Transparency Myanmar

transparency.myanmar@gmail.com

 

'ဝ' တပ်မတော်အား မြန်မာ နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် ပြောင်းလဲရေး အတွက် မြန်မာ စစ်တပ်မှ ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် နောက်ထပ် တစ်ကြိမ်ပြုလုပ်မည့် ဆွေးနွေးပွဲကို ညီညွတ်သော 'ဝ' နိုင်ငံပါတီ (UWSP) ဥက္ကဋ္ဌ Bao Yu Xiang က ပယ်ဖျက်လိုက်ကြောင်း သတင်းရရှိပါသည်။ 

မြန်မာစစ်တပ်မှ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်က ယခုလ အစောပိုင်းတွင် UWSP မှ ခေါင်းဆောင်နှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန် တယ်လီဖုန်းမှ တစ်ဆင့် ဆက်သွယ်တောင်းဆို ခဲ့ကြောင်း UWSP ၏ လက်နက်ကိုင်တပ်ဖွဲ့က မဇ္ဈိမသတင်းဌာနသို့ ပြောကြားပါသည်။ 

"ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်က ကျွန်တော်တို့နဲ့ တွေ့ဆုံ ဆွေးနွေးချင်တယ်လို့ ကျွန်တော်တို့အဖွဲ့ကို ဖုန်းဆက် ပြောပါတယ်။ ဘယ်လိုပဲ ဖြစ်ပါစေ ကျွန်တော်တို့ သူနဲ့တွေ့ဆုံပြီး စကားပြောရမှာပါ။ ဒါပေမဲ့ ခက်တာက ကျွန်တော်တို့ရဲ့ ဥက္ကဋ္ဌ က ကျန်းမာရေးအခြေအနေအရ သူနဲ့အချိန်ကြာကြာထိုင်ပြီး စကားပြောနိုင်မှာ မဟုတ်ပါဘူး။ သူ့အနေနဲ့ ခဏတာလေးပဲ စကားပြောနိုင်မှာပါ" ဟု UWSP မှ အမည်မဖော်လိုသူ ဗိုလ်မှူးတစ်ဦးကပြောပြပါသည်။

မိမိတို့အနေဖြင့် မည်သည့်နေ့၊ မည်သည့် အချိန်အခါတွင် စစ်အစိုးရ၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံသည်ဖြစ်စေ အချက် ၉ ချက်ပါသော အဆိုပြုချက်ကိုသာ အဆိုပြု တင်သွင်းမည်သာ ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောဆိုသည်။ အဆိုပါ အဆိုပြုချက်ကို UWSP ကပြီးခဲ့သည့် နှစ် နိုဝင်ဘာလတွင် စစ်အစိုးရထံသို့ ပေးပို့ခဲ့ ပြီးဖြစ်သည်။

ယခု ဇန်နဝါရီလ ၅ ရက်နေ့တွင် ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်က UWSP ဆက်ဆံရေးနှင့် ပြန်ကြားရေး အရာရှိမှ တစ်ဆင့် ပါတီဥက္ကဋ္ဌနှင့် တွေ့ဆုံလိုသည်ဟု ဆက်သွယ် ပြောဆိုခဲ့ကြောင်း၊ သို့သော် ဥက္ကဌက တစ်ဦးချင်း တွေ့ဆုံရန် ဆန္ဒမရှိဟု ပြန်လည်တုံ့ပြန်ခဲ့ကြောင်း Shan Herald Agency ၏ သတင်းအယ်ဒီတာ ဦးစိန်ကြည်က ၏ပြောပြချက်အရသိရှိရပါသည်။ 

"စစ်အစိုးရရဲ့ ကိုယ်စားလှယ်တွေ အနေနဲ့ ပါတီဌာနချုပ်ကို အချိန်မရွေး ဝင်ရောက် နိုင်ပါတယ်လို့ 'ဝ' ပါတီက တုံ့ပြန်လိုက်တယ်။ ဒါပေမဲ့ ပါတီဥက္ကဋ္ဌ ကတော့ နှစ်ယောက်တည်း တွေ့ဆုံဆွေးနွေးမှု မပြုလုပ်လိုတဲ့ အကြောင်း တုံ့ပြန်လိုက်တယ်လို့ သိရပါတယ်။ ဥက္ကဋ္ဌကိုယ်တိုင်က ဘယ်မှ မသွားနိုင်တဲ့အ တွက် သူကိုယ်တိုင် အကြောင်းပြန်လိုက်တာပါ" ဟု ဦးစိန်ကြည်က ပြောပြသည်။ 

စစ်အစိုးရနှင့် UWSP ကိုယ်စားလှယ်များသည် ပြီးခဲ့သည့် နိုဝင်ဘာလက နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့ကြသည်။ နယ်ခြားဒေသစောင့် တပ်ဖွဲ့အဖြစ် ပြောင်းလဲရန် နောက်ဆုံးအချိန်အဖြစ် သတ်မှတ်ထားသည့် ကာလမှာလည်း ၂၀၀၉ နှစ်ကုန်တွင် ကုန်ဆုံးသွားပြီဖြစ်ပါသည်။ 

ဦးစိန်ကြည်၏ အဆိုအရ ဥက္ကဋ္ဌ Bao Yu Xing သည် မြန်မာနှင့် တရုတ်နယ်စပ် ဒေသတွင် နေ့စဉ် နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် Wa State TV မှတစ်ဆင့် မိန့်ခွန်းပြောလေ့ရှိကြောင်း၊ မကြာသေးခင်က ပြောခဲ့သော မိန့်ခွန်းတွင် UWSA အနေဖြင့် မြန်မာစစ်အစိုးရ၏ မည်သို့သော ကျူးကျော် တိုက်ခိုက်မှုများကိုမဆို ပြန်လည်ခုခံ တိုက်ခိုက်ရန် အသင့်အနေအထားတွင် ရှိနေပြီဖြစ်သည်ဟု ထည့်သွင်းခဲ့ကြောင်း သိရှိရပါသည်။ 

မြန်မာစစ်အစိုးရသည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ ဧပြီလမှစ၍ လက်နက်ကိုင် တပ်ဖွဲ့များ အားလုံးကို နယ်စပ် ဒေသစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းရန် တောင်းဆိုခဲ့သည်။ 

USWA သည် ဗမာပြည် ကွန်မြူနစ်ပါတီ(CPB)မှ ၁၉၈၉ ခုနှစ်တွင်ခွဲထွက်ခဲ့ပြီး ထိုနှစ်တွင်ပင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရယူနိုင်ခဲ့ပါသည်။ 

Mizzima သတင်းဌာန၏ BFG talks on hold, junta and Wa at impasse ကိုဘာသာပြန်ဆိုပါသည်

0 comments:

Post a Comment