Transparency Myanmar

transparency.myanmar@gmail.com

DVB News, 21st January 2010

လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူများ အပေါ် အစိုးရများ ပါဝင် ပတ်သက်သည့် ဆန့်ကျင် တိုက်ခိုက်မှု  အရေအတွက် ကမ္ဘာတဝှမ်း တိုးပွားလာသကဲ့သို့ နစ်နာသူများ အပေါ် ကာကွယ်ပေးသည့် လူ့အခွင့်အရေး လှုပ်ရှားမှုများ စွမ်းရည် ကျဆင်းလာပြီး အခြေအနေ ပိုမို ဆိုးဝါးလာသည်ဟု ထိပ်တန်း လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ပါသည်။

နယူးရောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ HRW က ထုတ်ပြန်သော နှစ်ပတ်လည် အစီရင်ခံစာတွင် မြန်မာနှင့် တရုတ် စသော အာဏာရှင် အစိုးရများ၏ လူ့အခွင့်အရေး စောင့်ကြည့်သူများ အပေါ် တိုက်ခိုက်မှုများသည် အကန့်အသတ် မရှိကြောင်း၊ သို့ရာတွင် ယခုအခါ ရုရှား၊ သီရိလင်္ကာ၊ ဘူရွန်ဒီ နှင့် အာဖဂန် နစ္စတန် ကဲ့သို့သော နိုင်ငံများအထိ ပျံ့နှံ့လာနေကြောင်း ဖော်ပြထားပါသည်။

မြန်မာနိုင်ငံ ကိစ္စတွင် ကြည့်ပါက ၂၀၀၉ ခုနှစ် အတွင်း စစ်ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်း စစ်ဆေးရန် အုပ်ချုပ်သူ စစ်ဖက် အစိုးရအား တောင်းဆိုမှုများ ကြီးထွားလာရမည့်အစား ယခုအချိန်အထိ ကုလသမဂ္ဂတွင် ဦးဆောင် ကမကထပြုမည့် နိုင်ငံမရှိသေးဟု HRW က ဆိုပါသည်။

 ထိန်းသိမ်း ခံနေရသော ထင်ရှားသည့် ပြင်ပရောက် မြန်မာ လူ့အခွင့်အရေး လှုပ်ရှားသူ အမေရိကန် နိုင်ငံသား ကျော်ဇောလွင် နှိပ်စက် ညှင်းပန်းခံ နေရသည်ဟု သတင်းများ ထွက်ပေါ်နေသည့် ကြားမှ နိုင်ငံတကာ ကြက်ခြေနီ ကော်မတီ ICRC ကို အကျဉ်းထောင်သို့ သွားရောက် ခွင့်ပြုရန် မြန်မာ အစိုးရက ငြင်းဆန်နေမှုနှင့် ပတ်သက်၍လည်း စိုးရိမ် ပူပန်နေသည်ဟု အစီရင်ခံစာတွင် ဖော်ပြပါသည်။

ထိုင်းနိုင်ငံ အခြေစိုက် မြန်မာနိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အဖွဲ့ AAPP ၏ အဆိုအရ ၂၀၀၉ ခုနှစ် အတွင်း လူ့အခွင့်အရေး လှုပ်ရှားသူများ၊ ရှေ့နေများ၊ သတင်းထောက်များနှင့် နိုင်ငံရေးသမားများ (၂၃၁) ဦးကို အစိုးရက ထောင်ဒဏ် ချမှတ်ခဲ့ပြီး ၎င်းတို့ အများစုမှာ ၂၀၀၇ ခုနှစ် သံဃာလှုပ်ရှားမှု (၂) နှစ်မြောက် ကာလ တစ်ဝိုက်တွင် ဖမ်းဆီး ပြစ်ဒဏ် ချမှတ်ခံရခြင်း ဖြစ်သည်။

HRW ၏ အမှုဆောင် ဒါရိုက်တာ Kenneth Roth က ပြောကြားရာတွင် အဆိုပါ ဆန့်ကျင် တိုက်ခိုက်မှုများသည် လူ့အခွင့်အရေး လှုပ်ရှားမှုများကို တမင်တကာ ရိသဲ့သဲ့လုပ်နေ သကဲ့သို့ ထင်ရသော်လည်း အန္တရာယ်များ လျော့ပါးသွားခြင်း မရှိဟု ဆိုပါသည်။ လူ့အခွင့်အရေး ချိုးဖောက်သူ အစိုးရများသည် မမှန်ကန်သော အကြောင်းပြချက် များစွာပြ၍ လူ့အခွင့်အရေး လှုပ်ရှားမှုများ၏ အဓိက ဇစ်မြစ်များကို တိုက်ခိုက်နေခြင်း ဖြစ်သည်ဟု ၎င်းက ပြောကြားပါသည်။

အမေရိကန် သမ္မတ ဘားရက် အိုဘားမား၏ ထင်ရှားသော မိန့်ခွန်း "မူဝါဒ နှင့် လက်တွေ့ ကျင့်သုံးရေး ဆီသို့" အပေါ် မပြီးစီးနိုင်သည့် ဆောင်ရွက်နေမှုကိုလည်း Kenneth Roth က ဝေဖန် လိုက်ပါသည်။

နှစ်ပေါင်းများစွာ ပစ်ပယ်ထားခဲ့ပြီးနောက် မြန်မာအစိုးရ နှင့် တွေ့ဆုံ ဆွေးနွေးမည်ဟု ကြေညာခြင်းဖြင့် အမေရိကန်သည် ယိုယွင်းနေသော မြန်မာနိုင်ငံရေး အနေအထားကို ယမန်နှစ်က စတင် ကိုင်တွယ်ခဲ့သည်။သို့သော် ယခု သီတင်းပတ် အစောပိုင်းကမူ နိုင်ငံတွင်း ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုကို ရှေ့ရှုသော တိုးတက်မှုများ အားနည်းနေသည့် အတွက် စိတ်မရှည်သည့် လက္ခဏာကို ပြသခဲ့ပါသည်။

သို့သော်လည်း ဝါရှင်တန်ထံမှ အလေးထား ဂရုစိုက်မှု တိုးပွားလာရမည့်အစား အမေရိကန် ပြည်တွင်း စွမ်းဆောင်မှုများ အပေါ် မကျေနပ်မှုများ တိုးပွားလာနေသည်။ ယင်းကြောင့် အိုဘားမား အမေရိကန် ပြည်တွင်းရေးသို့ ပြန်လှည့်နေချိန်တွင် အရှေ့အလယ်ပိုင်းရှိ အမေရိကန်၏ ပုံရိပ်ကို အသွင်ပြောင်းလဲရန်အတွက်လည်း ကြီးမားသော ဖိအားများနှင့် ရင်ဆိုင်နေရသည်။ ထို့ကြောင့် အမေရိကန် ပြည်ထောင်စု အတွက် မြန်မာနိုင်ငံ အရေးကိစ္စမှာ အရောင်းထိုင်း ပစ္စည်းအဖြစ် အမည်တပ်၍ ချောင်ထိုးထားရဆဲ ဖြစ်ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment