Transparency Myanmar

transparency.myanmar@gmail.com

BBC News, 3rd May 2010

          အတိုက်အခံ ရှပ်နီ ဆန္ဒပြသူများနှင့် ရှေ့မတိုး နောက်မဆုတ် တင်းမာနေမှုကို  အဆုံးသတ်ရန် အတွက် နိုဝင်ဘာ ၁၄ ရက်တွင် ရွေးကောက်ပွဲများ ကျင်းပရန် ၎င်းအနေနှင့် အဆင်သင့် ရှိကြောင်း ထိုင်းဝန်ကြီးချုပ် အဘီဆစ်ဗဲ့ဂျာဂျီဗားက ပြောကြားလိုက်သည်။

မည်သည့် ရွေးကောက်ပွဲမဆို ၎င်း၏ စေ့စပ် ညှိနှိုင်းရေး လမ်းညွှန်မြေပုံအရ သတ်မှတ် ထားသော အခြေအနေများပေါ်တွင် မူတည်ကြောင်း အဘီဆစ်က ပြောကြားခဲ့သည်။

မတ်လ ၁၄ ရက်က စတင်ခဲ့သော ရှပ်နီအုပ်စုများ၏ ဘန်ကောက် မြို့တော်တွင် ဆန္ဒပြမှုများကြောင့် မြို့တော်၏ လုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့သည်။

ပြန်လည် စေ့စပ် ညှိနှိုင်းရေး အစီအစဉ်ကို အသေအချာ စဉ်းစား သုံးသပ်မည်ဟု ဆန္ဒပြ ခေါင်းဆောင် ဂျာတူပွန်ပရွန်ပန်က ပြောကြားသည်။

"သူ့ရဲ့ အဆိုပြုချက်ကို အသေအချာ စဉ်းစား သုံးသပ်ပြီး ဆွေးနွေးပြီးမှ ကျွန်တော်တို့ရဲ့ အနေအထားကို ဆုံးဖြတ်မှာပါ။ ကျွန်တော်တို့ အနေနဲ့ လက်ခံတာပဲ ဖြစ်စေ၊ ပယ်ချတာပဲ ဖြစ်စေ။ အလောသုံးဆယ် မလုပ်နိုင်ပါဘူး" ဟု ရှပ်နီ ခေါင်းဆောင်က ရိုက်တာ သတင်းဌာနသို့ ပြောကြားခဲ့သည်။

 

အကောင်းဆုံး ဖြေရှင်းမှု

ပြန်လည် စေ့စပ် ပေါင်းစည်းရေး အတွက် ၎င်းချမှတ်ထားသော အစီအစဉ်ကို ရုပ်မြင်သံကြားမှ တိုက်ရိုက် မိန့်ခွန်း ပြောကြားစဉ် ဝန်ကြီးချုပ်က ရွေးကောက်ပွဲ ကမ်းလှမ်းမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

၎င်း၏ အစီအစဉ်တွင် ဘုရင်စနစ်ကို လေးစားရေး၊ လူမှုရေး မညီမျှမှုများကို ဖြေရှင်းရန် ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်ရေး၊ သတင်း မီဒီယာများ မှန်ကန်မျှတရေး၊ လတ်တလော လူများ သေဆုံးခဲ့သည့် အခြေအတင် ဖြစ်ရပ်များကို လွတ်လပ်စွာ စုံစမ်း စစ်ဆေးရေး၊ အခြေခံ ဥပဒေ ပြန်လည် ပြုပြင်ရန် အတွက် လိုအပ်ချက်ကို ဆွေးနွေးရေး စသည်တို့ ပါဝင်သည်။

"အမျိုးသား ပြန်လည် ပေါင်းစည်းမှု ရရှိဖို့ အချိန်ကြာကြာ မလိုဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်။ ပြန်လည် စေ့စပ် ညှိနှိုင်းတဲ့ အစီအစဉ် အောင်မြင်ပြီဆိုရင် နိုဝင်ဘာ ၁၄ ရက်မှာ ရွေးကောက်ပွဲ ကျင်းပပေးဖို့ အစိုးရက အဆင်သင့်ပါပဲ" ဟု အဘီဆစ်က ပြောကြားသည်။

"လောလောဆယ်မှာ ဒီနည်းက အကောင်းဆုံး ဖြေရှင်းနည်းပဲလို့ ကျွန်တော် ထင်ပါတယ်" ဟု ၎င်းက ဆက်လက် ဆိုသည်။

လတ်တလောက ဘန်ကောက်မြို့တော်၏ ဈေးဝယ်ရပ်ကွက်မှသည် တောင်ဘက် စီးပွားရေး ရပ်ကွက်အထိ ကျယ်ပြန့်သော နယ်မြေကို ရှပ်နီများက သိမ်းပိုက်ထားလျက် ရှိသည်။

ရှပ်နီများက အဘီဆစ်၏ အစိုးရသည် တရားဝင် အစိုးရ မဟုတ်ဟု စွပ်စွဲခဲ့ကြပြီး၊ ၃ လ အတွင်း ရွေးကောက်ပွဲ ကျင်းပရန် တောင်းဆိုထားကြသည်။

မတ်လ ၁၄ ရက် နောက်ပိုင်း ဆန္ဒပြသူများနှင့် လုံခြုံရေး တပ်ဖွဲ့များ အကြား ဖြစ်ပွားခဲ့သော အကြမ်းဖက် ထိပ်တိုက် ရင်ဆိုင်မှုများတွင် လူ ၂၇ ဦး သေဆုံးပြီး ၁၀၀၀ ခန့် ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။

စီးပွားရေး အပါအဝင် ကဏ္ဍပေါင်းစုံ ဆုံးရှုံးမှုများ ဖြစ်ပွားနေသဖြင့် ဆန္ဒပြမှုများ ပြီးဆုံးအောင် ပြုလုပ်ရန် ဝန်ကြီးချုပ် အဘီဆစ် အပေါ်တွင် ကြီးမားသော ဖိအားများ ကျရောက်နေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment