Transparency Myanmar

transparency.myanmar@gmail.com

မြန်မာအစိုးရ၏ စာပေစိစစ်ရေး ဆိုင်ရာ ဆင်ဆာ အဖွဲ့က ပြည်တွင်း၌ လက်ရှိ ထုတ်ဝေနေသော ဂျာနယ် စာစောင်များတွင် လတ်တလော အနေဖြင့် အစိုးရ ကောင်းကြောင်း ထောက်ခံသည့် စာမူများ ထည့်သွင်း ထုတ်ဝေရန် စည်းကမ်းဖြင့် ကြပ်မတ်သည့် အမိန့် ထုတ်ပြန် ထားကြောင်း ရန်ကုန်မြို့မှ အယ်ဒီတာ အချို့၏ ပြောကြားချက်အရ သိရသည်။

စာပေဆင်ဆာဘုတ်အဖွဲ့က ဂျာနယ် စာစောင်များတွင် ဆောင်းပါး နှစ်ပုဒ်ကို မပါမဖြစ် ထည့်သွင်းရန် ညွှန်ကြားထားသည်။ တစ်ပုဒ်မှာ ဂျော်ဒန်စက်ရုံ တစ်ရုံတွင် ဖြစ်ပွားခဲ့သော မြန်မာ လုပ်သားများ၏ ကိစ္စကို အစ္စရေးနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီးက ကြားဝင် ဖြေရှင်းလိုက်ရသည့် သတင်းဆောင်းပါး ဖြစ်ပြီး အခြား တစ်ပုဒ်မှာ ပဲခူးတိုင်း သဲကုန်းမြို့နယ်၊ အင်းမကျေးရွာ အခြေစိုက် ခြေမြန်တပ်မ-၆၆ အတွင်း ဖြစ်ပျက်မှုနှင့် ပတ်သက်၍ BBC မြန်မာပိုင်း အစီအစဉ်မှ ထုတ်လွှင့်မှုများ မဟုတ်မမှန်ကြောင်း ပြန်လည် ငြင်းဆိုသည့် သတင်းဆောင်းပါး ဖြစ်ပါသည်။

"စာပေ စိစစ်ရေး ဆင်ဆာအဖွဲ့က သူတို့ ရွေးပေးတဲ့ သတင်းနဲ့ ဆောင်းပါး တစ်ပုဒ်ကို ထည့်ရမယ်လို့ အမိန့် ပေးပါတယ်။ လောလောဆယ် အမြန်ဆုံး ထည့်ရမယ့် ဆောင်းပါးကတော့ BBC သတင်းဆောင်းပါးကို ပြန်လည် ချေပတဲ့ ဆောင်းပါးပါ"ဟု ရန်ကုန်မြို့ အခြေစိုက် ဂျာနယ်အယ်ဒီတာ တစ်ဦးက ပြောဆိုသည်။

သတင်း ဆောင်းပါး၏ ခေါင်းစဉ်ကို 'ခလောက်ဆန် အကောက်ကြံ လေလှိုင်းသံများ နားမယောင် လေနဲ့ သတိထား' ဟု ပေးရန် ညွှန်ကြားထားကြောင်း ၎င်းက ပြောပါသည်။

အတိုက်အခံ အုပ်စုများနှင့် ပတ်သက်၍ မမှန်မကန် စွပ်စွဲထားသော ဆောင်းပါးများကိုလည်း စစ်တပ်အတွင်း ထောက်ခံမှု ကင်းမဲ့အောင်၊ သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်အောင် ပျိုးထောင် ဆောင်ရွက်လျက် ရှိသည်။ မူလက ဂျော်ဒန် နိုင်ငံတွင် ဖြစ်ပွားခဲ့သော မြန်မာလုပ်သားများ ပြဿနာနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ပြည်တွင်းထုတ် ဂျာနယ်များတွင် ထည့်သွင်းခြင်း မပြုရန် တားမြစ်ခဲ့သော်လည်း ယခုအခါ အဆိုပါ ကိစ္စသည် ပြောင်းပြန်ဖြစ်ကာ ပြဿနာရပ်ကို ဖြေရှင်းပြီး ဖြစ်သည့် အသွင် ရေးသားထားသည့် သတင်းဆောင်းပါးကို ထည့်သွင်း ဖော်ပြခိုင်းခြင်း ဖြစ်သည်။

ဂျော်ဒန်နိုင်ငံ၊ Ar Ramtha မြို့ရှိ  Century Miracle Ltd တွင် ဘင်္ဂလားဒေ့ရှ် အလုပ်သမား တစ်ဦးက မြန်မာ အမျိုးသမီး တစ်ဦးအား ကိုယ်ထိလက်ရောက် စော်ကားမှုနှင့် ရန်ပွဲ ဖြစ်ပွားသည့် ကိစ္စတွင် မြန်မာအမျိုးသမီး ၂၀ ဦး ဒဏ်ရာရသည့် သတင်းကို စာပေ စိစစ်ရေး ဆင်ဆာ ဘုတ်အဖွဲ့က တားမြစ်ခဲ့သည်။

အဆိုပါ ပြဿနာ ပြီးဆုံးပြီးနောက် မြန်မာလုပ်သားများသည် အလုပ်ခွင်သို့ မသွားတော့ဘဲ မိမိတို့၏ လုံခြုံရေးနှင့် အသက် အာမခံ ထားရှိရေးအတွက် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။ ဆန္ဒပြမှုကို ၉ ရက်တိုင်အောင် ပြုလုပ်ခဲ့ပြီးနောက်မှ အစ္စရေး နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ဝင်ရောက် ဖြေရှင်းပေးခဲ့ကာ ကြေအေး ခဲ့ကြရသည်။

အဆိုပါ အဖြစ်အပျက်ကို ပြည်တွင်း ဂျာနယ်အချို့က ထည့်သွင်းဖော်ပြရန် ကြိုးစားခဲ့သော်လည်း စာပေ စိစစ်ရေးအဖွဲ့က ခွင့်မပြုခဲ့ပေ။ အဆိုပါ စာပေ စိစစ်ရေးအဖွဲ့သည် မြန်မာနိုင်ငံတွင်း ထွက်ရှိသမျှ စာစောင် ဂျာနယ်များအား စိစစ်ကာ ထိန်းချုပ်ထားသည်။ စစ်အစိုးရအား ထောက်ခံ အားပေးသည့် သတင်း၊ ဆောင်းပါးများနှင့် အတိုက်အခံများအား တိုက်ခိုက်သည့် ဆောင်းပါးများကိုသာ ရေးသား ထုတ်ဝေရန် ဖိအားပေးလေ့ ရှိသည်။ စစ်အစိုးရအား ထိပါးစေမည့် သတင်းနှင့် ဆောင်းပါးများကိုမူ လုံးဝ ခွင့်ပြုခြင်း မပြုပေ။

ယခုလက်ရှိ စာပေစိစစ်ရေး ဆင်ဆာဘုတ် အဖွဲ့၏ ဒါရိုက်တာမှာ အငြိမ်းစား ဗိုလ်မှူး၊ ဦးတင့်ဆွေ ဖြစ်ပြီး ၎င်းအား သတင်းစာဆရာ အများစုက ယခင် ဒါရိုက်တာများနှင့် မတူ 'သက်ညှာတတ်သူ' အဖြစ် ရှုမြင်ကြပါသည်။

"လောလောဆယ် မြန်မာနိုင်ငံရဲ့ အခြေအနေအရ သတင်းစာ လွတ်လပ်ခွင့် အပြည့်အဝ မရနိုင်သေးပါဘူး၊ ဒါပေမဲ့ နိုင်ငံသားတိုင်းဟာ ကိုယ့်အသိ စိတ်ဓာတ်နဲ့ တာဝန်တွေတော့ ထားရမှာပေါ့။ နိုင်ငံ့ သားကောင်း တစ်ယောက်ရဲ့ အသိစိတ်ဓာတ်နဲ့ ရင့်ကျက်မှုတွေ လိုအပ်ပါတယ်။ ဒါတွေဟာ လောလောဆယ် အခြေအနေအရ မရှိမဖြစ် လိုအပ်ချက် တွေပါပဲ" ဟု ဦးတင့်ဆွေက ၎င်း၏ အမြင်ကို ဆောင်းပါးဖြင့် ရေးသား ဖော်ပြခဲ့ဖူးပါသည်။

Mizzima သတင်းဌာန၏ Journals in Burma forced to publish pro-junta articles ကို ဘာသာပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment