Transparency Myanmar

transparency.myanmar@gmail.com

ဖမ်းဆီး ထိန်းသိမ်းခံထားရသော မြန်မာနိုင်ငံဖွား အမေရိကန် နိုင်ငံသားတစ်ဦးအား ရန်ကုန် အင်းစိန် တရားရုံးတော်က စာရွက်စာတမ်း အတုများဖြင့် မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်ခဲ့မှု၊ နိုင်ငံခြား ငွေကြေးကို တရားဝင် ထုတ်ဖော်ခြင်း မပြုမှု တို့ဖြင့် ထောင်ဒဏ် သုံးနှစ် ကျခံစေရန် အမိန့် ချမှတ်လိုက်ကြောင်း စုံစမ်း သိရှိရပါသည်။

အဆိုပါ မြန်မာနိုင်ငံဖွား အမေရိကန် နိုင်ငံသားမှာ ကိုညီညီအောင် ဖြစ်ပြီး ၎င်းသည် အများဆုံး ထောင်ဒဏ် ၁၂ နှစ် ကျခံရမည့် ပြစ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ ကိုညီညီအောင်၏ အခြားအမည်မှာ ကိုကျော်ဇောလွင် ဖြစ်ပြီး ၎င်းသည် ၂၀၀၉ ခုနှစ်၊ စက်တင်ဘာလအတွင်း မြန်မာနိုင်ငံသို့ လာရောက်စဉ် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဖမ်းဆီးခံခဲ့ရပါသည်။

မြန်မာ စစ်အစိုးရက အစောပိုင်းတွင် ကိုညီညီအောင်အား နိုင်ငံရေး မတည်မငြိမ်မှုများ ဖြစ်အောင် ကြိုတင် အကွက်ချ စီစဉ်မှုဖြင့် စွပ်စွဲကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ဖမ်းမိပြီးနောက် ကိုညီညီအောင်သည် အင်းစိန် အကျဉ်းထောင်တွင် ထိန်းသိမ်းခံခဲ့ရသည်။ ယခုဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အင်းစိန် တရားရုံးက ကိုညီညီအောင်အား ပြစ်မှုသုံးခု ကျူးလွန်မှုဖြင့် ပြစ်ဒဏ် ချမှတ်လိုက်သည်။ ၎င်းသည် နိုင်ငံသား မှတ်ပုံတင် အတုပြုလုပ်မှု၊ နိုင်ငံခြားငွေ လက်ဝယ် ကိုင်ဆောင်မှုနှင့် အိမ်ထောင်စု မှတ်ပုံတင် ဆိုင်ရာ အက်ဥပဒေ ချိုးဖောက်မှုဖြင့် ပြစ်ဒဏ် ချမှတ်ခံခဲ့ရကြောင်း ရှေ့နေဖြစ်သူက ဆိုပါသည်။

"ကိုညီညီအောင် အနေနဲ့ ပြစ်ဒဏ်တွေ အားလုံးကို တစ်ပြိုင်နက်တည်း ကျခံရမှာပါ။ သဘောကတော့ ထောင်ဒဏ် သုံးနှစ်စလုံးကို တစ်ခါတည်း ကျခံရမယ် ဆိုတာပါ" ဟု ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက ပြောပါသည်။ သို့သော် အင်းစိန် တရားရုံးက ပြစ်ဒဏ်ချမှတ် လိုက်သည်နှင့် တစ်ပြိုင်နက်တည်း ရှေ့နေများက ၎င်းအတွက် အယူခံဝင်ရန် စီစဉ်ခဲ့ကြောင်း ဦးဉာဏ်ဝင်းက ဆိုပါသည်။

ကိုညီညီအောင်သည် ပြည်ပြေးဘဝဖြင့် နေစဉ်ကာလ တစ်လျှောက် မြန်မာနိုင်ငံ ဒီမိုကရေစီရေး အတွက် လှုပ်ရှားခဲ့သူ ဖြစ်သည်။ ယခု ကိုညီညီအောင် မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာသည့် အကြောင်းကိစ္စကိုမူ ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။

သို့သော် ကိုညီညီအောင်သည် ၎င်း၏ မိခင်ဖြစ်သူ အပါအဝင် မောင်နှမ ဝမ်းကွဲတော်သူ နှစ်ဦးကို တွေ့ရန် ပြန်လည် ဝင်ရောက်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု ထင်ကြေးပေး ပြောဆိုမှုများ ထွက်ပေါ်လျက် ရှိသည်။

ကိုညီညီအောင်၏ မောင်နှမ ဝမ်းကွဲ တော်စပ်သူ နှစ်ဦးမှာလည်း အင်းစိန်ထောင်တွင် ကာလရှည် ထောင်ဒဏ်( နှစ်ပေါင်း ၆၅ နှစ်ထိ) ပြစ်ဒဏ် ကျခံနေရသူများ ဖြစ်သည်။

"ကိုညီညီအောင်ဟာ စိတ်ထား အတော်ကောင်းသလို စိတ်ဓာတ်လည်း မာပါတယ်" ဟု ဦးဉာဏ်ဝင်းက ပြောသည်။ ၎င်း၏ အမှုအား အမိန့် ချမှတ်သည့် နေ့တွင် တရားရုံးတော်ထဲသို့ သတင်းထောက်များ ဝင်ရောက်ခွင့် မရရှိခဲ့ပေ။ ကိုညီညီအောင်သည် ဖမ်းဆီး ထိန်းသိမ်း ခံထားရစဉ် ပြီးခဲ့သည့် ဒီဇင်ဘာလက ၁၂ ရက်ခန့် အစာငတ်ခံ ဆန္ဒပြခဲ့ပါသည်။ စစ်အစိုးရက ဖမ်းဆီး ထိန်းသိမ်းထားသော နိုင်ငံရေး အကျဉ်းသားများ အားလုံး လွှတ်ပေးရေးအတွက် ယင်းသို့ ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

လူ့အခွင့်အရေး စောင့်ကြည့် လေ့လာသော အဖွဲ့များ၏ ခန်မှန်းချက်အရ မြန်မာနိုင်ငံတွင် စစ်အစိုးရက ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ခန့် ရှိပါသည်။ အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ထားရှိသော တင်းမာသည့် မူဝါဒ အချို့ကို လျှော့ချသည့် အချိန်တွင် ယခုကဲ့သို့ အမေရိကန် နိုင်ငံသား တစ်ဦးကို ပြစ်ဒဏ် ချမှတ်လိုက်ခြင်းသည် ဝါရှင်တန် အစိုးရအတွက် ပြဿနာအသွင် ဆောင်စေခဲ့သည်။

ကိုညီညီအောင်အား စီရင်ချက် ချမှတ်သည့် နေ့တွင် ရန်ကုန် အခြေစိုက် အမေရိကန်သံရုံးမှ အရာရှိတစ်ဦးလည်း တရားရုံးသို့ တက်ရောက်ခဲ့သည်။ မြန်မာ စစ်အစိုးရသည် နိုဘယ်လ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ် အကျယ်ချုပ်ဖြင့် ဖမ်းဆီး ထိန်းသိမ်းထားသည့် အတွက် နိုင်ငံတကာ၏ ပြစ်တင် ဝေဖန်မှုကို များစွာ ခံနေရသည်။

AP မှ Myanmar court sentences US citizen to 3 years prison ကို ဘာသာ ပြန်ဆိုပါသည်

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment