The Irrawaddy, By Arkar Moe, 21st January 2010
မြန်မာ နိုင်ငံတွင် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ ၂၀၀၉ ခုနှစ်တွင် လူ့အခွင့်အရေး မှတ်တမ်းများမှာ ဆက်လက် ယိုယွင်းလျက် ရှိကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch, HRW) ၏ အဆိုအရ သိရှိရပါသည်။
နယူးယောက် အခြေစိုက် NGO ဖြစ်သော HRW သည် ၎င်း၏ (၆၁၂) မျက်နှာပါ World Report 2010 တွင် မြန်မာ စစ်အစိုးရသည် လွတ်လပ်စွာ ဖော်ထုတ်ခွင့်၊ ဖွဲ့စည်းခွင့်၊ စုဝေးခွင့်များ အပါအဝင် နိုင်ငံသားများ၏ အခြေခံ လွတ်လပ်ခွင့်များကို စနစ်တကျ ငြင်းဆန်လျက် ရှိသည်ဟု ဖော်ပြထားပါသည်။
ထင်ရှားသော နိုင်ငံရေး လှုပ်ရှားသူများ၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ၊ အလုပ်သမား ရေးရာ လှုပ်ရှားသူများ၊ သတင်းစာ ဆရာများ နှင့် အနုပညာရှင် ဒါဇင်ပေါင်း များစွာမှာ ၂၀၀၉ ခုနှစ်အတွင်း အဖမ်းခံရပြီး တရားမျှတမှု မရှိသည့် တရားရုံးများမှ ထောင်ဒဏ်များ ချမှတ်ခြင်းကို ခံရကြောင်း၊ စစ်အစိုးရ၏ လူ့အခွင့်အရေး နှင့် ပတ်သက်သော မှတ်တမ်းများမှာ ပိုမို ဆိုးရွားလာကြောင်း HRW က ဖော်ပြထားပါသည်။
HRW သည် ၎င်း၏ အကြိမ် (၂၀) မြောက် ကမ္ဘာတဝှမ်း လူ့အခွင့်အရေး ကျင့်သုံးမှုများကို သုံးသပ်သည့် စာတမ်းတွင် ကမ္ဘာပေါ်ရှိ နိုင်ငံ (၉၀) ကျော်၏ အဓိက လူ့အခွင့်အရေး နှင့်ပတ်သက်၍ အနှစ်ချုပ် ဖော်ပြခဲ့ပါသည်။
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ ကဲ့သို့သော အာဏာရှင် နိုင်ငံများတွင် လူ့အခွင့်အရေး စောင့်ကြည့်မှုများကို အကန့်အသတ်မရှိ တိုက်ခိုက်ခွင့် ပေးထားကြောင်း HRW က ပြောပါသည်။
လူ့အခွင့်အရေး ကာကွယ်သူများကို တိုက်ခိုက်မှုများကို တဖက်မှ ကြည့်လျှင် လူ့အခွင့်အရေး လှုပ်ရှားမှုများအား နည်းလမ်းတစ်မျိုးဖြင့် လေးစားအောင် လုပ်ပေးနေသလို ရှိကြောင်း၊ ထိုသို့ တိုက်ခိုက်မှုကြောင့် လှုပ်ရှားမှုများ ရပ်တန့် မသွားနိုင်ဟု အမှုဆောင် ဒါရိုက်တာ Kenneth Roth က World Report 2010 ၏ နိဒါန်းတွင် ရေးသားထားပါသည်။ ရက်စက်သော အာဏာရှင် အစိုးရများသည် လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့များကို မှားယွင်းသော အကြောင်းပြချက်များ ပြပြီး တိုက်ခိုက်လျက် ရှိကြောင်း ဆက်လက် ရေးသားထားပါသည်။
ထိုင်းနိုင်ငံ အခြေစိုက် Human Rights Education Institute of Burma မှ ဒါရိုက်တာ အောင်မျိုးမင်းက ကြာသပတေးနေ့က ဧရာဝတီသို့ ပြောကြားရာတွင် မြန်မာ စစ်အစိုးရသည် လူမဆန်သော ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို နှစ်စဉ် စနစ်တကျ ကျူးကျော်လျက် ရှိသည်ဟု ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံရှိ နိုင်ငံရေး အကျဉ်းသားများကို အကူအညီပေးရေး အဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဘိုကြည်က တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံအား မြန်မာ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်နေသော နိုင်ငံများအား အကူအညီများ ပေးလျက်ရှိသည်ဟု စွပ်စွဲလိုက်ပါသည်။
ကုလသမဂ္ဂ အနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အရေးမယူနိုင်ခြင်းကြောင့် အားနည်းချက်များ ရှိကြောင်း၊ ၎င်း၏ လူ့အခွင့်အရေး ဆိုင်ရာ မူဝါဒနှင့် လုပ်ငန်းစဉ်များကို ပြန်လည် သုံးသပ်သင့်ကြောင်း ဘိုကြည်က ဖြည့်စွက် ပြောကြားခဲ့ပါသည်။
HRW ၏ အစီရင်ခံစာတွင် ယမန်နှစ်က ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမှုကို သုံးလခန့် ကြာအောင် အချိန်ဆွဲ စစ်ဆေးပြီး၊ နိုင်ငံတကာ တရားရုံးများ၏ တရားမျှတမှု စံများလည်း မရှိကြောင်း ဖော်ပြခဲ့ပါသည်။
အစီရင်ခံစာ၌ မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား (၂၁၀၀) ကျော်ခန့်သည် ငြိမ်းချမ်းစွာ လှုပ်ရှားမှုများကြောင့် ထောင်ချခံခဲ့ရပြီး၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး (၂၃၀) ကျော်မှာလည်း ၂၀၀၇ ခုနှစ်က ဆန္ဒပြမှုကြောင့် ထောင်ထဲတွင် ရှိနေဆဲ ဖြစ်ကြောင်း ဖော်ပြထားပါသည်။
၂၀၀၉ ခုနှစ်တွင် နိုင်ငံတကာက မြန်မာနိုင်ငံရှိ လူမဆန်သော ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများအတွက် စုံစမ်း စစ်ဆေးပေးရန်နှင့် ကုလသမဂ္ဂက မြန်မာနိုင်ငံအား လက်နက် ရောင်းချမှု ပိတ်ပင်ပေးရန် တောင်းဆိုမှုများ တိုးတက် ပြုလုပ်လာပါသည်။ သို့သော် တရုတ်၊ ရုရှားနှင့် မြောက်ကိုရိးယားတို့သည် မြန်မာစစ်အစိုးရကို လက်နက်များ ရောင်းချဆဲပင် ရှိနေပါသည်။
အဆိုပါ အစီရင်ခံစာတွင် မြန်မာစစ်တပ်အား ဝေဖန်မှုများ ပြုလုပ်ထားပါသည်။ မြန်မာစစ်တပ်သည် တိုင်းရင်းသားများနှင့် ပဋိပက္ခ ဖြစ်နေသော ဒေသများတွင် အရပ်သားများကို ဥပဒေ ပြင်ပမှ သတ်ဖြတ်ခြင်း၊ အဓမ္မ လုပ်အားပေး စေခိုင်းခြင်းနှင့် လိင်မှုဆိုင်ရာ ရက်စက်မှုများကို ကျူးလွန်လျက် ရှိကြောင်း၊ ဖော်ပြထားသည့် အပြင် ကလေးစစ်သားများ၊ စစ်ပြေး ဒုက္ခသည်များ၊ ပြည်တွင်း အဓမ္မ ရွေ့ပြောင်းစေမှုများ နှင့်ပတ်သက်၍ စိုးရိမ် ပူပန်မှုများကိုလည်း ဖော်ပြထားပါသည်။
လူ့အခွင့်အရေး လှုပ်ရှားမှုများ တိုးတက် လာသော်လည်း၊ လူ့အခွင့်အရေး ကာကွယ်သူများမှာ တိုက်ခိုက် ခံနေရဆဲ ဖြစ်ပြီး၊ လူ့အခွင့်အရေး လေးစား လိုက်နာသော အစိုးရများ၏ ကူညီ ထောက်ခံမှုများ လိုအပ်လျက် ရှိသည်ဟု HRW က ပြောပါသည်။
မိမိကိုယ်မိမိ လူ့အခွင့်အရေးကို ထောက်ခံသူများဟု မှတ်ယူထားသည့် အစိုးရများကလည်း ၎င်းတို့၏ မဟာမိတ်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြောဆိုရန် ရေငုံနှုတ်ပိတ်နေပြီး သံတမန် ကိစ္စများနှင့် စီးပွားရေး ကိစ္စများကိုသာ ဦးစားပေးခဲ့သည်ဟု Roth က ပြောပါသည်။ ထိုသို့ ရေငုံ နှုတ်ပိတ်နေမှုကြောင့် ချိုးဖောက်မှုများ ပိုမို ပြုလုပ်ရန် အားပေးသလို ဖြစ်ရကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်သည့် နိုင်ငံများကို ပိုမို ဖိအား ပြင်းထန်စွာပေးရန် လိုအပ်ကြောင်း Rott က ဆက်လက် ပြောကြားခဲ့ပါသည်။
"ကမ္ဘာပေါ်မှာ လူ့အခွင့်အရေးကို အပြည့်အဝ လေးစား လိုက်နာတဲ့ နိုင်ငံ မရှိပါဘူး" ဟု အောင်မျိုးမင်းက ပြောပါသည်။ ကမ္ဘာ့အင်အားကြီး နိုင်ငံများ ဖြစ်သော အမေရိကန်၊ တရုတ်နှင့် ရုရှား နိုင်ငံတို့သည် အတူတကွ ပူးပေါင်း၍ လူ့အခွင့်အရေး ချိုးဖောက်မှုများကို အမျိုးသားကိစ္စ ဖြစ်သော်လည်း၊ စီးပွားရေး နှင့် နိုင်ငံခြားရေး မူဝါဒအရ သော်လည်းကောင်း တစ်စုံတစ်ခု လုပ်သင့်ကြောင်း ၎င်းက ပြောပါသည်။
HRW ၏ အစီရင်ခံစာတွင် ရုရှား၊ သီရိလင်္ကာ၊ ကင်ညာ၊ ဘူရမ်ဒီ နှင့် အာဖကန် နစ္စတန်တွင် လူ့အခွင့်အရေး စောင့်ကြည့်သူများကို သတ်ပစ်ခဲ့ပြီး၊ ဆူဒန် နှင့် တရုတ်တွင် လူ့အခွင့်အရေး အဖွဲ့များကို မှန်မှန် ပိတ်ပင်ခဲ့ပါသည်။
--Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.