Transparency Myanmar

transparency.myanmar@gmail.com

မြန်မာ စစ်အစိုးရ အနေဖြင့် ရွေးကောက်ပွဲ ကာလအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို အကာအကွယ် ပေးလာရန် အာဆီယံအဖွဲ့တွင်း အငြင်းပွားမှု ပြေငြိမ်းရေး စနစ်သစ် တစ်ရပ်က ဖိအား ပေးသွားလိမ့်မည် ဖြစ်ကြောင်း အာဆီယံ လူ့အခွင့်အရေး ကော်မရှင် အကြီးအကဲက ပြောကြားသည်။

အာဆီယံ လူ့အခွင့်အရေး ဆိုင်ရာ အစိုးရအဖွဲ့များ အချင်းချင်း ပူးပေါင်း ဆောင်ရွက်ရေး ကော်မရှင် အကြီးအကဲ Rafendi Djamin က မြန်မာ ဒီမိုကရေစီ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးသမားများ အားလုံး ပါဝင်ခွင့် ရရှိရေးအတွက် အဆိုပါ အငြင်းပွားမှု ပြေငြိမ်းရေးစနစ် (DSM) က စစ်အစိုးရကို ဖိအားပေး သွားလိမ့်မည် ဖြစ်ကြောင်း၊ အကယ်၍ စစ်အစိုးရကသာ နိုင်ငံရေးသမားများ အားလုံး ပါဝင်နိုင်သော ရွေးကောက်ပွဲ တစ်ရပ် ကျင်းပရန် တောင်းဆိုမှုများကို ငြင်းပယ်လာပါက အဆိုပါ DSM သည် အာဆီယံအတွက် ရွေးချယ်စရာ ဖြစ်လာမည် ဖြစ်ကြောင်း ပြောကြားသည်။

မစ္စတာ Rafendi Dajamin သည် အာဆီယံဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင် အကြီးအကဲနှင့် အင်ဒိုနီးရှား သံတမန်လည်း ဖြစ်သည်။ ယင်း အငြင်းပွားမှု ပြေငြိမ်းရေး စနစ်ကို ဗီယက်နမ် နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကျင်းပမည့် ၁၆ ကြိမ်မြောက် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲတွင် လက်မှတ် ရေးထိုးကြမည် ဖြစ်ရာ အဖွဲ့ဝင်များအနေဖြင့် အာဆီယံချာတာ အကောင်အထည် ဖော်ရေးအပေါ် ဝေဖန်ဆန်းစစ် ငြင်းဆိုခွင့် ရရှိမည် ဖြစ်သည်။

သို့သော် DSM သည် စည်းမျဉ်းစည်းကမ်း လေးစား လိုက်နာမှု မရှိသော အဖွဲ့ဝင်များအပေါ် ဥပဒေကြောင်းအရ ပိတ်ဆို့ အရေးယူနိုင်မည် မဟုတ်ပေ။

"အာဆီယံချာတာကို ကျွန်တော်တို့ ဘယ်လို အကောင်အထည် ဖော်ကြမလဲ၊ လူ့အခွင့်အရေး ကော်မရှင်ကို ဘယ်လို ထူထောင်သင့်သလဲ ဆိုတာတွေကို ဆွေးနွေး ညှိနှိုင်းလာခဲ့ကြတာ များပါပြီ။ ချာတာထဲမှာ သတ်မှတ် ဖော်ပြထားတဲ့အတိုင်း လူ့အခွင့်အရေးဆိုင်ရာ စံချိန် စံနှုန်းတွေကို ဘယ်လို အကျုံးဝင်လာအောင် လုပ်မလဲ ဆိုတာကိုလည်း ညှိနှိုင်းခဲ့ကြပါတယ်" ဟု Rafendi Djamin က ပြောသည်။

"အဖွဲ့ဝင်တွေမှာ မတူညီတဲ့ ကွဲပြားခြားနားချက်တွေ ရှိနေတဲ့အတွက် ကိုယ့်စံချိန် စံနှုန်းတွေ နဲ့အညီ ညှိနှိုင်းကြဖို့ တွန်းအား ပေးထားပါတယ်" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

"ဒီ DSM ဆိုတဲ့ စနစ်သစ်ကြောင့် အဖွဲ့ဝင်တွေကို ယခင်ကထက် ပိုပြီး ဖိအားပေးနိုင်မယ့် အရာတွေ များလာမှာ ဖြစ်ပါတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ကန့်လန့် တိုက်နေတဲ့ နိုင်ငံတွေကိုလည်း နာခံမှု ရှိလာအောင် လုပ်နိုင်မှာပါ" ဟု မစ္စတာ Rafendi Djamin က ပြောသည်။ အကယ်၍ မြန်မာ စစ်အစိုးရကသာ အာဆီယံ ချာတာတွင် ပါဝင်သည့် လူ့အခွင့်အရေး ဆိုင်ရာ မူဝါဒများ အတိုင်း ရွေးကောက်ပွဲကို ကျင်းပပေးခြင်း မရှိသည်ကို အခြားအဖွဲ့ဝင် နိုင်ငံများက တွေ့ရှိခဲ့ပါက ရွေးကောက်ပွဲ ရလဒ်ကို ယုံကြည်ရမှု ရှိ၊ မရှိကို DSM အဆင့်အတန်းဖြင့် မှတ်ကျောက်တင် စစ်ဆေးရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ကျင်းပမည့် ဒီမိုကရေစီ ရွေးကောက်ပွဲအတွက် စစ်အစိုးရက ထုတ်ပြန်လိုက်သော ဥပဒေ စည်းမျဉ်း စည်းကမ်းများမှာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရအောင် ဟန့်တားထားသည်ဟု အကဲခတ် လေ့လာသူများက ပြောဆိုလျက် ရှိသည်။

မြန်မာ ဒီမိုကရေစီ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့် ရှိမည့် ကိစ္စမှာ မသေချာသော်လည်း အာဆီယံအနေဖြင့် နိုင်ငံရေးသမားများ အားလုံး ပါဝင်ခွင့် ရရှိအောင် ဖိအားပေး တိုက်တွန်းမှုများ လုပ်ဆောင်လျက် ရှိပါကြောင်း အာဆီယံ အထွေထွေ အတွင်းရေးမှူး ဆူရင်ပစ်ဆာဝမ်က ပြောကြားသည်။

'အဲဒီ ကိစ္စကို အာဆီယံ ဖိုရမ်တိုင်းမှာ ဆွေးနွေးခဲ့ကြပါတယ်။ ဘယ်ဟာက နောက်ဆုံးရလဒ် ဖြစ်လာမလဲဆိုတာ အင်မတန် စိတ်ဝင်စားဖို့ ကောင်းပါတယ်" ဟု မစ္စတာ ဆူရင်ပစ်ဆာဝမ်က ဆိုသည်။

"မြန်မာနိုင်ငံမှာ အခြေခံ ဥပဒေနဲ့ ဥပဒေ ရေးဆွဲမှုတွေ အားလုံး ရှိနေပါပြီ၊ ဒါပေမဲ့ ခက်တာက ဘယ်လို ဖွံ့ဖြိုးတိုးတက်မှုတွေ ရှိလာမယ် ဆိုတာနဲ့ ပတ်သက်ပြီး ရှင်းလင်း ပြတ်သားတဲ့ အရိပ်အယောင်တွေ မတွေ့ရသေးပါဘူး" ဟုလည်း ဆိုသည်။ DSM စနစ်သစ်က အာဆီယံ ချာတာ အကောင်အထည် ဖော်ရာတွင် ထွက်ပေါ်လာမည့် မတူညီသော သဘောတရားများ အပေါ် အငြင်းပွားမှုများကို ပြေငြိမ်းနိုင်ရေးအတွက် ရွေးချယ်စရာများ ရရှိအောင် ပြုလုပ်ပေးမည် ဖြစ်သည်။

"အာဆီယံ အရေးကိစ္စကို ကြားဝင် စွက်ဖက်နိုင်မယ့် နည်းလမ်းတွေ အများကြီး ရှိပါတယ်" ဟု နိုင်ငံတကာ လေ့လာရေးနှင့် မဟာဗျူဟာ စင်တာမှ ဒါရိုက်တာ Jusuf Wanandi က ပြောကြားသည်။ "ဒါပေမဲ့ မေးစရာ ဖြစ်နေတာက ကျွန်တော်တို့ ဝင်ရောက် စွက်ဖက်ဖို့ ဘယ်လောက် အတိုင်းအတာ အထိ ဆန္ဒရှိနေလဲ ဆိုတဲ့ အချက်ပါပဲ" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

"ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာနိုင်ငံထဲမှာ အပြောင်းအလဲ ဖြစ်ဖို့ ဆော်သြတာတို့၊ တွန်းအား ပေးတာတို့ လုပ်နေတဲ့သူတွေက အစိုးရအဖွဲ့တွေ မဟုတ်ဘဲ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ ဖြစ်နေလို့ပါပဲ" ဟု ဆက်လက် ပြောကြားသွားသည်။

The Jakarta Post မှ Lilian Budianto ၏ ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment