Transparency Myanmar

transparency.myanmar@gmail.com

 

BBC News, By Anna Jones, 6th May 2010

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ရွေးကောက်ပွဲ ဥပဒေအား တရားမျှတမှု မရှိဟု ဆိုကာ ရွေးကောက်ပွဲ အတွက် ပါတီကို မှတ်ပုံမတင်ရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် ယခု ညသန်းခေါင် ပြီးလျှင် ပါတီ အဖြစ် ရပ်တည်ခွင့် ရှိတော့မည် မဟုတ်ပေ။

NLD ပါတီသည် ၁၉၉၀ ခုနှစ်က ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း အာဏာ ရရှိခဲ့ခြင်း မရှိပေ။ ထိုအချိန်မှ စ၍ ဒီမိုကရေစီ အတွက် မည်သည်ကိုမျှ လုပ်ကိုင်နိုင်ခြင်း မရှိဘဲ၊ ၎င်း၏ ထိပ်ပိုင်း ခေါင်းဆောင် အတော်များများမှာလည်း နှစ်ရှည် ထောင်ဒဏ်များ ကျခံခဲ့ရသည်။

ဦးဝင်းတင်သည် NLD ကို တည်ထောင်ခဲ့သူများတွင် တစ်ဦး အပါအဝင် ဖြစ်ပြီး၊ အင်းစိန်ထောင်တွင် နိုင်ငံရေး အကျဉ်းသား အဖြစ် ၂၄ နှစ်ခန့် နေခဲ့ရသည်။

NLD ၏ ရပ်တည်ခွင့် ရပ်ဆိုင်းသွားသည့်တိုင် ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ပါတီ၏ ဆုံးဖြတ်ချက်ကို နောင်တ မရမိကြောင်း ဦးဝင်းတင်က BBC သို့ ပြောသည်။

"ဥပဒေက ဆိုးပါတယ်။ ကျွန်တော်တို့ ဘယ်လိုလုပ်ပြီး လက်ခံနိုင်မလဲ။" ဟု ဦးဝင်းတင်က ပြောသည်။

ရွေးကောက်ပွဲ ဥပဒေတွင် ပြစ်ဒဏ် ကျခံနေရသူများကို ပါတီမှ ထုတ်ပယ်ရန် လိုအပ်သည်ဟု ဖော်ပြထားသည်။ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD အဖွဲ့ဝင်များသည် နိုင်ငံရေး အကျဉ်းသားများ အဖြစ် ရှိနေဆဲ ဖြစ်သည်။

ဥပဒေတွင် NLD ၏ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရရှိမှုအား ပယ်ဖျက်ခဲ့သည်။

"ဥပဒေတွေဟာ ကျွန်တော်တို့ အပေါ် ရည်ရွယ်ချက်ဖြင့် မတရား ဖိနှိပ်ဖို့ မမှန်မကန် လုပ်ထားပါတယ်" ဟု ၎င်းက ပြောသည်။

"ကျွန်တော်တို့ ပါတီ တစ်ခုလုံး အနေနဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ အခုအချိန်ဟာ ကျွန်တော်တို့ အတွက် ကြီးကျယ်တဲ့ အချိန်ပါ။ စစ်တပ်ကို ကျွန်တော်တို့ ပါတီဟာ အဓိပ္ပာယ်ရှိတဲ့ လုပ်ရပ်တွေ လုပ်နေတယ်ဆိုတဲ့ ကြီးကျယ်တဲ့ သတင်းစကား ပါးလိုက်တာပါပဲ" ဟု ၎င်းက ပြောသည်။

၎င်းက ပြောကြားရာတွင် ရန်ကုန်ရှိ NLD ရုံးချုပ်တွင် စိတ်ခံစားမှုအရ ဝမ်းနည်းနေမည် ဖြစ်သော်လည်း မတရားသည့် ဥပဒေကို ဆန့်ကျင်ရန် စိတ်ဓာတ် ခိုင်မာနေသည်ဟု ဆိုသည်။ ပါတီအပေါ် သစ္စာရှိသူများကမူ မျက်ရည်ကျ နေကြလိမ့်မည် ဖြစ်သည်။

"ထောင်ကျနေတဲ့ လူငယ် တစ်ယောက်ရဲ့ မိဘတွေက ရုံးကို စားစရာတွေ လာပို့ပါတယ်" ဟု ၎င်းက ပြောသည်။

ဝါရင့်ခေါင်းဆောင် တစ်ဦးက ပြောကြားရာတွင် NLD သည် တိုင်းရင်းသား ကိုယ်စားပြု ပါတီအချို့နှင့် အတူ ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်းသည် နိုင်ငံတကာ အသိုင်းအဝိုင်းအား ရွေးကောက်ပွဲသည် တရားမဝင်၊ အများ လက်ခံနိုင်ဖွယ် မရှိကြောင်း ရှင်းရှင်းလင်းလင်း သိစေခြင်း ဖြစ်သည်ဟု ဆိုသည်။

"ပြည်သူတွေက ကျွန်တော်တို့ကို မဲပေးကြတယ် ထားဦး။ အခြေအနေအရ ဥပဒေအရ ကျွန်တော်တို့ မနိုင်နိုင်ပါဘူး" ဟု ၎င်းက ပြောသည်။

"ဘယ်နိုင်ငံရေး ပါတီမှ အနိုင်ရဖို့ မဖြစ်နိုင်ပါဘူး။ အခြေခံ ဥပဒေအရ ကျွန်တော်တို့ နိုင်ခဲ့ရင်လည်း၊ ကျွန်တော်တို့ အစိုးရဖွဲ့လို့ မရပါဘူး။ ဘာမှ လုပ်လို့ မရပါဘူး" ဟု ၎င်းက ပြောသည်။

အခြေခံ ဥပဒေ အရ ပါလီမန်၏ ၂၅ % သော နေရာကို စစ်တပ်မှ နေရာယူထားသည်။ အခြေခံ ဥပဒေကို ပြင်ဆင်ရန် ပါလီမန်တွင် မဲ ၇၅ % နှင့် အထက် ရရှိရန် လိုအပ်သည် ဖြစ်ရာ စစ်တပ်၏ ထောက်ခံမှုလည်း လိုသည် ဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်သည်။

မြန်မာ အစိုးရ လက်ရှိ ထိပ်တန်း ခေါင်းဆောင် အချို့သည် စစ်တပ် ရာထူးမှ ထွက်ကာ အရပ်သားအဖြစ်၊ ပါလီမန်တွင် စစ်တပ် မဟာမိတ် အရေအတွက် တိုးပွားရေး အတွက် လုပ်ဆောင်နေသည်။

NLD ထောက်ခံသူများ အနေဖြင့် ရွေးကောက်ပွဲကို သပိတ်မှောက်သင့်ကြောင်း ဦးဝင်းတင်က ပြောကြားခဲ့သည်။

"ပြည်သူတွေက NLD ဒါမှမဟုတ် အခြားသူ တစ်ဦးဦးကို မဲပေးလိုမှာပဲ။ သူတို့ မဲပေးလိုသူတွေ မပါရင်၊ မဲပေးဖို့ ငြင်းရပါလိမ့်မယ်" ဟု ၎င်းက ပြောသည်။

"အဲဒါဟာ ရွေးကောက်ပွဲကို သပိတ်မှောက်တာ ဖြစ်ပြီး၊ ပြည်သူတွေက ရွေးကောက်ပွဲကို သပိတ်မှောက်ရင်၊ ဒီမိုကရေစီရေး အတွက် ကြီးမားတဲ့ အထောက်အကူ ဖြစ်တာပါပဲ" ဟု ဆိုသည်။

NLD ၏ အချို့ အဖွဲ့ဝင်များသည် သပိတ်မှောက်ရန်နှင့် ပါတီ ရပ်တည်ခွင့် မရှိမည်ကို သဘောမတူကြောင်း သတင်း ပေးပို့ချက်များအရ သိရှိရသည်။

၎င်းတို့သည် ကိုယ်ပိုင်ပါတီ ဖွဲ့၍ ရွေးကောက်ပွဲ ဝင်နိုင်ကြောင်း၊ သို့သော် NLD သည် မေလ ၆ ရက်နေ့တွင် ပြီးဆုံးသွားမည် မဟုတ်ဟု ဦးဝင်းတင်က ပြောသည်။

"ကျွန်တော်တို့မှာ ပြည်သူတွေရဲ့ ထောက်ခံမှု ရနေဆဲပါ။ ကျွန်တော်တို့ လက်မြှောက် အရှုံးပေးသွားမှာ မဟုတ်ပါဘူး" ဟု ၎င်းက ပြောသည်။

"ကျွန်တော်တို့ဟာ နိုင်ငံရေး ပါတီ အဖြစ် အစည်းအဝေးတွေ မလုပ်နိုင်တော့ပါဘူး။ ကြေညာချက်တွေ မထုတ်နိုင်တော့ပါဘူး။ ဒါပေမယ့် လူတွေကြားမှာတော့ အလုပ် လုပ်နိုင်ပါသေးတယ်။ နိုင်ငံနဲ့ အဝှမ်း ကျွန်တော်တို့ ရုံးတွေ သုံးရာလောက် ရှိပါတယ်။ မြို့နယ်တိုင်း နီးပါးမှာ ရှိပါတယ်။ အဲဒီတော့ ပါတီအနေနဲ့ မဟုတ်ဘဲ အဖွဲ့တစ်ခု အနေနဲ့ လူတွေအတွက် အလုပ် လုပ်ပေးနိုင်ပါသေးတယ်။ မနက်ဖြန်ဆိုရင် ရုံးတွေကို ရပ်ဆိုင်းဖို့ အာဏာပိုင်တွေ လာတော့မယ် ထင်တယ်။ မနက်ဖြန်ကို ဘာဖြစ်မယ် မသိဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဒီမှာ ရှိနေမှာပါ" ဟု ဦးဝင်းတင်က ပြောသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment