Transparency Myanmar

transparency.myanmar@gmail.com

အိန္ဒိယနိုင်ငံသည် နျူကလီးယား လက်နက် ပိုင်ဆိုင်သော အိမ်နီးချင်းနိုင်ငံနှင့် ယှဉ်ပြိုင်ရတော့ ပေမည်လော။ ဝါရှင်တန် အခြေစိုက် သိပ္ပံနှင့် နိုင်ငံတကာ လုံခြုံမှုဋ္ဌာန (ISIS) လတ်တလော ထုတ်ပြန်သော အစီရင်ခံစာအရ မြန်မာစစ်အစိုးရသည် နျူကလီးယား ပိုင်ဆိုင်ရေးအတွက် များစွာ လိုလားလျက် ရှိကြောင်း မြောက်ကိုရီးယားအား အသိပေး ထုတ်ဖော်လျက် ရှိသည်ဟု သိရပါသည်။ 

ဤအချက်အပေါ် အခြေခံပြီး သုံးသပ်ပါက များစွာ ပေါ်လွင်လျက် ရှိသည်ကို တွေ့ရသည်။ ယခု မြန်မာနိုင်ငံတွင် အုပ်စိုးလျက်ရှိသော စစ်ဗိုလ်ချုပ်များသည် အရပ်သားအုပ်ချုပ်မှုကို ပြန်လည် ပေးအပ်ရန် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ဖိအားပေးခြင်းကို များစွာ ခံစားနေကြရသည်။

ထို့ကြောင့် ၎င်းတို့သည် မြောက်ကိုရီးယားနှင့် အီရန်တို့၏ နိုင်ငံရေးအရ လှုပ်ရှား တုံ့ပြန်မှုများ ကို နမူနာ သို့မဟုတ် သင်ခန်းစာများ ရယူကြသည်။ ဆက်ဒမ်ဟူစိန်၏ အီရတ်နိုင်ငံ အဖြစ်အပျက်များ ကိုလည်း အတွေ့အကြုံအဖြစ် ထားရှိပြီး ပြည်ပရန်ကို အဟန့်အတားပြုနိုင်ရန် နျူကလီးယား လက်နက် ပိုင်ဆိုင်ထားမှ ဖြစ်မည်ဟု သဘောပေါက် ထားကြပါသည်။ 

မန္တလေးမြို့အနီး (နေပြည်တော်တစ်ဝန်း) တွင် နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်လျက် ရှိသည်ဟု ယူဆရသော ဆောက်လုပ်ရေး လုပ်ငန်းတစ်ခု၏ လုပ်ငန်းစဉ် ဓာတ်ပုံ အထောက်အထားများကို ISIS က ထုတ်ပြန်ထားပြီး ဖြစ်သည်။  

နျူကလီးယား ပြန့်ပွားမှုဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဒေးဗစ်အောဘရိုက်နှင့် ပေါလ်ဘရန်နင် တို့က လွန်ခဲ့သော ရက်သတ္တပတ်အတွင်း အစီရင်ခံစာ တစ်ရပ် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။  အဆိုပါ အစီရင်ခံစာတွင် မြန်မာစစ်အစိုးရ အနေဖြင့် မြောက်ကိုရီးယားနှင့် ပုန်းလျိုးကွယ်လျိုး ဆက်သွယ် ဆောင်ရွက်ခဲ့ပုံနှင့် ပြည်ပမှ နျူကလီးယား နည်းပညာပိုင်း ဆိုင်ရာများ ရရှိရေးအတွက် ကြိုပမ်းခဲ့ပုံများ ပါဝင်သည်။  

အစီရင်ခံစာကို "နျူကလီးယား လက်နက် တပ်ဆင်လိုသော မြန်မာနိုင်ငံ၊ မြောက်ကိုရီးယားနှင့် တိတ်တဆိတ် ဆက်သွယ်နေသော နိုင်ငံ (အဆင်မြင့် နည်းပညာ နှင့် ပဟေဋိဆန်သော အထောက် အပံ့တွေ ရယူနေသည့် နိုင်ငံ)" ဟူ၍ အမည်ပေး ထားပါသည်။

မြန်မာ စစ်အာဏာရှင် အစိုးရသည် လွန်ခဲ့သော နှစ် အနည်းငယ်ကပင် နျူကလီးယား တပ်ဆင်ရေး ရည်ရွယ်ချက်များ ရှိခဲ့ပြီး နျူကလီးယား (သို့မဟုတ်) ဒုံးကျည် အစီအစဉ်များ စီမံခဲ့သည်။  သို့ဖြင့် အထီးကျန် နိုင်ငံအတွက် ရည်ရွယ်ချက်တစ်ရပ် ဖြစ်ပေါ်ခဲ့သည်ဟု အစီရင်ခံစာ အရ သိရပါသည်။  

၂၀၀၇ ခုနှစ်တွင် မြန်မာသည် ရုရှား အဏုမြူ စွမ်းအင်အေဂျင်စီ နှင့်နားလည်မှု စာချွန်လွှာ တစ်ရပ်ကို လက်မှတ် ရေးထိုးခဲ့သည်။ အဆိုပါ စာချွန်လွှာအရ မြန်မာနိုင်ငံတွင် နျူကလီးယား ပညာပေးရေး ဌာနတစ်ခု ဖွင့်လှစ်ရန်၊ နိုင်ငံအကျိုးပြု ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ရန် ၁၀- မီဂါဝပ် နျူကလီးယား သုတေသန ဓာတ်ပေါင်းဖိုတစ်ခု တည်ဆောက်ရန် နှင့် ယင်းလုပ်ငန်းစဉ်၌ လိုအပ်သော အတတ်ပညာများ ရရှရှိအောင် သင်တန်းများ ပို့ချရန်တို့ ပါဝင်သည်။  

မြန်မာစစ်အစိုးရသည် မြောက်ကိုရီးယားနှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို လွန်ခဲ့သည့် နှစ်အနည်းငယ်က စတင်၍ တိုးမြှင့်လာခဲ့ပါသည်။ မြောက်ကိုရီးယား ကုမ္ပဏီတစ်ခုဖြစ်သော နမ်ချောင်ဂန်း ထရိတ်ဒင်းမှ တာဝန်ရှိသူများ၏ ရှေ့မှောက်မှာပင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ပိတ်ဆို့တားမြစ်မှုများ ပြုလုပ်ရန် ပြစ်ဒဏ်ချမှတ်ခဲ့ဖူးသည်။

မြန်မာနိုင်ငံသည်လည်း ပူးပေါင်း ပါဝင်နေသည်ဟု ပြောဆိုခဲ့သည်။ သို့သော် မြောက်ကိုရီးယား က မြန်မာနိုင်ငံကို ထောက်ပံ့ပေးနေသည် ဟူသော တိကျသည့် သက်သေမရရှိခဲ့ပေ။ ဧပြီလအတွင်း ဝါရှင်တန်၌ ပြုလုပ်မည့် ကမ္ဘာလုံးဆိုင်ရာ နျူကလီးယားလုံခြုံရေး ထိပ်သီး ဆွေးနွေးပွဲတွင် အိန္ဒိယ အနေဖြင့် ဝန်ကြီးချုပ် မန်မိုဟန်ဆင်း တက်ရောက်မည် ဖြစ်ပါသည်။

အဆိုပါ ဆွေးနွေးပွဲတွင် နျူကလီးယားဆိုင်ရာ ပစ္စည်းများ ရောင်းဝယ်ရေး ကိစ္စများကို မည်သို့ပိတ်ဆို့ အရေးယူ ဆောင်ရွက်မည် ဟူသော အချက်ကို အဓိကထား ဆွေးနွေးကြမည် ဖြစ်သည်။  

အိန္ဒိယအစိုးရသည် ပါကစ္စတန်၊ မြောက်ကိုရီးယားနှင့် အီရန်တို့၏ နျူကလီးယား မပြန့်ပွားရေး ကိစ္စများအပေါ်အလေးထားလျက် ရှိပါသည်။ 

N Korea role in Myanmar N-plot? ကို ဘာသာပြန်ဆို ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment