Transparency Myanmar

transparency.myanmar@gmail.com

တရုတ်နိုင်ငံ ငွေကြေးလဲလှယ်မှု နှုန်းထားဆိုင်ရာ မူဝါဒနှင့် ပတ်သက်၍ အမေရိကန် ပြည်ထောင်စုက ကုန်သွယ်ရေး ပိတ်ဆို့ အရေးယူမှုများနှင့် အခြားသော ဒဏ်ခတ်မှုများ ပြုလုပ်လာပါက မိမိတို့ကလည်း လက်တုံ့ပြန်သွားမည် ဖြစ်ကြောင်း တရုတ်အစိုးရက ထုတ်ဖော် သတိပေးလိုက်သည်။

"ကျွန်တော်တို့ မသိချင်ယောင် ဆောင်နေမှာ မဟုတ်ပါဘူး" ဟု တရုတ်နိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး Chen Deming ၏ ပြောကြားချက်ကို ကိုးကားပြီး People Daily သတင်းစာက ဖော်ပြလိုက်သည်။ တရုတ်နိုင်ငံ၏ ငွေကြေးလဲလှယ်မှု နှုန်းဆိုင်ရာ မူဝါဒ အပေါ် အမေရိကန် ပြည်ထောင်စုက ပိတ်ဆို့အရေးယူမှုများ ပြုလုပ်မည်ဟု ခြိမ်းခြောက်သံများ ထွက်ပေါ်လာပြီးနောက် မစ္စတာ Chen Deming က ယင်းသို့ တုံ့ပြန် ပြောဆိုခြင်း ဖြစ်သည်။

အကယ်၍သာ ဘဏ္ဍာရေး ဝန်ကြီးဌာနကသာ တရုတ်နိုင်ငံကို ငွေကြေး ကြိုးကိုင်ခြယ်လှယ်သူ ဖြစ်သည်ဟု ယူဆပါက တရုတ်နိုင်ငံအပေါ် ကုန်သွယ်ရေး ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်သွားရမည် ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စုက သဘောထား ထုတ်ပြန်ထားသည်။

တရုတ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးက တရုတ်အစိုးရသည် ယွမ်ငွေတန်ဖိုး လျှော့ချပစ်ခဲ့သည် ဟူသော စွပ်စွဲချက်များကိုပါ မဟုတ်မမှန်ကြောင်း ငြင်းဆိုလိုက်ပြီး အမေရိကန် ပြည်ထောင်စုသည် ငွေကြေးကိစ္စကို နိုင်ငံရေး ဇာတ်သွင်းရန် ကြိုးပမ်းနေသည်ဟုလည်း စွပ်စွဲ ပြောဆိုသည်။

အမေရိကန်သမ္မတ ဘားရက် အိုဘားမားအနေဖြင့် တရုတ်နိုင်ငံအား ငွေကြေး ကြိုးကိုင် ခြယ်လှယ်သူအဖြစ် သတ်မှတ်ပေးရန် အမေရိကန်ဥပဒေ ရေးဆွဲသူများက တောင်းဆိုမှုများ ထွက်ပေါ်လာပြီးနောက် တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့၌ ပြုလုပ်သော တံခါးပိတ် စီးပွားရေး ဖိုရမ်တစ်ရပ် ကျင်းပခဲ့ကြောင်း၊ အဆိုပါ ဖိုရမ်တွင် မစ္စတာ Chen Deming က အထက်ပါအတိုင်း ပြောဆိုခဲ့ကြောင်း People Daily က ဆိုသည်။

အဆိုပါကိစ္စကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Timothy Geithner အနေဖြင့် လာမည့် ဧပြီလတွင် ဆုံးဖြတ်ချက် ချရမည် ဖြစ်သည်။ တရုတ်အစိုးရသည် ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်လယ်လောက်မှ စ၍ ယွမ်ငွေမှ ဒေါ်လာလဲလှယ်မှု နှုန်းထားများကို နှုန်းတစ်ရပ်ဖြင့် ကန့်သတ်ခဲ့သည်။ စီးပွားရေးကျွမ်းကျင်သူများက ယင်းသို့ သတ်မှတ်ခြင်းကြောင့် တရုတ်ယွမ်ငွေသည် ပုံမှန် သဘာဝအတိုင်း မဟုတ်ဘဲ နိမ့်ကျနေကြောင်း၊ သို့အတွက်ကြောင့် တရုတ်နိုင်ငံအနေဖြင့် ပို့ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ကမ္ဘာ့ဈေးကွက်သို့ ကောင်းစွာ ယှဉ်ပြိုင် ရောင်းချနိုင်ကြောင်း သုံးသပ် ဝေဖန်ကြသည်။

တရုတ်နိုင်ငံ၏ ငွေကြေးလဲလှယ်မှု နှုန်းထားဆိုင်ရာ မူဝါဒသည် တရုတ်စီးပွားရေးတွင် ကုန်ထုတ်လုပ်သူများ ရပ်တည်မှုနှင့် အလုပ်အကိုင် တိုးတက်မှုတို့အတွက် အထောက်အပံ့ တစ်ရပ်သာ ဖြစ်ကြောင်း တရုတ်အစိုးရက ထပ်ခါတလဲလဲ ကာကွယ် ပြောဆိုခဲ့သည်။

တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်ကလည်း တရုတ်ပြည်အနေဖြင့် ငွေကြေး လဲလှယ်မှုနှုန်း ဆိုင်ရာမူဝါကို ပြောင်းလဲရုံမျှဖြင့် ကုန်သွယ်ရေးတွင် ဗိုလ်ကျ အနိုင်ကျင့်ခံရမည် မဟုတ်ကြောင်း ပြောဆိုထားသည်။

"နိုင်ငံတွေ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အပြန်အလှန် လက်ညှိုးထိုး စွပ်စွဲပြောဆိုပြီးမှ စေ့စပ်ညှိနှိုင်းရတဲ့ အလေ့အထကို လုံးလုံးလျားလျား ဆန့်ကျင်ပါတယ်။ အဲဒီလိုပဲ ကိုယ့်နိုင်ငံရဲ့ ငွေကြေးတန်ဖိုးကို အသိအမှတ် ပြုလာနိုင်ဖို့အတွက် အခြားနိုင်ငံကို ပြင်းပြင်းထန်ထန် ဖိအားပေးတဲ့ အလေ့အထကိုလည်း ဆန့်ကျင်ပါတယ်" ဟု ဝန်ကြီးချုပ် ဝမ်ကျားပေါင် က နှစ်စဉ် ကျင်းပနေကျ ဖြစ်သော တရုတ်ပါလီမန် အစည်းအဝေးတွင် သတင်းထောက်များအား ပြောဆိုသည်။

တရုတ်နှင့် အမေရိကန် ပြည်ထောင်စုအကြား ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုများ ကြီးထွားနေသောကြောင့် တရုတ်စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဆိုင်ရာ ဒုတိယ ဝန်ကြီး Zhong Shan အနေဖြင့် မတ်လ် ၂၄ မှ ၂၆ ရက်နေ့အထိ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်သို့ သွားရောက်မည် ဖြစ်ကြောင်း တရုတ်အစိုးရက ဆိုသည်။

"ဤခရီးစဉ်သည် တရုတ်-အမေရိကန် ကုန်သွယ်ရေး ချိန်ခွင်လျှာ မျှနိုင်ရေး အတွက် အမြင်ချင်း ဖလှယ်ရန်၊ အကြံဥာဏ်များ အပြန်အလှန် ပေးရန် ကြိုးပမ်းမည့် ခရီးစဉ်ဖြစ်သည်" ဟု အဆိုပါ ဝန်ကြီးဌာနက ကြေညာသည်။

တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးတွင် ပိုလျှံမှုနှင့် နိုင်ငံခြား အရန်ငွေကြေးများ အဆမတန် မြင့်တက်မှုများကြောင့် တရုတ်နိုင်ငံ၏ ငွေကြေးလဲလှယ်မှု နှုန်းဆိုင်ရာ မူဝါဒအပေါ် ဝေဖန်မှုများလည်း များပြားလာခဲ့သည်။

ပြီးခဲ့သည့် ၂၀၀၅ ခုနှစ်တွင် နိုင်ငံတကာ ဖိအားပေးမှုကြောင့် တရုတ်အစိုးရ အနေဖြင့် ယွမ်ငွေမြင့်တက်မှုကို စီမံခန့်ခွဲရန် အခြေအနေ ဖြစ်လာခဲ့သည်။ ထိုနှစ်မှ စ၍ ၂၀၀၈ ခုနှစ်အထိ တရုတ် ယွမ်ငွေသည် အမေရိကန် ဒေါ်လာထက် ၂၁ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။

၂၀၀၈ ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်း ဖြစ်သောအခါ တရုတ်က ယွမ်ငွေနှင့် ဒေါ်လာ လဲလှယ်မှုနှုန်းကို နှုန်းတစ်ခုဖြင့် သတ်မှတ်ခဲ့သည်။ အဆိုပါ လုပ်ရပ်ကြောင့် တရုတ်ပြည်မှ ကုန်ပစ္စည်း ထုတ်လုပ်သူများ အနေဖြင့် ကမ္ဘာ့ဈေးကွက်သို့ ကုန်ပစ္စည်းများကို ပြိုင်ဘက်များထက် သာလွန်အောင် တင်ပို့ ရောင်းချနိုင်ခဲ့ပြီး ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်း ဒဏ်မှလည်း ရုန်းထွက်နိုင်သည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။ သို့သော် နိုင်ငံခြား ဖိအားပေးမှုများ အဆက်မပြတ် ရရှိလာခဲ့သည်။

မည်သို့ဆိုစေ တရုတ်အစိုးရက ငွေကြေးလဲလှယ်မှု နှုန်းဆိုင်ရာ မူဝါဒသည် ယာယီမျှသာ ဖြစ်ပြီး အနှေး သို့မဟုတ် အမြန် ရုပ်သိမ်းမည် ဖြစ်ကြောင်း ထုတ်ဖော်ခဲ့သည်။

AFP သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.
 
To unsubscribe from this group, send email to yangonchronicle2010+unsubscribegooglegroups.com or reply to this email with the words "REMOVE ME" as the subject.

0 comments:

Post a Comment