Transparency Myanmar

transparency.myanmar@gmail.com

Mizzima News, 20th January 2010

တရုတ်နိုင်ငံသည် အာဆီယံ နိုင်ငံများမှ တင်သွင်းသော ကုန်ပစ္စည်း အမျိုးအစား (၉၀) ကို FTA အစီအစဉ်အရ သွင်းကုန်ခွန် ကောက်ခံတော့မဟုတ်ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှု လုပ်ငန်းရှင်များ အသင်း UMFCCI က ယနေ့ ပြောကြားပါသည်။

အာဆီယံ နိုင်ငံတွေက တင်သွင်းတဲ့ ကုန်ပစ္စည်း (၉၀) ကို သွင်းကုန် အခွန် ဖယ်ရှားဖို့ တရုတ်က ခွင့်ပြုလိုက်ပြီ။ ဒါပေမယ့် အရေးမကြီးတဲ့ ပစ္စည်း အမျိုးအစားတွေပဲ စာရင်းမှာ ပါပြီး အရေးကြီးတဲ့ ကုန်ပစ္စည်းတွေ မပါဘူးဟု အမည်မဖေါ်လိုသူ UMFCCI အမှုဆောင် အရာရှိ တစ်ဦးက မဇ္ဈိမ သတင်းဌာနသို့ ပြောကြားပါသည်။

ဘရူနိုင်း၊ အင်ဒိုနီးရှား၊ စင်္ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင် နှင့် ထိုင်းနိုင်ငံတို့က အာဆီယံ - တရုတ် လွတ်လပ်သော ကုန်သွယ်ရေးဇုံသို့ အရင် ဝင်ရောက်ကြမည် ဖြစ်ပြီး ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ နှင့် ဗီယက်နမ် တို့က ၂၀၁၅ တွင် ဝင်ရောက်နိုင်ရန် မျှော်လင့်ထားကြပါသည်။

တရုတ်နှင့် အာဆီယံ နိုင်ငံများသည် ၂၀၀၁ နိုဝင်ဘာ (၆) ရက်၌ ဘရူနိုင်းတွင် ကျင်းပသော (၇) ကြိမ်မြောက် အာဆီယံ ညီလာခံတွင် အာဆီယံ - တရုတ် လွတ်လပ်သော ကုန်သွယ်ရေး နယ်မြေ ဆိုင်ရာ သဘောတူ စာချုပ်ကို လက်မှတ် ရေးထိုးခဲ့ကြပါသည်။ အဆိုပါ သဘောတူ စာချုပ်သည် ၂၀၁၀ ဇန်နဝါရီ (၁) ရက်တွင် စတင် အာဏာ သက်ရောက်မည် ဖြစ်သည်။

သို့ရာတွင် ဖွံ့ဖြိုးဆဲ နိုင်ငံများသည် နည်းပညာ အင်အား၊ ငွေကြေး အင်အား ချို့တဲ့မှုကြောင့် ဖွံ့ဖြိုးပြီး နိုင်ငံများနှင့် စီးပွားရေးအရ ယှဉ်ပြိုင်ရန် အခက်အခဲ ရှိသည်ဟု မြန်မာ့စီးပွားရေး ပညာရှင်များက ပူပန်နေပါသည်။

သွင်းကုန် အခွန် ဖယ်ရှားမှုကို စတင်နေပြီ ဆိုပေမယ့် အသေးစိတ် အရည်အသွေး သတ်မှတ်ချက်တွေ အဆင့်အတန်း မီရေး၊ အခွန်နှင့် ကုန်သွယ်ရေး အတားအဆီးတွေ ဖယ်ရှားရေး၊ ဝန်ဆောင်မှုများကို လွတ်လပ်စွာ ခွင့်ပြုရေး၊ ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုရေး စတဲ့ အချက် တော်တော်များများ လွတ်လပ်တဲ့ ကုန်သွယ်ရေး သဘောတူညီချက် FTA မှာ ရှိနေပါသေးတယ်ဟု မြန်မာ့စီးပွားရေး ပညာရှင် ဦးခင်မောင်ညို က ပြောဆိုပါသည်။

ထို့အပြင် အငယ်တန်းနှင့် အလတ်တန်း စီးပွားရေး လုပ်ငန်းများ၊ ဖွံ့ဖြိုးဆဲ နိုင်ငံများသည် ဖွံ့ဖြိုးပြီး နိုင်ငံများမှ လုပ်ငန်းကို ယှဉ်ပြိုင်နိုင်မည် မဟုတ်ပါ။ နောက်ကျကျန်နေသော နိုင်ငံများမှ အငယ်တန်းနှင့် အလတ်တန်း စီးပွားရေး လုပ်ငန်းများသည် ရင်းနှီးမြှုပ်နှံမှုကိုလည်း ရရှိနိုင်မည် မဟုတ်ပါ။ အခြား နိုင်ငံများ၏ အသေးစိတ် အရည်အသွေး သတ်မှတ်ချက်များကိုလည်း နည်းပညာ နောက်ကျနေမှုကြောင့် သိရှိနိုင်မည် မဟုတ်သလို အကယ်၍ နားလည် သိရှိသည့် တိုင်အောင်လည်း လိုက်ပါ ဆောင်ရွက်နိုင်လိမ့်မည် မဟုတ်ပါ။ လွတ်လပ်သော ကုန်သွယ်ရေး ဇုံအတွင်း ဖွံ့ဖြိုးပြီး နိုင်ငံများနှင့် ယှဉ်ပြိုင်ရာတွင် အခြေခံ အဆောက်အဦးများ ချို့တဲ့မှု၊ ဆက်သွယ်ရေး နည်းပညာ ချို့တဲ့မှုတို့သည် ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ ယှဉ်ပြိုင်နိုင်မှုကို အားနည်းစေလိမ့်မည်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့ပါသည်။

ရန်ုကုန် စီးပွားရေး တက္ကသိုလ်မှ အငြိမ်းစား ပါမောက္ခ ဒေါ်ဆင်းသိင်္ဂီက ပြောကြားရာတွင် ယေဘူယျအားဖြင့်တော့ လွတ်လပ်တဲ့ ကုန်သွယ်ရေးဆိုတာ ကောင်းပါတယ်။ ဒါပေမယ့် အာဆီယံ နိုင်ငံတွေ ကြားမှာ ပြိုင်ဆိုင်မှုတွေ ရှိလာလိမ့်မယ်။ ကျွန်မတို့ ကုန်ပစ္စည်းတွေက အရည်အသွေး ကောင်းပြီး ဈေးနှုန်း ချိုသာရလိမ့်မယ်။

တရုတ်က သွင်းကုန် အခွန် ဖယ်ရှားလိုက်ပြီ ဆိုပေမယ့် ကျွန်မတို့ ကုန်ပစ္စည်းတွေ အရည်အသွေး မကောင်းရင် စားသုံးသူတွေက ဝယ်မှာ မဟုတ်ဘူး။ ဒါ့ကြောင့် ထုတ်လုပ်ရေး အခြေခံကောင်းတဲ့ နိုင်ငံတွေ ကြားမှာပဲ အဓိက ပြိုင်ဆိုင်မှုတွေ ရှိလာလိမ့်မယ်ဟု ဆိုပါသည်။

"တကယ်လို့ မြန်မာနိုင်ငံက လွတ်လပ်တဲ့ ကုန်သွယ်ရေးဇုံကို ဝင်မယ်ဆိုရင် အစိုးရက သူတို့ရဲ့ နိုင်ငံခြား ငွေလဲလှယ်နှုန်းကို အရင်ပြောင်းရမယ်" ဟု ပြောကြားသူမှာ ထိုင်း တက္ကသိုလ်မှ စီးပွားရေး ပညာ Ph.D ကျောင်းသူတစ်ဦး ဖြစ်ပါသည်။

မြန်မာအစိုးရက သူတို့ရဲ့ ကုန်သွယ်ဘက် နိုင်ငံတွေကို ဘယ်လို အခွင့်အလမ်းမျိုးတွေ ပေးနိုင်မလဲဆိုတာ စဉ်းစားရလိမ့်မယ်။ နိုင်ငံခြား ငွေလဲနှုန်း ပြဿနာကို မဖြေရှင်းနိုင် သေးသရွေ့တော့ ဘယ်လို စီမံကိန်းမျိုးမှ ဆောင်ရွက်နိုင်မှာ မဟုတ်ဘူးဟု သူမက ဆက်လက် ပြောဆိုပါသည်။

အာဆီယံ ဖွံ့ဖြိုးရေးဘဏ်၏ စာရင်းဇယားများအရ တရုတ် နှင့် အာဆီယံ အကြား ကုန်သွယ်မှု တန်ဖိုးသည် ၂၀၀၃ မှ ၂၀၀၉ အတွင်း အမေရိကန် ဒေါ်လာ (၁၉၃) ဘီလျံ အထိ ရောက်ရှိခဲ့သည်ဟု သိရှိရသည်။

အာဆီယံ၏ အကြီးဆုံး ကုန်သွယ်ဖက်မှာ ဂျပန်နိုင်ငံ ဖြစ်ပြီး ဥရောပ သမဂ္ဂ EU က ဒုတိယ နေရာတွင်ရှိကာ တရုတ်က အမေရိကန်ကို ကျော်၍ တတိယ နေရာသို့ ရောက်ရှိနေပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment