Transparency Myanmar

transparency.myanmar@gmail.com

Irrawaddy News, 25th January 2010

ထိုင်းနိုင်ငံ တပ်ခ် ပြည်နယ် ထောင်ရန် ခရိုင်တွင် နေထိုင်သော ကရင်ရွာသား (၃၀၀၀) ခန့်သည် မြန်မာနိုင်ငံသို့ ပြန်ရန် ထိုင်း အာဏာပိုင်များ၏ ဖိအားပေးမှုနှင့် ရင်ဆိုင်နေရပါသည်။

ဒုက္ခသည်များ၏ အရေးကို ဆုံးဖြတ်ရန် ထိုင်း အာဏာပိုင်များက တနင်္လာနေ့တွင် ဆောင်ရန် ခရိုင်၌ အစည်းအဝေး ကျင်းပရန် စီစဉ်ထားသော်လည်း လူ့အခွင့်အရေး အဖွဲ့များ၏ အဆိုအရ ရက်ရွှေ့ဆိုင်း ထားသည်ဟု သိရပါသည်။

ထိုင်း သတင်းစာ The Nation တွင် တနင်္ဂနွေနေ့က သတင်း ဖော်ပြရာ၌ ယင်း အစည်းအဝေးသို့ ထိုင်း စစ်တပ်၊ DKBA၊ KNU၊ NGO အဖွဲ့များနှင့် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှ ကိုယ်စားလှယ်များ တက်ရောက်ကြမည်ဟု ဆိုပါသည်။

ကရင် ဒုက္ခသည် (၃၀၀၀) စလုံးကို မြန်မာနိုင်ငံသို့ ပြန်လွှတ်ရေး အတွက် အမိန့် ထုတ်ပြန်ရန် ထိုင်း အာဏာပိုင်များကို DKBA က တောင်းဆိုထားပါသည်။

ယခင် အပတ်ကမူ ကရင် ဒုက္ခသည်များအား မဲလ ဒုက္ခသည် စခန်းသို့ ပြောင်းရွှေ့ရမည်ဟု ပြောကြားခဲ့ပါသည်။

၂၀၀၉ ခုနှစ် ဇွန်လက မြန်မာစစ်တပ်၊ DKBA ပူးပေါင်း အဖွဲ့ နှင့် KNLA တပ်ဖွဲ့တို့ အကြား တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် ထိုင်းနိုင်ငံတွင်းသို့ ထွက်ပြေးပြီး ယာယီ စခန်းများတွင် နေထိုင်နေသော ဒုက္ခသည်များအပေါ် ယခုအခါ ဖိအားများ တိုက်ရိုက် ကျရောက်လာခြင်း ဖြစ်သည်။

လူတို့ကို နေခွင့်ပြု မပြု၊ အနာဂါတ်နှင့် ပတ်သက်ပြီး မဆုံးဖြတ်ရသေးပါဘူးဟု ပြောကြားသူမှာ ထိုင်းမြန်မာ နယ်စပ် ကုန်သည်ကြီးများ အသင်း ဒုတိယဒါရိုက်တာ Sally Thompson ဖြစ်ပါသည်။ နယ်စပ်ကို ဖြတ်ကူး၍ မြန်မာနိုင်ငံသို့ ပြန်ရန် ကရင် ရွာသားများကို နေ့စဉ် ဖိအားပေးလျက် ရှိသည်ဟုလည်း ဆိုပါသည်။

"တကယ်လို့ သူတို့ ပြန်သွားရင်တောင် အဲဒီ နယ်မြေမှာ မိုင်းတွေ အများကြီး မြှုပ်ထားတဲ့ အတွက် တော်တော့်ကို စိုးရိမ်စရာ ကောင်းပါတယ်။ မြန်မာနိုင်ငံ အရှေ့ပိုင်းမှာ ပြဿနာတွေ ဖြစ်ပွားနေဆဲမို့ တိုက်တွန်းချက် မပါဘဲ ကိုယ့်စိတ်နဲ့ကိုယ် ပြန်တာမျိုးပဲ ဖြစ်သင့်တယ်" ဟု ၎င်းက ပြောကြားပါသည်။

ထိုင်းနိုင်ငံ အတွင်း ကရင် ဒုက္ခသည်များ ပိုမို ရောက်ရှိလာနိုင်သော အချက်ကို ထိုင်းအစိုးရက ပူပန်နေသည်ဟု ထိုင်းနိုင်ငံ အခြေစိုက် ကရင် ဒုက္ခသည် ကော်မတီ KRC က ပြောဆိုပါသည်။

မြန်မာ စစ်တပ်တွင် အမှုထမ်းရန် ခြိမ်းခြောက် ဆင့်ခေါ်ခြင်း၊ ပေါ်တာဆွဲ အတင်းအကျပ် ခိုင်းစေခြင်း၊ KNLA နှင့် DKBA နှစ်ဖွဲ့စလုံးက ကရင်ရွာများအနီး ပတ်လည်တွင် မိုင်းများ ထောင်ထားခြင်းတို့ကြောင့် ကရင်ရွာသား အများစုမှာ ၎င်းတို့၏ နေအိမ်များကို စွန့်ခွာ ထွက်ပြေးကြခြင်း ဖြစ်ပါသည်။

ရွာတွင် ကျန်ခဲ့သော ကျွဲကို ပြန်သွားကြည့်သည့် ကရင် ဒုက္ခသည် ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦး ယခင် အပတ်က မိုင်းနင်းမိသောကြောင့် ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားသည်ဟုလည်း KRC က ပြောကြားပါသည်။

DKBA နှင့် မြန်မာ စစ်တပ် ပူးပေါင်း အဖွဲ့သည် KNLA တပ်မဟာ၏ ဌာနချုပ်ကို ၂၀၀၇ ဇွန်လတွင် သိမ်းပိုက် နိုင်ခဲ့ပါသည်။ သို့သော် ၂၀၀၉ စက်တင်ဘာလတွင် ကရင်ပြည်နယ် မြောက်ပိုင်း ဖာပွန် ခရိုင်တွင်းရှိ KNLA တပ်မဟာ (၅) စိုးမိုး နယ်မြေကို ထိန်းချုပ်ရန် ကြိုးစားမှုမှာ မအောင်မြင်ခဲ့ပါ။

ထို့အပြင် ကရင်ပြည်နယ် အတွင်း ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသော Free Burma Rangers FBR ၏ ဇန်နဝါရီ ၂၁ ရက် အစီရင်ခံစာအရ ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်ရှိ ကျေးရွာ (၁၀) ခု အမျိုးသမီးများနှင့် ကလေးများ  ပါဝင်သော ကရင် ဒုက္ခသည် (၂၀၀၀) ခန့်မှာ ဇန်နဝါရီ (၁၇) တွင် နေအိမ်များမှ ဖယ်ရှားခြင်း ခံရသည်ဟု သိရပြီး ၎င်းဒုက္ခသည်များမှာ အစားအစာ၊ ဆေးဝါး စောင့်ရှောက်မှုနှင့် အခြား အခြေခံ လိုအပ်ချက်များ မလုံလောက်မှုနှင့် ရင်ဆိုင်နေရသည်ဟု ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment