၁၉၈၈ ခုနှစ် ပါတီ ဖွဲ့စည်း တည်ထောင်ချိန်မှ စ၍ ပထမဆုံး CEC တရားဝင် တိုးချဲ့ ဖွဲ့စည်းခြင်းကို NLD က လာမည့် အပတ်တွင် ထုတ်ပြန် ကြေညာရန် စီစဉ်နေပါသည်။

          တရားဝင် ထုတ်ပြန် ကြေညာခြင်း မပြုမီ CEC တိုးချဲ့ ဖွဲ့စည်းခြင်းကို စိုးရိမ် ပူပန်နေသည့် အစိုးရ အာဏာပိုင်များထံ အရင်ဆုံး အကြောင်းကြားမည်ဟု NLD ပြောရေးဆိုခွင့် ရှိသူ ဦးခင်မောင်ဆွေက ဆိုပါသည်။

          ယခင်နှစ် ဒီဇင်ဘာလက ဒေါ်အောင်ဆန်းစုကြည်က အရွယ်လွန် CEC အဖွဲ့ဝင် ၃ ဦးနှင့် တွေ့ဆုံအပြီး ပါတီကို သွေးသစ် လောင်းရန် ကြေညာခဲ့ခြင်း ဖြစ်သည်။ လက်ရှိ CEC တွင် အငယ်ဆုံး ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်မှာ အသက် ၆၄ နှစ်ရှိပြီ ဖြစ်ပြီး ကျန် အဖွဲ့ဝင် ၉ ဦးမှာ အသက် ၈၀ ကျော်၊ ၉၀ ကျော်များ ဖြစ်၍ အများစုမှာ ကျန်းမာရေး မကောင်းတော့ဟု သိရပါသည်။

0 comments:

Post a Comment