Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံပိုင် လုပ်ငန်းများအား ပုဂ္ဂလိကပိုင် ပြုလုပ်မည့် အစီအစဉ်ကို စစ်အစိုးရက ယခုနှစ်အတွင်း တွန်းအားပေး အကောင်အထည်ဖော်မည် ဖြစ်ကြောင်း သိရပါသည်။

မြန်မာအစိုးရ၏ ပုဂ္ဂလိကပိုင်ပြုရေး ဆိုင်ရာကော်မရှင်၏ ထုတ်ပြန် ကြေညာချက်အရ ဝန်ကြီး ဌာနပေါင်း ၁၁ ခုက ပိုင်ဆိုင်သော အဆောက်အအုံများ၊ စက်ရုံများ၊ ဆိပ်ကမ်းများ၊ ကုန်လှောင်ရုံများ နှင့် ရုပ်ရှင်ရုံများကို ပုဂ္ဂလိက ကုမ္မဏီ ၁၁၀ အား လေလံတင် ရောင်းချမည် ဖြစ်သည်။

အမည်မဖော်လိုသော သတင်းရင်းမြစ်တစ်ခုက အဆိုပါ ထုခွဲရောင်းချရေး အစီအစဉ်တွင် လောင်စာဆီ ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းကိုပါ ပုဂ္ဂလိက ကဏ္ဍသို့ လွှဲပြောင်းပေးမည် ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ဖြစ်ရပ်ကြောင့် မြန်မာပြည်တွင်း လူမှုရေး မတည်မငြိမ်မှုများ ဖြစ်ပေါ်လာဖွယ် ရှိသည် ဟုလည်း လေ့လာ စောင့်ကြည့်သူတို့က ပြောပါသည်။ အမှန်တကယ်တွင် မြန်မာအစိုးရသည် ၁၉၉၅ ခုနှစ် ကတည်းက နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများအား ပုဂ္ဂလိကပိုင်အဖြစ် လုပ်ကိုင်ခွင့်ပြုသည့် အစီအစဉ် တစ်ရပ်ကို မိတ်ဆက်ခဲ့ပြီးဖြစ်သည်။

ထိုစဉ်က စစ်အစိုးရက ဈေးကွက် စီးပွားရေးစနစ်ကို အောင်မြင်စွာ အကောင်ထည် ဖော်နိုင်ရန်နှင့် စီးပွားရေး လုပ်ငန်းများပိုမို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် အလို့ငှာ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများအား ပြည်တွင်း သို့မဟုတ် ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများနှင့် ဖက်စပ်ဖြစ်စေ၊ အပြည့်အဝဖြစ်စေ လုပ်ကိုင်ခွင့် ပေးမည်ဟု ထုတ်ဖော်ခဲ့သည်။

ယခု လေလံတင် ရောင်းချမည့် အစိုးရပိုင် စီးပွားရေး လုပ်ငန်းနှင့် အဆောက်အအုံ အများစုမှာ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ ပဲခူး နှင့် ရခိုင်ပြည်နယ် တို့တွင်ရှိသည်။ လေလံတင် ရောင်းချမည့် နေ့မှာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ဖြစ်သည်ဟု ဆိုပါသည်။

သို့သော် စီးပွားရေး လေ့လာသုံးသပ်သူများ အမှန်တကယ် စိတ်ဝင်စားနေသည့် အချက်မှာ  မတ်လ ၃၁ ရက်နေ့ နောက်ဆုံးထား၍ အစိုးရပိုင် ဓာတ်ဆီ၊ ဒီဇယ်နှင့် သဘာဝဓာတ်ငွေ့ အရောင်းဆိုင်များ အားလုံး ပုဂ္ဂလိကပိုင် ပြုပေးမည့် ကိစ္စပင်ဖြစ်သည်။

ယနေ့အချိန်အထိ သေချာစွာ ပြောနိုင်သည့် ကိစ္စတစ်ခုမှာ အဆိုပါ လောင်စာဆီ တင်သွင်းသူ နှင့် ဖြန့်ဖြူး ရောင်းချသူများ အသင်းသည် စစ်အစိုးရနှင့် ရင်းနှီးသော ထိပ်ပိုင်းစီးပွားရေး သမားများသာ ဖြစ်မည်ဟူသော အချက်ပင် ဖြစ်ပါသည်။

ဆိုပါ အသစ်ဖွဲ့စည်းလိုက်သော အသင်း၏ ဥက္ကဋ္ဌမှာ ကုလသမဂ္ဂ၏ နာမည်ပျက် စီးပွားရေး လုပ်ငန်းရှင်များ စာရင်းတွင် ပါဝင်ပြီး စစ်အစိုးရနှင့် လွန်စွာ ရင်းနှီးကျွမ်းဝင်သော စီးပွားရေးသမားကြီး ဦးတေဇပင် ဖြစ်သည်။

အဆိုပါ အနေအထားမျိုးတွင် စွမ်းအင် ဆာလောင်မွတ်သိပ်နေသော တရုတ်နိုင်ငံကလည်း လွတ်လပ်သော ကုန်သွယ်မှုကို အကြောင်းခံကာ မိမိနိုင်ငံအတွင်းသို့ မြန်မာနိုင်ငံမှ လောင်စာများ တင်သွင်းခွင့် ရရှိရန် နည်းလမ်းရှာလျက် ရှိသည်။

မြန်မာ စွမ်းအင်ဝန်ကြီးဌာန၏ အဆိုအရ မြန်မာနိုင်ငံ တစ်ဝန်း၌ လောင်စာဆီ အရောင်းဆိုင် စုစုပေါင်း ၂၅၀ ရှိသည်။ မည်သို့ပင်ဆိုစေ ယခုကဲ့သို့ ပုဂ္ဂလိကပိုင်ပြုသည့် ကိစ္စကြောင့် အများ ပြည်သူများသို့ ရောင်းချသည့် လောင်စာဆီ ဈေးနှုန်းများ အဆမတန် မြင့်တက် သွားနိုင်သည့် အနေအထားတွင် ရှိပါသည်။

ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်အတွင်းက စစ်အစိုးရက ဓာတ်ဆီ၊ ဒီဇယ်ဆီနှင့် သဘောဝဓာတ်ငွေ့ အစရှိသည့် လောင်စာဆီ ရောင်းချသည့် ဈေးနှုန်းများကို နှစ်ဆခန့် မြှင့်တင်လိုက်ရာ သံဃာတော် များက ဦးဆောင်ပြီး ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြမှု ထွက်ပေါ်ခဲ့သည်။

သို့သော် ရွှေဝါရောင် တော်လှန်ရေး အမည်တွင်သည့် အဆိုပါ ဆန္ဒပြပွဲမှာ သွေးပေစွန်း၍ ပြီးဆုံးခဲ့ရသည်။
Asian News မှသတင်းကိုဘာသာပြန်ဆိုပါသည်

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment