Transparency Myanmar

transparency.myanmar@gmail.com

By Rajeev Sharma, the-diplomatc.om, 19th January 2010

          ယခုအချိန်သည် အီရန်နိုင်ငံ အနေဖြင့် ၎င်း၏ လျှို့ဝှက်သော နျူကလီယာ အစီအစဉ်များ အပေါ် နိုင်ငံတကာ ဆန့်ကျင်မှုများကို လျစ်လှူရှုသော သတင်းများက နေရာယူထားပါသည်။ တစ်ချိန်တည်းမှာပင် အမေရိကန် ပြည်ထောင်စုကလည်း မြောက်ကိုရီးယားကို ခြောက်နိုင်ငံ နျူကလီယာ ဖျက်သိမ်းရေး အစည်းအဝေးသို့ ပြန်လာရန် လုပ်ဆောင်နေချိန် ဖြစ်ပါသည်။ ထိုအချိန်တွင် နောက်ထပ် နျူကလီယာ အရေးကိစ္စ တစ်ခုသည် နာရီ စက္ကန့်သံလို တစ်ချက်ခြင်း မှန်မှန် အရှေ့တောင် အာရှဆီမှ ထွက်ပေါ်လာနေ ပါသည်။

          ၁၉၆၂ ကတည်းက စစ်တပ်မှ အုပ်ချုပ်ခဲ့သော မြန်မာနိုင်ငံသည် ၂၀၀၂ ခုနှစ် ကတည်းက စစ်ရေးအတွက် ရည်ရွယ်ခြင်း မဟုတ်သော နျူကလီးယား သုတေသန ဓာတ်ပေါင်းဖို ဆောက်လုပ်ရန် အစီအစဉ်ကို ရုရှား၏ အကူအညီဖြင့် စတင်ခဲ့သည်ဟု အတည်ပြုနိုင်သော သတင်းများအရ သိရှိရပါ သည်။ ထိုအချိန်မှ စ၍ ကျောင်းသားများနှင့် စစ်တပ် အရာရှိများကို ရွေးချယ်ပြီး မော်စကိုတွင် နျူကလီယားနှင့် ပတ်သက်၍ ရှေ့ပြေးသင်တန်းများ တက်ရောက်စေခဲ့ပါသည်။ ရန်ကုန် တက္ကသိုလ်နှင့် မန္တလေး တက္ကသိုလ်တို့တွင် နျူကလီယာ ရူပဗေဒ ဌာနကို ဖွင့်လှစ်ပြီး တက်ရောက်မည့် ကျောင်းသားများကို စစ်တပ်က ချုပ်ကိုင်ထားပါသည်။

          ထို့အပြင် မြန်မာနိုင်ငံမှ ထွက်ပြေးလာသူများ၏ သတင်း အချက်အလက်များ အရ မြောက်ကိုရီးယား အကူအညီဖြင့် လျှို့ဝှက် အစီအစဉ်များ အကောင်အထည် ဖော်လျက် ရှိကြောင်း၊ အဆက်မပြတ် သတင်းပေးပို့မှု များလည်း ရှိကြောင်း သိရှိရသည် ဖြစ်ရာ အိန္ဒိယနိုင်ငံ မူဝါဒ ရေးဆွဲသူများကို ဒုက္ခ ရောက်စေပါသည်။ ၎င်းတို့သည် မူလကတည်းက တရုတ်၊ ပါကစ္စတန်တို့နှင့် နယ်စပ်တင်းမာမှု ပြဿနာများ ရှိနေရာ ယခု မြန်မာနိုင်ငံ နျူကလီးယား ကိစ္စမှာ ၎င်းတို့အတွက် ဗူးလေးရာ ဖရုံဆင့် ဖြစ်နေပေပြီ။

          တောင်အာရှ ရေးရာ ကျွမ်းကျင်သူ စစ်ထောက်လှမ်းရေး သုတေသန အရာရှိဟောင်း ဗိုလ်မှူးကြီး ဟောင်း R Hariharan က ပြောကြားရာတွင် အထက်ပါ သတင်းများသာ မှန်ကန်ခဲ့ပါက အိန္ဒိယ အနေဖြင့် ဒေသတွင်းတွင် နျူကလီယာ ပါရာဒိုင်း မဟာဗျူဟာ အသစ်ကို အသုံးပြုလိမ့်မည် ဖြစ်ပြီး၊ အိန္ဒိယ စစ်ရေး စီမံချက် ရေးဆွဲသူများကို ပိုမို ရှုပ်ထွေးစေမည် ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။

          "အိန္ဒိယတို့ ပါကစ္စတန်ရဲ့ နျူကလီယာ ကိစ္စ၊ မတည်ငြိမ်တဲ့ အခြေအနေတွေ ကြုံတွေ့နေရတာ မျိုးနဲ့ မတူတဲ့ အခြေအနေကို ကြုံတွေ့ရနိုင်တယ်"ဟု ၎င်းက ပြောပါသည်။ မြန်မာနိုင်ငံ အနေဖြင့် ဤကဲ့သို့ နျူကလီးယား ကစားဝိုင်း အတွင်းသို့ ဝင်ရန် ငွေကုန်ခံလိမ်ည်ဟု မိမိ မထင်ကြောင်း၊ သို့သော် အိန္ဒိယ အနေဖြင့် နျူကလီယာနှင့် ပတ်သက်၍ တိုးတက်မှုများ ရှိမရှိ သေချာစွာ စောင့်ကြည့်နေရန် လိုအပ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့ပါသည်။

          မြန်မာနိုင်ငံကို နျူကလီယာနှင့် ပတ်သက်၍ စိတ်ဝင်စားမှုကို မီးထိုး ပေးလိုက်သော ကိစ္စမှာ မကွေး၊ တောင်တွင်းကြီးနှင့် အချို့ နေရာများတွင် ယူရေနီယံ တွေ့ရှိမှုပင် ဖြစ်သည်။ တနင်္သာရီတိုင်း တောင်ပိုင်းတွင် မတူးဖော်ရသေးပဲ များစွာ တွေ့ရှိထားပြီး၊ ရုရှားသည် ကန့်သတ် သတ္ထု တူးဖော်ရေး စီမံကိန်းများတွင် ပါဝင်လျက် ရှိသည်ဟု ဆိုပါသည်။

          အစိုးရသည် တကောင်းနှင့် မိုးမိတ် ဒေသများတွင်လည်း ယူရေနီယံကို ရှာဖွေလျက် ရှိကြောင်း၊ ၂၀၀၇ ခုနှစ် အစောပိုင်း ကတည်းက ရုရှားနှင့် မြန်မာ အင်ဂျင်နီယာ အဖွဲ့များ၊ စမ်းသပ် တူးဖော်လျက် ရှိ ကြောင်း သတင်း ပေးပို့မှုများ အရ သိရှိရပါသည်။

          ထို့သို့သော လှုပ်ရှားမှုများ အပြင်၊ မြန်မာအစိုးရနှင့် မြောက်ကိုရီးယားတို့၏ ပါဝင် ပတ်သက်မှု၊ အာဏာ ဆုပ်ကိုင်ရေးအတွက် ဘာမဆို လုပ်မည့် မြန်မာ စစ်အစိုးရ၊ စသည့် အချက်အလက်များကို ပေါင်းလိုက်သော် အိန္ဒိယ မူဝါဒ ရေးဆွဲသူများအတွက် ရှေ့ဆက် ဘာဖြစ်နိုင်သည်ကို ရေးဆွဲခဲ့ကြရ ကြောင်း၊ အဆိုပါ စာတမ်းကို အမည် မဖော်လိုသူ အိန္ဒိယ အစိုးရအရာထမ်း တစ်ဦးက ပြသ၍ စာရေးသူ ကြည့်ခဲ့ရပါသည်။

          အဆိုပါ စာတမ်းတွင် နျူကလီးယား နည်းပညာနှင့် ပတ်သက်၍ မြန်မာတို့ စတင် စိတ်ဝင်စားသည့် ဒီဇင်ဘာ ၂၀၀၀ ခုနှစ်မှ စတင် ဖော်ပြခဲ့ပါသည်။ ၁၀ မဂ္ဂါဝပ် Light-Water သုတေသန ဓာတ်ပေါင်းဖိုပါ ဝင်သော နျူကလီယာ သုတေသန ဗဟိုဌာန တည်ထောင်ရန် ရုရှား အကူအညီဖြင့် လုပ်ဆောင်ရန် စီစဉ်ခဲ့ သည်ဟု ဆိုပါသည်။

          သို့သော် ၂၀၀၅ ခုနှစ် စက်တင်ဘာလတွင် ဓာတ်ပေါင်းဖိုအတွက် အားလုံးကို မြန်မာဖက်မှ အားလုံး အကုန်အကျ ခံရန် မတတ်နိုင်ကြောင်း တွေ့ရှိခဲ့ရသဖြင့် ရုရှား Atomic စွမ်းအင် ဝန်ကြီးဌာနသည် ကြီးကြပ်မှု တာဝန် ယူပြီး၊ လိုအပ်သည့် လောင်စာနှင့် နည်းပညာများကို ဖြည့်ဆည်းပေးမည် ဖြစ်ပြီး၊ မြန်မာဘက်မှ ဆောက်လုပ်ရေးကို ကိုင်တွယ်ရန် ဆုံးဖြတ်ခဲ့ကြပါသည်။ အဆိုပါ သဘောတူညီချက်ကို ၂၀၀၇ ခုနှစ် မေလတွင် နှစ်နိုင်ငံ လက်မှတ် ရေးထိုးခဲ့ကြပါသည်။

          အဆိုပါ စာချုပ်အရ "မြိုင်ဓာတ်ပေါင်းဖို (သို့) ညောင်ကုန်း စီမံကိန်း" ဖြင့် အနီးစခန်းရှိ တောင်ပတ်လည် ဝိုင်းနေသော မြေပြန့် တစ်နေရာတွင် IAEA ၏ ဥပဒေများ နှင့်အညီ ဆောက်လုပ်ခဲ့ပါ သည်။ ၎င်းသည် လက်နက် ထုတ်နိုင်သည့် ပလူတိုနီယံ ထုတ်လုပ်ရန် မဟုတ်ပါ။

          သို့သော် မြန်မာနိုင်ငံဖက်မှ IAEA ၏ လမ်းညွှန်ချက်ကို လိုက်နာရန် ပျက်ကွက်မှုကြောင့် အဆိုပါ စီမံကိန်းကို အကောင်အထည် မဖော်နိုင်ခဲ့ပါ။ IAEA ၏ လမ်းညွှန်ချက်မှာ၊ အဆိုပါ စီမံကိန်း ပါ နျူကလီးယား ကိစ္စများကို IAEA ၏ အကြံပေးချက်များ ရယူရန် ဖြစ်ရာ၊ မြန်မာနိုင်ငံဖက်မှ လိုက်နာရန် ပျက်ကွက်ခဲ့ပါသည်။ ရုရှားက IAEA ကို ဆက်သွယ်ရန် အဆက်မပြတ် တိုက်တွန်းခဲ့သော်လည်း မြန်မာ တို့က မဆက်သွယ်ခဲ့သဖြင့် နှစ်နိုင်ငံကြား အဆိုပါ စီမံကိန်းနှင့် ပတ်သက်၍ တိုးတက်မှု ရပ်ဆိုင်းခဲ့ရသည်။ ရုရှားသည် ပွင့်လင်း မြင်သာစေရန် အကြံဥာဏ် ပေးခဲ့ရာ၊ မြန်မာ အစိုးရသည် နောက်ထပ် ကူညီ မည့်သူကို ပြောင်း၍ ရှာဖွေခဲ့ရာ မြောက်ကိုရီးယားကို တွေ့ရှိခဲ့ပါသည်။

          အဆိုပါ စာတမ်းတွင် ရေးသား ထားချက်များအရ မြန်မာနိုင်ငံ မြောက်ဖက် နောင်လိုင်ရှိ တောင်ကြားများတွင် 10 မဂ္ဂါဝပ် Light Water သုတေသန ဓာတ်ပေါင်းဖို ဆောက်လုပ်မည် ဖြစ်ပြီး၊ မြောက်ကိုရီးယားသည် တောင်တွင်းကြီးရှိ ယူရေနီယံ တူးဖော်သည့် နေရာဘေးတွင် ကြီးမားသော မြေအောက်ဘန်ကာ ဆောက်လုပ်မည် ဖြစ်ပါသည်။

          တစ်ချိန်တည်းမှာပင် နာမည်ဆိုး ရှိသော ပါကစ္စတန် သိပ္ပံပညာရှင် A Q Khan ၏ လက်ထောက် သိပံ္ပပညာရှင် Dr.Zaifullah ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၀၅ ခုနှစ် သြဂုတ်နှင့် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ရာ၊ ပါကစ္စတန် သည်လည်း နျူကလီးယား နည်းပညာ ပူးပေါင်း ဆောင်ရွက်ရန် ပါဝင်လိမ့်မည်ဟု ယုံကြည်ရပေသည်။ သဘော တူညီချက်အရ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနနှင့် စစ်တပ်မှ အရာရှိများသည် နျူကလီးယားနှင့် ဇီဝလက်နက်များ၏ ဆိုးကျိုး များ ခေါင်းစဉ်ဖြင့် တစ်နှစ်သင်တန်း တက်ရောက်လျက် ရှိကြပါသည်။

          မြန်မာနိုင်ငံ၏ နျူကလီယာ ကဏ္ဍကို သေချာစွာ လေ့လာသူ C S Kuppuswamy က ၂၀၁၀ ခုနှစ်က ပါကစ္စတန် သမ္မတ မူရှာရက်ဖ် သွားရောက်ခဲ့ပြီး၊ ပါကစ္စတန် စစ်သင်္ဘော သုံးစီး ဖြစ်သော၊ ရေငုပ်သင်္ဘော တစ်စီး၊ Tanker တစ်စီး၊ ဖျက်သင်္ဘော တစ်စီးတို့ မြန်မာနိုင်ငံသို့ သွားရောက် လည်ပတ် ခဲ့ပြီး၊ ပါကစ္စတန်သည် ရိုးရိုးလက်နက်များ မြန်မာနိုင်ငံသို့ ရောင်းချခဲ့ပါသည်။

          အဆိုပါ ပူးပေါင်း ဆောင်ရွက်မှုများကြောင့်၊ Arunachal Praderh တွင် တရုတ်နှင့် နယ်စပ်ကိစ္စ တင်းမာမှု၊ နျူကလီးယား လက်နက် ပိုင်သော ပါကစ္စတန်နှင့် မတည်ငြိမ်မှုများအပြင် မြန်မာနိုင်ငံ အရေး ကိုပါ အိန္ဒိယ အာဏာပိုင်များ ခေါင်းထဲ ထည့်စဉ်းစားလာရလိမ့်မည် ဖြစ်ပါသည်။

          မြန်မာနိုင်ငံ၏ ပထဝီ မဟာဗျူဟာ အရေးပါမှုကို အိန္ဒိယ သမုဒ္ဒရာ ဒေသ(Indian Ocean Region IOR) တွင် မြင်တွေ့ လာရတော့မည်ဟု အိန္ဒိယက ယုံကြည်နေပြီး၊ တရုတ်ကလည်း စစ်ရေးနှင့် မဟာဗျူဟာ ကျသောကြောင့် အကူအညီများ လျှို့ဝှက်စွာ ပေးလျက် ရှိပါသည်။

          အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်း၏ မီဒီယာ အကြံပေး ပုဂ္ဂိုလ်ဟောင်း Sanjaya Baru ၏ အဆိုအရ IOR တွင် တပ်အင်အား ဖြည့်တင်းရန် ရေးဆွဲထားရေးအတွက် လိုအပ်ကြောင်း ဆိုပါသည်။ အရှေ့အာဖရိကတွင် မိမိတို့၏ အောင်မြင်သော ပင်လယ်ဒမြ တိုက်ဖျက်ရေး မစ်ရှင် အောင်မြင်သည်ကို တွေ့ရသလို၊ အိန္ဒိယ သမုဒ္ဒရာ ဒေသတွင်လည်း အိန္ဒိယတပ်များ ချထားရေးကို ပြန်လည် စဉ်းစား၍ ပြသရန် လိုကြောင်း Sanjaya က ပြောပါသည်။

          အိန္ဒိယ သမုဒ္ဒရာ ဒေသသည် အာဖရိကမှ သြစတြေးလျထိ ကျယ်ပြန့်ပြီး၊ ကမ္ဘာပေါ်တွင် တတိယ အကြီးဆုံး ရေထု ရှိပြီး ကမ်းရိုးတမ်းနိုင်ငံ ၃၃ နိုင်ငံ ပါဝင်ပါသည်။ တရုတ်၏ ၈၀ % သော ဆီနှင့် အိန္ဒိယ၏ ၆၅% သော ဆီသည် IOR မှ ဖြတ်၍ သင်္ဘောဖြင့် သယ်ယူရပါသည်။

          အိန္ဒိယနိုင်ငံ Chennai ရှိ အမြတ် မယူသည့် ရန်ပုံငွေအဖွဲ့ Takshashila Institution မှ အဖွဲ့ ဝင် Nitin Pai က ပြောကြားရာတွင် IOR သည် အိန္ဒိယနိုင်ငံ၏ စွမ်းအင်နှင့် ကုန်သွယ်ရေးအတွက် သယ်ဆောင်ရာတွင် အရေးကြီးသဖြင့် ကာကွယ်ဖို့ လိုအပ်ကြောင်း ပြောဆိုခဲ့ပါသည်။ တရုတ်နိုင်ငံက လည်း မဟာဗျူဟာ ရွေ့လျားမှုများ ပြုလုပ်နေခြင်းကြောင့် မိမိတို့ကလည်း၊ မဟာဗျူဟာအရ ကာကွယ် ရေးအတွက် မိမိတို့၏ တပ်များကို IOR တွင် ပြန်လည် နေရာ ချထားသင့်ကြောင်း ပြောခဲ့ပါသည်။

          နယူးဒေလီ အခြေစိုက် Think Tank ဖြစ်သော National Maritime Foundation မှ အကြီးအကဲ တစ်ဦး ဖြစ်သူ ရေတပ် ဗိုလ်မှူးကြီးဟောင်း Uday C.Bhaskar က ပြောရာတွင် ယခု အရေး ကိစ္စတွင် အိန္ဒိယသည် နောက်ပြန် သွားနေကြောင်း ဆိုခဲ့ပါသည်။ ၂၀၀၄ ဆူနာမီ ပြီးစက တည်ထောင်ခဲ့ သော အိန္ဒိယ၏ သြဇာ ရှိမှုသည် ယခု အရှေ့တောင် အာရှနှင့် IOR ဒေသ တွင်းတွင် လစ်ဟာမှုများ ကြောင့် လျော့ကျနေပြီဟု ၎င်းက ပြောပါသည်။

          အနီးကပ်ဆုံး အိန္ဒိယ သံတမန်များ အနေဖြင့် မိမိတို့ ခြေကုတ် ယူနိုင်ရေးအတွက် ပထမဆုံး လုပ်ရမည့် တာဝန်မှာ မြန်မာနိုင်ငံတွင် ပြုလုပ်မည့် ပါတီစုံ ရွေးကောက်ပွဲနှင့် မည်သို့ ရင်ဆိုင် ကိုင်တွယ်မည့် စိန်ခေါ်မှုပင် ဖြစ်ပါသည်။

          သို့သော် စစ်တပ်မှလည်း အာဏာကို ဆက်လက် ဆုပ်ကိုင်ထားပြီး ပါကစ္စတန်နှင့် မြောက်ကိုရီး ယားတို့မှ လျှို့ဝှက် အကူအညီများလည်း ဆက်လက် ရယူနိုင်ပြီး၊ တရုတ်မှလည်း စိတ်ဓာတ်ရေးရာ အကူအညီများ ပေးထားဦးမည် ဆိုလျှင်၊ မြန်မာနိုင်ငံ၏ နျူကလီးယား လမ်းစဉ်ကို အိန္ဒိယရော အခြားနိုင်ငံများကပါ နှောင့်နှေးအောင် ပြုလုပ်နိုင်လိမ့်မည် မဟုတ်ပေ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment