Transparency Myanmar

transparency.myanmar@gmail.com

news.yahoo.com, 26th January 2010

ပြည်ပရောက် တိဘက် ဘာသာရေး ခေါင်းဆောင် ဒလိုင်းလားမား၏ ကိုယ်စားလှယ် အဖွဲ့သည် အခြေအနေ ရှုပ်ထွေးနေသော တိဘက် ဟိမဝန္တာဒေသ၏ နိုင်ငံရေး အခြေအနေနှင့် ပတ်သက်၍ ဆွေးနွေး ညှိနှိုင်းမှုများ ပြန်လည် စတင်ရန် တရုတ်နိုင်ငံသို့ ရောက်ရှိခဲ့သည်ဟု သက်ဆိုင်ရာက အင်္ဂါနေ့တွင် ပြောကြားပါသည်။

အဆိုပါ ကိုယ်စားလှယ် အဖွဲ့သည် ၉ ကြိမ်မြောက် ဆွေးနွေးပွဲများ ကျင်းပရန် ရောက်ရှိနေခြင်း ဖြစ်ပြီး စေ့စပ် ဆွေးနွေးမှုများ မကြာခဏ ဆက်တိုက် ပြုလုပ်ရန် အမေရိကန်၏ အခိုင်အမာ ရပ်တည်မှုကိုလည်း ဖော်ပြကြသည်ဟု အမေရိကန် အစိုးရက ကြေငြာပါသည်။

နှစ်ပေါင်းများစွာက သဘောထား ကွဲလွဲနေမှုများကို ဖြေရှင်းရန် တရုတ်နိုင်ငံနှင့် ဒလိုင်းလားမား၏ ကိုယ်စားလှယ် အဖွဲ့ တို့ကြား တွေ့ဆုံ ဆွေးနွေးမှုကို အမေရိကန် ပြည်ထောင်စုက အခိုင်အမာ ထောက်ခံ အားပေးသည်ဟု နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့် ရှိသူ Philip Crowley က ပြောကြားပါသည်။

မပြီးဆုံးသေးသော ကိစ္စများကို ဖြေရှင်းရန် အနာဂတ် ဆွေးနွေးပွဲ ရလဒ်များအတွက် အခြေခံ အုတ်မြစ်နှင့် အပေါင်း လက္ခဏာ ဆောင်သော ရလဒ်များ ယခု အစည်းအဝေးမှ ထွက်ပေါ်လာမည် ဟု အမေရိကန် အစိုးရအဖွဲ့က မျှော်လင့်နေကြောင်း ၎င်းက ဆက်လက် ပြောဆိုပါသည်။

အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် နေထိုင်သူ တိဘက် ဗုဒ္ဓဘာသာ ခေါင်းဆောင်နှင့် တရုတ် အစိုးရ ကိုယ်စားလှယ်များသည် ချက်ချင်း မှတ်ချက် ပေးနိုင်ဦးမည် မဟုတ်သေးကြောင်း တရုတ် အစိုးရ အရာရှိများနှင့် တွေ့ဆုံမည့် Lodi G.Gyari နှင့် Kelsang Gyaltsen တို့က ဆိုပါသည်။

ဒလိုင်းလားမား၏ ပြောဆို ခွင့်ရ ပုဂ္ဂိုလ် Tenzin Taklha က ယခု ဆွေးနွေးပွဲများသည် အပြန်အလှန် သဘောတူသည့် ဖြေရှင်းချက် တစ်ရပ် တွေ့ရှိရန် ကြိုးစားသည့် အရေးကြီးသော လုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်သည်ဟု တနလာင်္နေ့တွင် ပြောကြားသည်။

ပြဿနာများကို ညှိနှိုင်း ဆွေးနွေးခြင်း နည်းလမ်းနှင့်သာ ဖြေရှင်းနိုင်လိမ့်မည်ဟု ဒလိုင်လားမား ကလည်း အလားတူ ယုံကြည်ထားကြောင်း ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောဆိုပါသည်။

တိဘက်သည် တရုတ်နိုင်ငံ၏ အစိတ်အပိုင်း တစ်ခုသာ ဖြစ်သည် ဟူသော ရပ်တည်ချက်ကို အလျှော့ပေး လိုက်လျောမည် မဟုတ်ဟု တရုတ်က အခိုင်အမာ ပြောကြားခဲ့သည့် ၂၀၀၈ နိုဝင်ဘာ နောက်ပိုင်းမှ စ၍ ယခု ပထမဆုံး ပြန်လည် ဆွေးနွေးခြင်း ဖြစ်သည်။

ယခု တစ်ကြိမ်တွင်မူ တရုတ်က ပြင်းထန်သော သဘာထား ကွဲလွဲမှုများ ရှိခဲ့သော်လည်း အနာဂတ် ဆွေးနွေးပွဲများ အတွက် တံခါးဖွင့်ထားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

လွန်ခဲ့သော နှစ်နှစ်နီးပါးက တရုတ် ဆန့်ကျင်ရေး လှုပ်ရှားမှုများ ဖြစ်ပွားခဲ့ပြီး ဘီကျင်း၏ နှိမ်နှင်းမှုကြောင့် လူ အသေ အပျောက်များ ရှိခဲ့သော တိဘက် ဒေသတွင် ဒေသတွင်း တည်ငြိမ်မှုနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို အားဖြည့် ရည်ရွယ်သည့် အစီအစဉ် သစ်များကို တရုတ်က ယခင် အပတ်တွင် တင်ပြလာပါသည်။

တရုတ်နိုင်ငံတွင်း ဆွေးနွေးပွဲ ကျင်းပမည့် နေရာ အတိအကျကိုမူ အတည် မပြုနိုင်သေး ဟု Taklha က ပြောပါသည်။

ဒလိုင်းလားမား ဆယ်စုနှစ် ၅ ခု မျှနေထိုင်ခဲ့ပြီး ပြည်ပရောက် တိဘက်အများစု အခြေစိုက်လေ့ ရှိကြသော အိန္ဒိယ တောင်ပေါ်မြို့ ဒါရမ်းရှာလာ သို့ ဖေဖော်ဝါရီ လဆန်းတွင် ကိုယ်စားလှယ် အဖွဲ့ ပြန်လာလိမ့်မည်ဟု ၎င်းက ပြောကြားပါသည်။

၂၀၀၂ က စတင်ခဲ့သော ဆွေးနွေး ညှိနှိုင်းမှုများကို ပြန်လည် ကျင်းပရန် စဉ်းစားနေသည်ဟု တရုတ်နိုင်ငံက ယခင်နှစ်က ပြောကြားခဲ့သော်လည်း တိဘက်ခေါင်းဆောင်အား ခွဲထွက်ရေး လှုပ်ရှားမှုများကို စွန့်လွတ်ရန် မကြာခဏ တောင်းဆိုခဲ့ပါသည်။

တရုတ်တပ်များ တိဘက်ဒေသသို့ ဝင်ရောက်ပြီး ၉ နှစ် အကြာ ၁၉၅၉ တွင် တရုတ် အုပ်ချုပ်မှုကို ဆန့်ကျင်သော လူထုအုံကြွ လှုပ်ရှားမှု ကျဆုံးပြီးနောက် နိုင်ငံကို စွန့်ခွာ ထွက်ပြေးခဲ့ချိန်မှ စ၍ ဒလိုင်းလားမားသည် တိဘက်ဒေသ အတွက် စစ်မှန်သော ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရှိရန် ကြိုးစားခဲ့ပါသည်။

ဒလိုင်းလားမား အမှန်တကယ် လိုချင်သည်မှာ လုံးဝ လွတ်လပ်ရေးသာ ဖြစ်သည်ဟု တရုတ်တို့က ဆိုပါသည်။

ဒေသတွင်း တည်ငြိမ်မှု ရှိစေရန် ကြိုးစားမည်ဟု ဂတိပေးခဲ့သော စစ်မှုထမ်းဟောင်း အရာရှိ တစ်ဦးကို တိဘက်ဒေသ အုပ်ချုပ်ရေးမှူးသစ် အဖြစ် တရုတ်တို့က ယခုလ အစောပိုင်းတွင် ခန့်အပ်ခဲ့ပါသည်။

ထို့အပြင်  သမ္မတ ဟူကျင်းတောင်က နိုင်ငံတစ်ခုလုံး ဖွံ့ဖြိုး တိုးတက်ရေး အတွက် တည်ငြိမ်မှု ထိန်းသိမ်းရေးနှင့် အဆင့်ကျော် တိုးတက်မှုများသည် အဓိက အချက်များ ဖြစ်ကြောင်း ပြောကြားခဲ့ပြီး တိဘက်ဒေသ၏ တစ်ဦးချင်း ဝင်ငွေ ကို နိုင်ငံတော် အဆင့်နှင့် အနီးစပ်ဆုံး ဖြစ်အောင် မြှင့်တင်ပေးမည် ဟု ယခင် အပတ်က ဂတိပေးခဲ့ပါသည်။

ဆွေးနွေးပွဲများ ပြန်လည် စတင်ခြင်း အတွက် ဗြိတိန်က တနလာင်္နေ့တွင် ကြိုဆိုလိုက်ပါသည်။

တိဘက်ဒေသ အတွက် စစ်မှန်သော ကိုယ်ပိုင် အုပ်ချုပ်ရေး ရရှိရန် ရှေ့ရှုသည့် တိုးတက်မှုများ ပြုလုပ်ရန်နှင့် ကောင်းမွန်သော ယုံကြည် မျှော်လင့်ချက်များဖြင့် ဆွေးနွေးကြရန် နှစ်ဖက်စလုံးကို တိုက်တွန်းပါသည်ဟု နိုင်ငံခြားရေး ဝန်ကြီး (အငယ်တန်း) Ivan Lewis ကပြောကြားခဲ့ပြီး ၎င်းသည် စက်တင်ဘာလ အတွင်းက ဗြိတိသျှ ဝန်ကြီ်း တစ်ဦးအနေဖြင့် တိဘက် သို့ ပထမဆုံး သွားရောက်ခဲ့သူ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment