Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံမှ လာသော ပြောင်းရွှေ့လုပ်သား ၁ ဒဿမ ၃ သန်းအနေဖြင့် မြန်မာနိုင်ငံသား ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မတိုင်မီ ထိုင်း အာဏာပိုင်များထံသို့ ထုတ်ဖော် ပြသရမည့် ကိစ္စနှင့် ပတ်သက်ပြီး ထိုင်းနှင့် မြန်မာအစိုးရ နှစ်ရပ်အကြား ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဤသို့ ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ မြန်မာ စစ်အစိုးရ အနေဖြင့် ရွှေ့ပြောင်း လုပ်သားများအပေါ် ဖိအားပေးမှုများ၊ အလွဲသုံးစားမှုများ ပယ်ဖျောက်နိုင်ရန် ဖြစ်သည်ဟု ဆိုသည်။

မြန်မာ စစ်အစိုးရသည် ရွှေ့ပြောင်း လုပ်သားများ နိုင်ငံသားအဖြစ် အသိအမှတ်ပြုသည့် လက်မှတ် ထုတ်ပေးရာတွင် လက်မှတ် တစ်ခုလျှင် ဒေါ်လာ နှစ်ထောင်ခန့် လာဘ်ထိုးပါမှ ထုတ်ပေးသည်ဟု စုံစမ်း သိရှိရပါသည်။

"ဒီကိစ္စဟာ အလုပ်ရှင်ပေါ်မှာ မူတည်ပါတယ်။ အလုပ်ရှင် အနေနဲ့ ခရိုင်ရုံးမှာ သူရဲ့ ဝန်ထမ်းကို မှတ်ပုံတင် ပေးရမှာပါ"  ဟု ထိုင်းအလုပ်သမား ဝန်ကြီးဌာန၊ အလုပ်အကိုင် ခန့်အပ်ရေး ဌာန၏ ညွှန်ကြားရေးမှူးချုပ် Jirasak Sukhonchart က ဘန်ကောက်မြို့တွင် မြန်မာ ကောင်စစ်ဝန်ရုံးမှ တာဝန်ရှိသူများနှင့် ပူးတွဲ ကျင်းပသော ဆွေးနွေးပွဲတွင် ပြောကြားပါသည်။

"ကျွန်တော်တို့ ကြားရတဲ့ သတင်းတွေအရ မြန်မာ အစိုးရ အာဏာပိုင်တွေဟာ ပြောင်းရွှေ့ လုပ်သားတွေရဲ့ မိသားစုတွေကို ခြိမ်းခြောက်ပြီး ငွေညှစ်နေတယ်လို့ သိရပါတယ်။ ပိုက်ဆံ အတော်များများ ပေးမှ နိုင်ငံသားအဖြစ် အသိအမှတ်ပြု လက်မှတ် ထုတ်ပေးနေတယ် လို့လည်း ဆိုပါတယ်" ဟု ၎င်းက ဆက်လက် ပြောဆိုပါသည်။

မိမိအနေဖြင့် မြန်မာအစိုးရမှ တာဝန်ရှိသူများကို တစ်ဦးချင်း ဆက်သွယ်ပြီး နောင် အနာဂတ်တွင် အလားတူ အလွဲ သုံးစားမှုများ မပြုလုပ်အောင် ပြောဆို ညှိနှိုင်းထားသည်ဟု Jirasak Sukhonchart က ဆိုသည်။

ထိုင်းအစိုးရသည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ ဇူလိုင်လတွင် ထိုင်းနိုင်ငံ၌ လာရောက် အလုပ် လုပ်ကိုင်သူများ အားလုံးအနေဖြင့် မိမိသည် မည်သည့်နိုင်ငံမှ ဖြစ်သည် ဟူသော အသိအမှတ်ပြု လက်မှတ် ပြုလုပ်ကြရန် အမိန့် ထုတ်ပြန်ခဲ့ပါသည်။ ယင်းသို့ ပြုလုပ်ရခြင်းမှာ ထိုင်းနိုင်ငံ အတွင်းသို့ လာရောက် လုပ်ကိုင်နေသော မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယား အလုပ်သမားများ၏ အခြေအနေကို မျက်ခြည်မပြတ် ကြည့်ရှု လေ့လာရန် ဖြစ်သည်။

မြန်မာ အလုပ်သမားများ မြန်မာ နိုင်ငံသားအဖြစ် အသိအမှတ်ပြု လက်မှတ် ထုတ်ပေးသည့် ကိစ္စမှာ မည်သည့် အခါကမျှ ရှင်းလင်းမှု မရှိခဲ့ပေ။ လက်ရှိ အနေအထားအထိ မြန်မာ ပြောင်းရွှေ့လုပ်သား နှစ်သောင်းခန့်သာ နိုင်ငံသားအဖြစ် အသိအမှတ် ပြုသည့် လက်မှတ်ကို တရားဝင် ပြနိုင်သေးသည်။

မြန်မာနှင့် ထိုင်းနိုင်ငံ အကြား ရရှိထားသော သဘော တူညီချက်မှာ မြန်မာ အစိုးရအနေဖြင့် ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင်နေသော ပြောင်းရွှေ့ လုပ်သားများအတွက် မြန်မာနိုင်ငံသားအဖြစ် အသိအမှတ် ပြုသော လက်မှတ် ထုတ်ပေးရေးသာ ဖြစ်သည်။

သို့သော် မြန်မာ စစ်အစိုးရ အာဏာပိုင်များက အဆိုပါ ကိစ္စကို ဆောင်ရွက်ရာတွင် ထိုင်းနိုင်ငံရှိ မြန်မာသံရုံးမှ တစ်ဆင့် လွှဲပြောင်း လုပ်ကိုင်ရမည့်အစား မြန်မာနိုင်ငံတွင် စာရွက် စာတမ်းများ ထုတ်ယူရန် ဖိအားပေးလျက် ရှိရာ ပြောင်းရွှေ့ လုပ်သားများအတွက် အခက်အခဲများ ဖြစ်ပေါ်စေပါသည်။

ဤသို့ လုပ်ဆောင်ခြင်းဖြင့် မြန်မာနိုင်ငံမှ ထွက်သွားသော ပြောင်းရွှေ့ လုပ်သားများထံမှ လာဘ်ထိုးငွေများ ရရှိနေသည်။ အခြားသော ပြဿနာ တစ်ရပ်မှာ ထိုင်းနိုင်ငံတွင် ပြောင်းရွှေ့ လုပ်သားများက မွေးဖွားသော ကလေးငယ်များအား မည်သည့် နိုင်ငံသားအဖြစ် အသိအမှတ်ပြု လက်ခံမည် ဟူသော ကိစ္စ ဖြစ်သည်။ အဆိုပါ ကလေးငယ်များကို ထိုင်း အစိုးရက သော်လည်းကောင်း၊ မြန်မာအစိုးရက သော်လည်းကောင်း နိုင်ငံသားအဖြစ် အသိအမှတ် ပြုပေးလိုခြင်း မရှိပေ။ အမှန်တကယ်တွင် ကလေးငယ်များအား မှတ်ပုံတင်သည့် ကိစ္စမှာ မိဘများ အပေါ်တွင်သာ မူတည်ပါသည်။

Asia News မှ သတင်းကို ဘာသာ ပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment