Transparency Myanmar

transparency.myanmar@gmail.com

Mizzima News, 5th February 2010

မြန်မာ အစိုးရသည် နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများ ဖြစ်သော စက်ရုံများ၊ ကူးသန်း ရောင်းဝယ်ရေး လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီး သွားလာရေး ကဏ္ဍ၊ သမဝါယမ ကဏ္ဍ၊ မွေးမြူရေး နှင့် ရေလုပ်ငန်း၊ စွမ်းအင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ကဏ္ဍများတွင် တပြိုင်နက် ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကို လုပ်ဆောင်လျက် ရှိနေပါသည်။

အစိုးရသည် လွန်ခဲ့သော နှစ် ၂၀ ခန့်ကတည်းက ဈေးကွက် စီးပွားရေး စနစ်ကို ပြောင်းလဲ ကျင့်သုံးနေသည်ဟု ပြောဆိုလာခဲ့သော်လည်း ယခုမှ ပုဂ္ဂလိကပိုင် ပြုလုပ်ရန် အားကြိုး မာန်တက် စီမံလာခြင်းမှာ ထူးဆန်းနေပေသည်။

အစိုးရကမူ ရွေးကောက်ပွဲ အရ ပေါ်ထွက်လာမည့် အစိုးရ အဖွဲ့သို့ အာဏာ လွှဲပြောင်းပေးမည့် ကိစ္စတွင် နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများကို ပုဂ္ဂလိကပိုင် ပြုလုပ်ရေးမှာ လိုအပ်ကြောင်း ကာကွယ် ပြောဆိုခဲ့ပါသည်။ ထပ်မံ ထွက်ပေါ်လာမည့် အစိုးရတွင် ယခု လူများပင် ယူနီဖောင်း ချွတ်၍ အုပ်ချုပ်လိမ့်ဦးမည်ဟု ယူဆရပေသည်။ ထို့ကြောင့် ပြုပြင် ပြောင်းလဲရေးသည် အောင်မြင်ရန် အခွင့်အလမ်း နည်းပါးပေလိမ့်မည်။

ယခု ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်းသည် အာဏာရှင်များ၏ ဆွေမျိုး ၎င်းတို့နှင့် နီးစပ်သူ အပေါင်းအသင်းများ၏ အင်ပါယာ ချဲ့ထွင်ခြင်း တစ်ရပ်ပင် ဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ယခု ရောင်းချမည့် နိုင်ငံပိုင် ပစ္စည်းများ၊ သဘာဝ အရင်းအမြစ်များကို ၎င်းတို့အတွင်းစည်းမှ လက်တစ်ဆုပ်စာ အခွင့်ထူးခံ တစ်စုကသာ လက်ဝါးကြီးအုပ် ဝယ်ယူကြခြင်းကြောင့် ဖြစ်ပါသည်။ ယခု ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်းသည် လူအများစုကို အကျိုး ဖြစ်ထွန်းစေမည့် အစား၊ ဗိုလ်ချုပ်များနှင့် ၎င်းတို့၏ အပေါင်းအသင်းများကို စီးပွားရေး အခွင့်အလမ်းများ ဖန်တီးပေးခြင်းပင် ဖြစ်ပေလိမ့်မည်။

တင်ဒါ ခေါ်မှုများမှာလည်း အပြ ကောင်းရန် အတွက် ဖြစ်ပြီး၊ အစိုးရနှင့် နီးစပ်သော အသိုင်းအဝိုင်းသည် အမှန်တကယ် ငွေများစွာ မြတ်နိုင်သော လုပ်ငန်းများကို ရယူနိုင်မည် ဖြစ်ပါသည်။ ကြိုတင်၍ ရွေးချယ်ထားကြပြီး ဖြစ်ပါသည်။ အဆိုပါ အစိုးရနှင့် နီးစပ်သော စီးပွားရေး အသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များ၊ အဖွဲ့များသည် ယခုကဲ့သို့ ပုဂ္ဂလိကပိုင် ပြုလုပ်ရန် ကြေညာချက် မထွက်မီ အချိန်များစွာ ကတည်းက၊ ပြင်ဆင်ထားကြပြီး ဖြစ်ပါသည်။

ရွေးကောက်ပွဲကြောင့် နိုင်ငံရေး ပြောင်းလဲမှု ဖြစ်နိုင်ချေသည် အလွန်တရာ နည်းပါးလှပါသည်။ ၂၀၀၉ ခုနှစ်တွင် နိုင်ငံရေး အကျဉ်းသား ဦးရေ တိုးလာခြင်းနှင့် အတူ သတင်းစာ ဆရာများကို ထောင်ဒဏ် နှစ်ရှည် ချမှတ်မှုများလည်း ရှိနေပါသည်။ နိုင်ငံရေး ပါတီများ၏ လှုပ်ရှားမှုများကို ကန့်သတ်ခြင်းများ၊ ဖွဲ့စည်းမှုများကို ကန့်သတ်ခြင်း၊ လွတ်လပ်ခွင့် ပေးခြင်း ကို ကန့်သတ်ခြင်းနှင့် အတင်း အဓမ္မ ပြုမှုများ ပိုမို ပြုလုပ်လျက် ရှိရာ အစိုးရ၏ သရုပ်မှန်ကို ပိုမို ထုတ်ပြသလို ဖြစ်နေပေမည်။

နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများကို ရောင်းပြီး စီးပွားရေး ကဏ္ဍတွင် ပုဂ္ဂလိက ကဏ္ဍကို တိုးချဲ့ပေးခြင်းသည် လိုအပ်ပြီး၊ ပြိုင်ဆိုင်မှု ပိုမို ရှိလာခြင်း၊ ပွင့်လင်း မြင်သာမှု ရှိလာခြင်း၊ တာဝန်ယူမှုနှင့် အဝေဖန် ခံနိုင်မှုများ သည်လည်း အရေးကြီးပြီး၊ လိုအပ်လှပါသည်။

ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်းသည် အလုပ်အကိုင် ဆုံးရှုံးမှုများ၊ အလုပ်သမား အခွင့်အရေးများ ဆုံးရှုံးမှုများ ပိုမို တိုးပွားလာစေမည် ဖြစ်ပါသည်။

အကယ်၍ တစ်စုံတစ်ယောက်သည် လက်ရှိ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး အစီအစဉ်မှ တစ်နိုင်ငံလုံး ခြုံ၍ တိုးတက်မှုများကို မျှော်လင့်သည် ဆိုလျှင် ၎င်းသည် အစိုးရ၏ ရည်ရွယ်ချက်နှင့် အကြောင်းပြချက်တို့ အပေါ် သေချာပေါက် နားလည်မှု လွဲနေခြင်း ဖြစ်နိုင်ပေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment