Transparency Myanmar

transparency.myanmar@gmail.com

ကချင် လွတ်လပ်ရေး တပ်ဖွဲ့ (KIA) က နယ်ခြားဒေသ စောင့်တပ်အဖြစ် အသွင် ကူးပြောင်းရန် စစ်အစိုးရ၏ တောင်းဆိုမှုကို ငြင်းပယ်လိုက်မှုနှင့် ပတ်သက်ပြီး နှစ်ဦးနှစ်ဖက် တင်းမာမှုများ ကြီးထွားနေသောကြောင့် KIA ဌာနချုပ်နှင့် နီးကပ်သော နေရာများတွင် မြန်မာစစ်တပ်မှ စစ်ဘက်သုံး ထရပ်ကား အစီး ၁၀၀ ခန့် နေရာယူထားကြောင်း သတင်းရရှိသည်။

အဆိုပါ မြန်မာစစ်တပ်မှ စစ်ယာဉ်တန်းများကို လာဇာ-ဗန်းမော်-မြစ်ကြီးနား အဝေးပြေး လမ်းမတွင် တွေ့မြင်ခဲ့ရကြောင်း၊ စစ်ယာဉ်တန်းသည် မြစ်ကြီးနားမြို့မှ ထွက်ခွာလာပုံ ရကြောင်း ဒေသခံ တစ်ဦးက ပြောကြားသည်။ KIA ဌာနချုပ်များမှာ တရုတ်-မြန်မာ နယ်စပ်မြို့ ဖြစ်သော လာဇာ အနီးတစ်ဝိုက်တွင် တည်ရှိသည်။

"စစ်တပ်က ထရပ်ကားတွေ ကြည့်ရတာ ကုန်တွေ တင်လာပုံ ရတယ်။ ထရပ် တစ်စီးစီမှာ အမြောက် သေနတ်တွေလည်း ပါလာတယ်" ဟု ၎င်းက ဆိုသည်။ "ထရပ်ကားတွေမှာ ဘာတွေ တင်လာတာကို မမြင်ရအောင်လို့ တာလပတ်တွေနဲ့ အုပ်မိုးထားတယ်။ ဒါပေမဲ့ တချို့ သေနတ်ကြီးတွေက တော်တော်ကြီးတော့ မြင်ရတယ်" ဟု ၎င်းက ဆက်လက် ပြောသည်။

အပစ်အခတ် ရပ်စဲရေး အဖွဲ့တစ်ခု ဖြစ်သော KIA က နယ်ခြားဒေသ စောင့်တပ်အဖြစ် အသွင်ပြောင်း ဖွဲ့စည်းရန် ဆက်လက် ငြင်းဆန်နေမည် ဆိုပါက ကချင်ပြည်နယ်အတွင်း စစ်ရေး ပဋိပက္ခနှင့် တင်းမာ ပေါက်ကွဲမှုများ ဖြစ်ပေါ်လာနိုင်သည် ဟူသော စိုးရိမ် ကြောက်ရွံ့မှုများလည်း ကြီးထွားလျက် ရှိသည်။

ပြီးခဲ့သည့်လက မြန်မာစစ်တပ်သည် ကချင်ပြည်နယ် အတွင်းမှ အရပ်သားများအား စစ်ရေး သင်တန်းများကို စနစ်တကျ ပို့ချခဲ့ရာ တင်းမာမှုများလည်း ပို၍ ထွက်ပေါ်လာသည်။ ကချင်ပြည်နယ်ရှိ နယ်မြေ အတော်များများမှာ KIA ၏ ထိန်းချုပ်မှု အောက်တွင် ရှိရာ ကချင်လူမျိုးများကို စစ်သင်တန်း မပေးဘဲ မြန်မာလူမျိုးများကိုသာ အဓိက ပစ်မှတ်ထား သင်ကြားပေးနေခြင်း ဖြစ်သည်ဟု စွပ်စွဲ ခံထားရသည်။

လာဇာမြို့နှင့် ကီလိုမီတာ ၂၀ အကွာ ဝန်းကျင်တွင် မြန်မာစစ်တပ်မှ တပ်ဖွဲ့ဝင်များ ဖြန့်ကြက်ထားပြီး KIA ဌာနချုပ်သို့ သွားသည့် လမ်းတွင်လည်း အဟန့်အတားများ ချထားကြောင်း ဒေသခံများက ပြောကြားသည်။ မြန်မာစစ်တပ်သည် အဆိုပါ နည်းလမ်းအတိုင်းပင် "ဝ"တပ်ဖွဲ့ (UWSA) သို့ သွားသည့် လမ်းကြောင်းများကိုလည်း ပိတ်ပင်ထားသည် ဟူသော သတင်း ပေးပို့ချက်များ ရရှိသည်။ ဝ တပ်ဖွဲ့သည် KIA ကဲ့သို့ပင် နယ်ခြားဒေသ စောင့်တပ် ဖွဲ့စည်းရန် ငြင်းပယ်ထားသော အပစ်အခတ် ရပ်စဲရေး လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

နယ်ခြားဒေသ စောင့်တပ်ဖွဲ့ အဖြစ် ပြောင်းလဲ ဖွဲ့စည်းရန် မြန်မာ စစ်အစိုးရက သတ်မှတ်ထားသော နေ့မှာ ဧပြီလ ၂၈ ရက် ဖြစ်သည်။ အဆိုပါ နေ့ရက် ကျော်လွန်သွားပါက နယ်ခြားဒေသ စောင့်တပ်အဖြစ် ပြောင်းလဲရန် ငြင်းပယ်သော အဖွဲ့အစည်းများကို စစ်အစိုးရက တရားမဝင် အဖွဲ့အစည်းများအဖြစ် သတ်မှတ်မည် ဖြစ်သည်။ သို့သော် အပစ်အခတ် ရပ်စဲရေး အုပ်စု ၁၈ ခုက စစ်အစိုးရ၏ ကမ်းလှမ်းချက်ကို ယခုအချိန်အထိ ငြင်းပယ်ထားဆဲပင် ဖြစ်သည်။ ၎င်းတို့ အနေဖြင့် နယ်ခြားဒေသ စောင့်တပ်ဖွဲ့အဖြစ် ပြောင်းလဲလိုက်ပါက စစ်အစိုးရ လက်အောက်တွင် လုပ်ကိုင်ရမည် ဖြစ်ပြီး တပ်ဖွဲ့ဝင် ဦးရေကိုလည်း လျှော့ချရမည် ဖြစ်သောကြောင့် ငြင်းပယ်နေခြင်း ဖြစ်သည်ဟု အကဲခတ် လေ့လာသူများက ပြောကြားသည်။

မြန်မာနိုင်ငံ မြောက်ပိုင်း နယ်စပ်ဒေသတွင် ဖြစ်ပွားသော မည်သည့် တိုက်ပွဲမျိုး မဆို တရုတ်နိုင်ငံကို ရိုက်ခတ်မှု ရှိနိုင်သည်။ တရုတ်သည် မြန်မာ၏ အဓိက မဟာမိတ်နိုင်ငံ ဖြစ်သည့်တိုင် ဘေဂျင်း အစိုးရက နှစ်နိုင်ငံ နယ်စပ်ဒေသ ပြဿနာ မီးပွားများ မဖြစ်ပေါ်စေလိုကြောင်း ထုတ်ဖော် သတိပေးထားပြီး ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ ဇွန်လ အတွင်း တရုတ်-မြန်မာ နယ်စပ် ကိုးကန့် ဒေသတွင် တိုက်ခိုက်မှုများ အပြင်းအထန် ဖြစ်ပွားခဲ့ရာ ထိုဒေသမှ ဒုက္ခသည် ၃၇၀၀၀ ခန့် တရုတ်ပြည်ဘက်သို့ ဝင်ပြေးခဲ့ကြရသည်။

DVB သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment