Transparency Myanmar

transparency.myanmar@gmail.com

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် မြန်မာနိုင်ငံ ဆိုင်ရာ ကုလ အထူးသံတမန် အီဘရာဟင် ဂမ်ဘာရီ၏ နေရာတွင် အစားထိုး ခန့်အပ်ရန် သင့်တော်သည့် သံတမန် တစ်ဦးကို ရှာဖွေလျက် ရှိကြောင်း သိရပါသည်။

ဘန်ကီမွန်း၏ ရုံးအဖွဲ့မှူး ဖြစ်သူ ဗီဂျေနမ်ဘီးယားသည် မြန်မာအစိုးရ တာဝန်ရှိသူများနှင့် စဉ်ဆက်မပြတ် ဆိုသလို ဆက်သွယ်မှုများ ရှိခဲ့သူ ဖြစ်ကြောင်း၊ စစ်အစိုးရ၏ ရည်မှန်းချက်နှင့် သဘောထားများ ပီပီပြင်ပြင် ဖြစ်လာသည်နှင့် တစ်ပြိုင်နက်တည်း အပြန်အလှန် ဆွေးနွေး ညှိနှိုင်းမှုများကိုလည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း ဘန်ကီမွန်းက ပြောကြားပါသည်။

မည်သို့ပင် ဖြစ်စေ ရွေးကောက်ပွဲ ကျင်းပမည့် ယခုနှစ်အတွင်း ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်သစ် ခန့်အပ် ဆောင်ရွက်ရန် မလွယ်ကူသည့် သဘောတွင် ရှိနေပါသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေဘက်မှ နိုင်ငံရေးအရ လိုက်လျောမှု မရှိခြင်း၊ စိတ်ချလက်ချ ဖြစ်သော အနေအထားမျိုး မရှိခြင်း စသည်တို့ကြောင့် အသစ် ဝင်ရောက်မည့် သံတမန်အနေဖြင့်လည်း အားကြိုးမာန်တက် ဆောင်ရွက် လာနိုင်မည် မဟုတ်ပေ။

ရွေးကောက်ပွဲ ကျင်းပပြီး နောက်မှသာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် အသစ် ခန့်အပ် သင့်ကြောင်းဖြင့် အချို့ နိုင်ငံရေး ဆန်းစစ်သူတို့က အကြံပေး ကြပါသည်။ အကယ်၍ ရွေးကောက်ပွဲ မတိုင်မီ မြန်မာနိုင်ငံ ကိစ္စများကို ဆောင်ရွက်ပေးလိုပါက ဆက်သွယ်ရေး လမ်းကြောင်း တစ်ခု(Line of ommunication) ဖွင့်ပေးထားရန် ၊ သို့မဟုတ် အလယ်အလတ် အဆင့်ရှိ ကုလသမဂ္ဂ ကိုယ်စားလှယ် အဖွဲ့ တစ်ဖွဲ့အား မြန်မာနိုင်ငံသို့ စေလွှတ်၍ လုပ်ရပ်များ မှန်ကန်မှု ရှိ၊ မရှိ စစ်ဆေးပေးရန် နှင့် အိမ်နီးချင်း နိုင်ငံများသို့လည်း အဆိုပါ ကိုယ်စားလှယ်အဖွဲ့အား စေလွှတ် စူးစမ်းစေရန်လည်း အကြံပြုကြပါသည်။

အထူး ကိုယ်စားလှယ် ခန့်အပ်နိုင်ရေးအတွက် ကုလမှ တာဝန်ရှိသူများ အနေဖြင့် အများ၏ သဘောထားကို သိရှိနိုင်ရန် ပြည်သူများ အကြားသို့ ဆင်း၍ ဆွေးနွေး ညှိနှိုင်းသင့်ကြောင်း အကြံ ပေးသူများလည်း ရှိသည်။

အကယ်၍ ကုလသမဂ္ဂ အနေဖြင့် ယခင် မအောင်မြင်ခဲ့သော ကိုယ်စားလှယ် အဖွဲ့ များ၏ လုပ်ရပ်နှင့် အားနည်းချက်များကို အလေးအနက်ထား သုံးသပ် ဆန်းစစ်မှုများ မပြုလုပ်ဘဲ ကိုယ်စားလှယ် သစ်များကို စေလွှတ်မည် ဆိုပါက အရာမရောက်၊ မအောင်မြင်မှုများနှင့် ထပ်မံ ရင်ဆိုင် ကြုံတွေ့ရဦးမည်သာ ဖြစ်ပါသည်။

၁၉၈၈ ခုနှစ် အရေးအခင်း ဖြစ်ပြီးနောက် ကုလသမဂ္ဂသည် မြန်မာနိုင်ငံသို့ ကိုယ်စားလှယ်များ စေလွှတ်၍ ဖြေရှင်းစေခဲ့သည်။ သို့သော် စိတ်မချမ်းမြေ့စရာများဖြင့် အဆုံးသတ်ကာ အောင်မြင်မှု မရရှိခဲ့ပေ။ ကုလသမဂ္ဂ၏ ညံ့ဖျင်းမှုကြောင့် မြန်မာနိုင်ငံသည် လူသေများ မြှုပ်နှံရန် သင်္ချိုင်းကြီး တစ်ခုသဖွယ် ဖြစ်ခဲ့ရသည်။ ယင်းသို့သော ဆုံးရှုံးမှုများကို အခြေခံ၍ အထူး ကိုယ်စားလှယ် ရွေးချယ်ရာတွင် အောက်ပါတို့ကို ထည့်သွင်း စဉ်းစားသင့်ပေသည်။

မြန်မာနိုင်ငံအကြောင်း ထဲထဲဝင်ဝင် သိရှိပြီး မြန်မာ့ နိုင်ငံရေးကိုလည်း နှံ့စပ်ရမည်။ မြန်မာပြည်သူများ၏ ဂုဏ်သိက္ခာကို လေးစားရမည်။ အရှေ့တောင်အာရှ နိုင်ငံ အားလုံးကို အလေး ထားရမည်။

ပဋိပက္ခ ဇုန်နယ်များ၏ ပြုပြင် ပြောင်းလဲရေး ကိစ္စများကို သိရှိထားသူ ဖြစ်ရမည်။ စစ်အစိုးရ၊ အတိုက်အခံ ပါတီများ၊ တိုင်းရင်းသား လူနည်းစု ခေါင်းဆောင်များနှင့် မြန်မာ့အရေး လှုပ်ရှားနေသူများ၏ ယုံကြည်မှု ရရှိထားသူ ဖြစ်ရမည်။ ကုလနှင့် မြန်မာ စစ်အစိုးရ အကြား လှည့်ပတ်သူ မဖြစ်စေရ။

အဘက်ဘက်ကို မျှတစွာ ကြည့်တတ်သူ၊ ပြည်တွင်းရော ပြည်ပမှာပါ ညှိနှိုင်းပေးတတ်သူ၊ ရိုးသား ဖြောင့်မတ်ပြီး အမှားကို ဝန်ခံတတ်သူ ဖြစ်ရမည်။ မှားသည်ဟု ဝန်မခံဘဲ သောင်မတင် ရေမကျ လုပ်တတ်သူမျိုး မဖြစ်စေရ။

စစ်အစိုးရ၏ အာဘော်ကိုသာ လိုက်ပြောသူ မဖြစ်စေရ။ အကူအညီပေးသော အဖွဲ့အစည်းများနှင့် စီးပွားရေး လုပ်ငန်းရှင်များ ဘက်ကို ဦးစားပေးသူ မဖြစ်စေရ။ တကယ် လိုအပ်သည်များကိုသာ လုပ်ဆောင်သူ ဖြစ်ရမည်။ စစ်အစိုးရက စည်းရုံးထားသော အဖွဲ့အစည်းများ လှုပ်ရှားမှုကို ခွင့်ပြု ထောက်ခံ အားပေးပြီး အတိုက်အခံနှင့် တိုင်းရင်းသား လူနည်းစုတို့၏ လှုပ်ရှားမှုများကို ကန့်ကွက် ရှုတ်ချသူ မဖြစ်စေရ။

ရန်ကုန်မြို့ရှိ ထရိတ်ဒါး ဟိုတယ်တွင် ညပိုင်း မြန်မာ အမျိုးသမီးကလေးများဖြင့် သောက်စား မူးယစ်ကာ အချိန်ဖြုန်း နေသူမျိုး မဖြစ်စေရ၊ စသည့် အချက်များကို အလေးအနက်ထား ထည့်သွင်း စဉ်းစားပြီး ရွေးချယ်ရေးသာ ဖြစ်ပါသည်။

Irrawaddy သတင်းဌာန၏ How to select a UN Special Enovy? ကို ဘာသာ ပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment