Transparency Myanmar

transparency.myanmar@gmail.com

          တရုတ် အစိုးရက တရားဝင် ထုတ်ပြန်သော စာရင်းဇယားများအရ တရုတ်နိုင်ငံတွင်း အိမ်ယာမြေ ဈေးနှုန်းများမှာ ၁၈ လအတွင်း လျင်မြန်စွာ မြင့်တက်လာကြောင်း သိရသည်။

          လွန်ခဲ့သည့် တစ်နှစ်ကျော်ခန့်က တရုတ်ပြည် အိမ်ရာမြေ ဈေးနှုန်းများသည် နှစ်စဉ် ၅ ဒဿမ ၇ ရာခိုင်နှုန်း မြင့်တက်နေကျ အနေအထားမှ ၇ ဒဿမ ၈ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်ကို တွေ့ရကြောင်း၊ သို့အတွက်ကြောင့် အက်ဆက် တန်ဖိုးများ ဖောင်းပွမှုမျိုး ထွက်ပေါ်မည့် အနေအထားများကို စိုးရိမ်ဖွယ် တွေ့ရကြောင်း တရုတ်အစိုးရက ဆိုသည်။

          ယင်းသို့ အိမ်ရာမြေ ဈေးနှုန်းများ အလျင်အမြန် မြင့်တက်လာသည့် ကိစ္စနှင့် ပတ်သက်၍ စိုးရိမ် ပူပန်ရကြောင်း တရုတ် အာဏာပိုင်များက ထုတ်ဖော် ပြောဆိုသည်။

          ဇန်နဝါရီလ ၁၂ ရက်နေ့တွင် တရုတ် ဗဟိုဘဏ်က အိမ်ခြံမြေ ဈေးနှုန်းများ ကျဆင်းရန်နှင့် အိမ်ခြံမြေတွင် ရင်းနှီး မြှုနှံမှုများ လျှော့ချရန် အလို့ငှာ ငွေချေးမှုများကို ကန့်သတ် ထိန်းချုပ်မည်ဟု ကြေညာချက် ထုတ်ပြန်သည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်က တရုတ် ဘဏ်များက စီးပွားရေး တိုးတက်မှုကို မြှင့်တင်ရန် အမေရိကန် ဒေါ်လာ ၁ ဒဿမ ၅ ထရီလီယံ ထုတ်ချေးခဲ့သည်။ အိမ်ခြံမြေ ဈေးကွက်တွင် ရင်းနှီး မြှုပ်နှံမှု အတွက် အစိုးရက ငွေပမာဏများစွာ ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။

အိမ်ယာမြေ ဈေးနှုန်းများ သတ်မှတ်ရေးတွင် ထိပ်တန်း အေဂျင်စီတစ်ခု ဖြစ်သော Fitch Ratings က လည်း ယခု အနေအထားအပေါ် စိုးရိမ်မိကြောင်း သဘောထား ထုတ်ပြန်ပြီး ပမာဏ များစွာ ငွေထုတ်ချေးခြင်းကြောင့် ဘဏ်လုပ်ငန်း အခန်းကဏ္ဍ အပါအဝင် အိမ်ယာမြေ ဈေးကွက်ကိုလည်း ထိခိုက်နိုင်သည်ဟု သတိပေးလိုက်သည် ။

"Fitch အနေဖြင့် ငွေထုတ်ချေး ခြင်းကြောင့် နောက်ဆုံး၌ ဘဏ်များ ဆိုးရွားစွာ ထိခိုက်မည့် အရေးအတွက် လွန်စွာ စိုးရိမ်မိပါသည်" ဟု အဆိုပါ အေဂျင်စီက ကြေညာချက် ထုတ်ပြန်သည်။

"အထူးသဖြင့် အိမ်ရာမြေ အခန်းကဏ္ဍမှာ ပမာဏ မြောက်မြားစွာ ရင်းနှီး မြှုပ်နှံခြင်းကြောင့် အက်ဆက် ဈေးနှုန်းများ ဟန်ချက် မညီဘဲ ကမောက်ကမ ဖြစ်ပေါ်နိုင်သည်" ဟု ဆိုသည်။

တရုတ်အစိုးရက ဘဏ်များ အနေဖြင့် ငွေအရင်းအနှီး အမြောက်အမြားကို လက်ဝယ် စုဆောင်းထားပြီး ငွေထုတ်ချေးခြင်းကို ထိန်းချုပ်ရန် သတိပေးထားသည်။ ထို့အတူ တရုတ် မြို့ပြ အာဏာပိုင်များ အနေဖြင့် အိမ်ရာမြေ ဖွံ့ဖြိုးမှု မြှင့်တင်ရေးနှင့် စရိတ်စက နည်းပါးသော အိမ်ရာများ ဆောက်လုပ်ရန်လည်း ညွှန်ကြားထားသည်ဟု သိရသည်။

 BBC သတင်းဌာန၏ China property prices accelerate ကို ဘာသာပြန်ဆိုပါသည်။

0 comments:

Post a Comment