Transparency Myanmar

transparency.myanmar@gmail.com

အမေရိကန် ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံအပေါ် ချဉ်းကပ်ရာတွင် အလယ်အလတ် လမ်းစဉ် မူဝါဒကို ကျင့်သုံးရန် လိုအပ်ကြောင်း နိုင်ငံရေး ကျွမ်းကျင်သူများက တိုက်တွန်း ပြောဆိုလိုက်သည်။

စစ်အစိုးရအပေါ် အလွန်အမင်း ဖိအားပေးခြင်းမျိုး မဟုတ်သလို စစ်ခေါင်းဆောင်များနှင့် အလွန်အမင်း နီးနီးကပ်ကပ် ဆက်ဆံခြင်းမျိုးလည်း မဟုတ်သော နည်းလမ်းမျိုးကို ကျင့်သုံးရန် တိုက်တွန်းကြခြင်း ဖြစ်သည်။

"အမေရိကန် အနေနဲ့ မြန်မာနိုင်ငံက အာဏာပိုင်တွေ၊ အဂတိ လိုက်စားတာကို အားပေး အားမြှောက် ပြုတာမျိုး၊ ထောက်ပံ့တာမျိုး မဖြစ်စေတဲ့ မူဝါဒတွေကို ကျင့်သုံးသင့်တယ်" ဟု အငြိမ်းစား ဗိုလ်ချုပ်ကြီး Wesley Clark က သုံးသပ်ချက် တစ်စောင် ရေးသားသည်။

"တစ်ချိန်တည်းမှာပဲ တကယ်လို့ အမေရိကန်ဟာ အစပိုင်းမှာ မြန်မာတွေ အလှမ်းမမီနိုင်တဲ့ ခွင်မျိုး ဆင်လိုက်မိရင် မြန်မာပြည်သူတွေကို အာဏာရှင် စနစ်အောက်ကနေ လွတ်မြောက်အောင် ထိထိရောက်ရောက် အကူအညီပေးရာ ရောက်မှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံကို ကမ္ဘာ့ အသိုင်းအဝိုင်းထဲကို ဝင်ရောက်နိုင်အောင် လုပ်ရာလည်း မရောက်ပါဘူး" ဟု Wesley Clark က ပြောသည်။

ဗိုလ်ချုပ်ကြီးဟောင်း Clark သည် ဝါရှင်တန် အခြေစိုက် Think Tank ဖြစ်သော US Institute of Peace တွင် ပြုလုပ်သော Asia Society အစီရင်ခံစာ ထုတ်ဝေမှု အခမ်းအနားတွင် အထက်ပါ အတိုင်း ပြောဆိုခဲ့သည်။ မြန်မာနိုင်ငံ အရေးကိစ္စနှင့် ပတ်သက်ပြီး လွတ်လပ်သော နိုင်ငံရေး ပညာရှင်များက အဆိုပါ အစီရင်ခံစာကို ရေးသားခဲ့ခြင်း ဖြစ်သည်။ ယင်း ပညာရှင် အဖွဲ့ကို မစ္စတာ Clark နှင့် နိုင်ငံတကာ ဖွံ့ဖြိုးမှု ဆိုင်ရာ အမေရိကန် အေဂျင်စီ၏ အုပ်ချုပ်ရေးမှူးဟောင်း Henrietta Fore တို့က ဦးဆောင်ခဲ့ခြင်း ဖြစ်သည်။

"အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် နှစ်ကာလ ကြာရှည်စွာ ပိတ်ဆို့ အရေးယူရေး၊ အထီးကျန်ဖြစ်ရေး စတဲ့မူဝါဒတွေ ကျင့်သုံးခဲ့ပေမယ့်လည်း အပြောင်းအလဲ လုပ်ဖြစ်ဖို့ အနည်းငယ်သာ လွှမ်းမိုးနိုင်ခဲ့ပါတယ်။ အဲဒါကြောင့် အခုအချိန်ဟာ အမေရိကန်အနေနဲ့ မတူညီတဲ့ နည်းလမ်းနဲ့ ချဉ်းကပ်ရမယ့် အချိန်ပါ" ဟု ဆိုသည်။ ထို့ပြင် မြန်မာ နိုင်ငံအတွက် အမေရိကန် အထူး သံတမန် တစ်ဦး ခန့်အပ်ရန် မစ္စတာ Clark က ပြောလိုက်သည်။

"မြန်မာနိုင်ငံဟာ ပါဝါပြည့်ဝတဲ့ စီးပွားရေး အင်အားကြီး အုပ်စုတွေရဲ့ အလယ်ခေါင် တည့်တည့်မှာ ရောက်နေပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးစနစ်ဟာ အေးတိအေးစက် ဖြစ်တာကို တွေ့ရပါတယ်" ဟု Henrietta Fore က ပြောသည်။ အမေရိကန် ပြည်ထောင်စုသည် မြန်မာ ပြည်သူလူထုအား အကူအညီ ပေးရာတွင် တည်ငြိမ်ပြီး ပျော့ပျောင်းမှု ရှိသော သဘောထားကို ထုတ်ဖော် ပြသရန် လိုအပ်ကြောင်း၊ စစ်အစိုးရထံမှ ထွက်ပေါ်လာမည့် ကမ်းလှမ်းချက်များကိုလည်း အလျင်အမြန် တုံ့ပြန်မှု ပြုလုပ်ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။ အထူးသဖြင့် အသွင် ကူးပြောင်းရေး ကာလတွင် မြန်မာနိုင်ငံတွင်း စီးပွားရေး၊ လူမှု ဖွံ့ဖြိုးရေး နှင့် အလုပ်အကိုင် အခွင့်အလမ်းများ၊ ဒီမိုကရေစီ စံချိန်စံနှုန်းများနှင့် ကိုက်ညီမှု ရှိမည့် နိုင်ငံရေးဖြစ်စဉ်များ ဖြစ်ပေါ်လာအောင် အားပေးအားမြှောက် ပြုလုပ်ပေး သင့်သည်ဟု အကြံပြုသည်။

စစ်အစိုးရ ခေါင်းဆောင်များ အနေဖြင့် အုပ်ချုပ်မှု အရည်အသွေး တိုးမြှင့်ပြီး အမျိုးသား နိုင်ငံရေးနှင့် အုပ်ချုပ်ရေးတွင် မြန်မာလူမျိုး မဟုတ်သော သူများကို တန်းတူ ရည်တူ အခွင့်အရေး ပေးလာရန် ဖိအားပေး သင့်သည်ဟုလည်း ဆိုသည်။

မြန်မာနိုင်ငံအပေါ် ထားရှိသည့် အမေရိကန်၏ မူဝါဒသစ်တွင် ဒေသတွင်း ပလေယာများနှင့် ပူးပေါင်း ဆောင်ရွက်မှုလည်း ပါဝင်မည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် နှစ် ၂၀ တွင်း ပထမဆုံး ရွေးကောက်ပွဲ ကျင်းပ ပြုလုပ်တော့မည်ဟု မျှော်လင့်ရပေရာ ထိုအချိန်တွင် အမေရိကန် ပြည်ထောင်စုအနဖြင့် အာရှနှင့် ဒေသတွင်းမှ အခြားသော Stakeholder များ၊ အိမ်နီးချင်း နိုင်ငံများ (အာဆီယံ) နှင့် အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှု ပြုလုပ်သင့်သည် ဟု Asia Society ၏ ဒါရိုက်တာ Suzanne Dimaggio က ပြောသည်။

Irrawaddy မှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment