Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံ ဒီမိုကရေစီ ပြောင်းလဲရေးနှင့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ အမြန်ဆုံး လွတ်မြောက်ရေးအတွက် မြန်မာစစ်အစိုးရ အပေါ် မည်သို့ မည်ပုံ ဖိအား ပေးရမည် ဟူသော ကိစ္စနှင့် ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ရိုဒန် ကလင်တန်နှင့် ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ကတ်ဆူရာ အိုကာဒါတို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိပါသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့ ဟိုနိုလူလူ၌ ကျင်းပ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲနှင့် ပတ်သက်၍ အသေးစိတ် ထုတ်ပြန်ခြင်း မရှိခဲ့ပေ။

အဆိုပါ ဆွေးနွေးမှု မပြုလုပ်မီ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက "မြန်မာနိုင်ငံ ကိစ္စအပေါ် အကျယ်တဝင့် ဆွေးနွေးမယ်လို့ ထင်ပါတယ်။ မူဝါဒတွေ ပြောင်းလဲ ကျင့်သုံးလာဖို့ အတိုက်အခံတွေကို လက်ခံဖို့ နဲ့ ဒီမိုကရေစီ လူ့အဖွဲ့အစည်း တစ်ရပ် တည်ဆောက်ခွင့် ပြုလာဖို့ မြန်မာစစ် အစိုးရကို ဘယ်လိုမျိုး အားပေးအားမြှောက် ပြုလုပ်ရမယ် ဆိုတာတွေကို ဆွေးနွေးကြမယ် လို့ ထင်ပါတယ်" ဟု ပြောဆိုပါသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သော ကြေညာချက် တစ်ရပ်မှာ သမ္မတ အိုဘားမား၏ အာရှ ပစိဖိတ် ဒေသဆိုင်ရာ မူဝါဒကို ပြန်လည် ကောက်ယူထားခြင်း ဖြစ်သည်။

"အိုဘားမား အုပ်ချုပ်ရေး အဖွဲ့ဟာ မြန်မာနိုင်ငံနဲ့ လက်တွေ့ကျကျ စေ့စပ် ညှိနှိုင်း သွားမယ်လို့ သဘောထား ထုတ်ပြန်ထားပါတယ်။ စေ့စပ်ညှိနှိုင်းတဲ့ နေရာမှာ အစိုးရနဲ့ သာမက နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ အတိုက်အခံတွေ စတဲ့ Stakeholder တွေ အားလုံး ပါဝင်ပါတယ်။

မြန်မာ နိုင်ငံအနေနဲ့ တည်ငြိမ် အေးချမ်းမှု၊ ချမ်းသာကြွယ်ဝမှု၊ ညီညွတ်မှု စတာတွေကို အကောင်အထည် ဖော်နိုင်ပြီး နိုင်ငံသားတွေရဲ့ အခွင့်အရေးကို အလေးအနက် ထားတဲ့ နိုင်ငံတစ်ခု ဖြစ်လာဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ အခုဆိုရင် ဟီလာရီ ကလင်တန်ဟာ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာ အပါအဝင် အာဆီယံက မိတ်ဆွေတွေနဲ့ အနီးကပ် ပူးပေါင်း ဆောင်ရွက်နေပါတယ်" ဟု ပြောရေးဆိုခွင့် ရှိသူက ပြောသည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင် အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ကတ်ကမ်းဘဲလ် သည် နေပြည်တော်တွင် စစ်အစိုးရမှ ဗိုလ်ချုပ်များနှင့် လည်းကောင်း၊ ရန်ကုန်မြို့တွင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းကောင်း တွေ့ဆုံခဲ့သည်။ အဆိုပါ တွေ့ဆုံမှုသည် အမေရိကန်နှင့် မြန်မာအကြား လက်တွေ့ကျကျ စေ့စပ် ညှိနှိုင်းရေးအတွက် အရေးပါသော အဆင့်တစ်ခု ဖြစ်ခဲ့သည်။

Irrawaddy သတင်းဌာန၏ Clinton, Okada Discuss Burma ကို ဘာသာပြန်ဆိုပါသည်။

0 comments:

Post a Comment