Transparency Myanmar

transparency.myanmar@gmail.com

DVB News, 21st January 2010

          ယခင် သီတင်းပတ်က မြန်မာနိုင်ငံ အရှေ့ပိုင်းမှ ထိုင်းနိုင်ငံ အတွင်း ဖြတ်ကျော် ဝင်ရောက်ခဲ့သော မြန်မာအစိုးရ ဘက်တော်သား လက်နက်ကိုင် တပ်ဖွဲ့၏ (၂) ကြိမ်တိုင် ပစ်ခတ်မှုကြောင့် ထိုင်းကျေးရွာ လူကြီး တစ်ဦး ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားပါသည်။

ဇန်နဝါရီ (၁၆) ရက်တွင် DKBA အဖွဲ့ဝင် နှစ်ဦးသည် မြန်မာပြည် အရှေ့ပိုင်း ကရင်ပြည်နယ် မွိုင်မြစ်ကို ဖြတ်ကျော်၍ သတ်ဖြတ်မှု ပြုလုပ်ရန် ကြိုးစားခဲ့သည်ဟု ကရင် သတင်း အချက်အလက် ကော်မတီ KIC က ပြောကြားပါသည်။

ပစ်ခတ်မှုတွင် အသက်ရှင်ခဲ့သူ ဥဖုထ ရွာသူကြီး ချာချိုင်းမှာ ယခုအခါ ဆေးရုံတွင် ကုသမှု ခံယူနေသည်ဟု ၎င်း၏ ဆွေမျိုးများက KIC သို့ ပြောကြားပါသည်။

DKBA စစ်သား နှစ်ဦးသည် ချာချိုင်း၏ အိမ်သို့ ည (၈း၄၅) ခန့်တွင် ရောက်ရှိလာပြီး ၎င်းအား သေနတ်ဖြင့် (၂) ချက် ပစ်ခတ်ခဲ့ပါသည်။ ပေါင်တွင် တစ်ချက်၊ ဆီးအိမ်တွင် တစ်ချက် ဒဏ်ရာ ရရှိသွားပြီး အဆိုပါ စစ်သားများ၏ မျက်နှာကို မမှတ်မိဟု ၎င်း၏ ဆွေမျိုးက ပြောကြားပါသည်။

ချာချိုင်းအား ဖိုးပ ဆေးရုံသို့ အမြန် ပို့ဆောင်ခဲ့သော်လည်း ဆရာဝန်များက ကုသနိုင်ခြင်း မရှိ၍ မဲဆောက် ဆေးရုံသို့ လွှဲပြောင်း ပို့ဆောင်ခဲ့ရပါသည်။ ၎င်း၏ အခြေအနေမှာ ပြင်းထန်ပြီး အသက် အန္တရာယ် ရှိသည်ဟု ဆိုပါသည်။

မြန်မာအစိုးရနှင့် ရင်းနှီးသော မဟာမိတ် ဖြစ်သည့် DKBA တပ်ဖွဲ့သည် ထိုင်း ပိုင်နက် အတွင်းသို့ မကြာခဏ ကျူးကျော် ဝင်ရောက်လေ့ ရှိသော်လည်း ထိုင်းအစိုးရ၏ ပြန်လှန် အရေးယူမှု နည်းပါးပါသည်။

ထိုင်းနိုင်ငံ နယ်စပ် မဲဆောက်မြို့တွင် ပစ်ခတ်ခံရ၍ သေဆုံးသွားခဲ့သူ ယခင် KNU ခေါင်းဆောင် ဖဒိုမန်းရှာ အား ၂၀၀၈ ခုနှစ်အတွင်းက လုပ်ကြံ သတ်ဖြတ်မှုသည် DKBA တွင် တာဝန်ရှိသည်ဟု အများက ယုံကြည်ထားပါသည်။

ဥပုတ ရွာ ဆယ်အိမ်ခေါင်း တီးဒါ နှင့် မေးမြန်း ပြောဆိုခဲ့သော KIC ၏ အဆိုအရ ယခုကိစ္စမှာ လယ်ထွန်စက် ဝယ်ယူမှုနှင့် ပတ်သက်သည့် အငြင်းပွားမှုမှ စတင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါသည်။ ချာချိုင်း၏ နာမည်ပေါက် လယ်ထွန်စက်ကို DKBA က ဝယ်ယူခဲ့ရာတွင် အရစ်ကျ ပေးချေရန် ပျက်ကွက်ခဲ့သဖြင့် ချာချိုင်းက လယ်ထွန်စက်ကို ပြန်ယူသွားခဲ့ပါသည်။

ရွာသူကြီး ချာချိုင်းသည် DKBA ၏ ရန်သူ KNU အဖွဲ့နှင့်လည်း ဆက်သွယ် ဆောင်ရွက်ခဲ့သည်ဟု တီးဒါက ပြောကြားပါသည်။

KNLA တပ်ဖွဲ့အတွင်း လူများစု ခရစ်ယာန် ဘာသာဝင်များက ဗုဒ္ဓဘာသာဝင်များကို ဘာသာရေးအရ ဖိနှိပ်သည်ဟု စွပ်စွဲ၍ ၁၉၉၅ ခုနှစ်တွင် KNLA မှ ခွဲထွက်ခဲ့သူများက DKBA ကို မြန်မာစစ်တပ် ကျောထောက် နောက်ခံဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကရင် လက်နက်ကိုင် (၂) ဖွဲ့သည် ယခင်နှစ် ဇွန်လက အကြီးအကျယ် ရင်ဆိုင် တိုက်ခိုက်ခဲ့ကြသော်လည်း သြဇာကြီး ကရင် ဘုန်းတော်ကြီး တစ်ပါးက ငြိမ်းချမ်းရေး စေ့စပ် ညှိနှိုင်းရန် တောင်းဆိုသဖြင့် အောက်တိုဘာလတွင် ဆွေးနွေးပွဲများ ကျင်းပခဲ့ကြပါသည်။ သို့သော်လည်း တိုးတက် ဆောင်ရွက်မှု အနည်းငယ်သာ ရှိပါသေးသည်။

ယခင် အပတ်ကလည်း ကျောက်ကြီးမြို့နယ် ကျေးရွာတစ်ရွာကို ဝင်ရောက် ပစ်ခတ်သော မြန်မာစစ်သားများကြောင့် ကရင် ရွာသား နှစ်ဦး သေဆုံးခဲ့သည်ဟု KIC က ပြောကြားပါသည်။

ကရင်ပြည်နယ်အတွင်း လုပ်ငန်း ဆောင်ရွက်နေသော ဆေးဝါး ကယ်ဆယ်ရေး အဖွဲ့ Free Burma Rangers က အဆိုပါ ဖြစ်ရပ်ကို အတည်ပြုခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment