Transparency Myanmar

transparency.myanmar@gmail.com

AFP, 26th January 2009

          ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အမြန်ဆုံး လွှတ်ပေးရန် အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံကို အင်္ဂါနေ့တွင် တောင်းဆိုလိုက်ပြီး အငြင်းပွားဖွယ် ရွေးကောက်ပွဲများ အပြီးတွင် သူမကို လွှတ်ပေးဖွယ် ရှိကြောင်း တပ်မတော် အစိုးရက လက္ခဏာများ ပြသခဲ့ပြီးနောက် ယင်းကဲ့သို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

          တစ်ကမ္ဘာလုံးက တောင်းဆိုနေသည့် အတွက် သူမအား နိုဝင်ဘာလအတွင်း လွှတ်ပေးရန် တပ်မတော် အစိုးရက စဉ်းစားနေကြောင်း၊ သို့ရာတွင် ရွေးကောက်ပွဲများ ပြီးမှ ဖြစ်ဖွယ် ရှိကြောင်း ကြားသိရသည်ဟု ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်၏ ပါတီ NLD က ပြောကြားပါသည်။

          ရွေးကောက်ပွဲပြီးမှ သူမအား လွှတ်ပေးရန် အဆင်ပြေမည် ဟူသော အကြံဥာဏ်မှာ စိတ်မကောင်းစရာပင် ဖြစ်သည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ Philip Crowley က သတင်းထောက်များကို ပြောကြားပါသည်။

          သူမ လွတ်မြောက်ရေးအတွက် မြန်မာ အစိုးရကို ဖိအားပေးမှုများ ဆက်တိုက် ပြုလုပ်သွားမည် ဟုလည်း ၎င်းက ပြောပါသည်။

          မြန်မာ အစိုးရနှင့် တွေ့ဆုံဆွေးနွေးရေးကို လွှတ်တော်တွင်း ဦးဆောင် ထောက်ခံသူ ဆီနိတ်တာ Jim Webb နှင့် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်တို့ တွေ့ဆုံမှု အပြီးတွင် Philip Crowley က ပြောကြားခဲ့ခြင်း ဖြစ်သည်။

          နောက်ဆုံး ကျင်းပခဲ့သော ၁၉၉၀ ရွေးကောက်ပွဲများတွင် NLD ပါတီက အပြတ်အသတ် အနိုင်ရရှိခဲ့သော်လည်း ၁၉၆၂ ကပင် အာဏာသိမ်းခဲ့သည့် စစ်ဖက် အစိုးရက လုံးဝ အသိအမှတ် မပြုခဲ့ပါ။

          ဒေါ်အောင်ဆန်းစုကြည်အား ဆယ်စုနှစ် (၂) စု နီးပါး နေအိမ် အကျယ်ချုပ် ထိန်းသိမ်း ထားခြင်းအား ရုတ်သိမ်းပေးရန် နိုင်ငံတကာ၏ အဆက်မပြတ် မေတ္တာရပ်ခံမှုများကို စစ်ဖက် အစိုးရက ငြင်းဆန်နေခဲ့ပါသည်။

          ယခုနှစ်အတွင်း တချိန်ချိန်၌ ကျင်းပပေးရန် မြန်မာအစိုးရက စီစဉ်နေသည့် ရွေးကောက်ပွဲများသည် စစ်အုပ်ချုပ်ရေး တရားဝင်စေရန် အတွက် ရွှေ့မှုတစ်ခုသာ ဖြစ်သည်ဟု ယုံကြည်နေသော အတိုက်အခံ ပါတီက အကြီးအကျယ် သံသယပွားလျက် ရှိပါသည်။

          အမေရိကန် သမ္မတ ဘားရက် အိုဘားမား အစိုးရသည် နိုင်ငံတကာ ရပ်ဝန်းသို့ မြန်မာနိုင်ငံ ပြန်လာခြင်းကို ထောက်ခံသည့် မျှော်လင့်ချက်များဖြင့် တပ်မတော် အစိုးရနှင့် ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်နေပါသည်။

          သို့သော်လည်း နိုင်ငံရေး အကျဉ်းသားများကို ဖမ်းဆီး ထိန်းသိမ်းထားခြင်း၊ တိုင်းရင်းသား လူမျိုးစုများအပေါ် စစ်ရေးအရ တိုက်ခိုက်နေခြင်းများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်နေကြောင်း အမေရိကန် အစိုးရက ထုတ်ပြန် ကြေညာခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment