Transparency Myanmar

transparency.myanmar@gmail.com

www.ogi.com, 4th June 2010

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းနှင့် မြန်မာနိုင်ငံကို ဆက်သွယ်မည့် ရေနံနှင့် သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း စီမံကိန်းများကို တည်ဆောက်ခြင်း လုပ်ငန်း စတင်နေပြီဟု တရုတ် CNPC က ပြောကြားသည်။

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်၏ နိုင်ငံတော် ခရီးစဉ် အတွင်း ကြေညာချက် ထုတ်ပြန်လိုက်သော CNPC က "၇၉၃ ကီလိုမီတာ ရှည်သော ရေနံပိုက်လိုင်းနှင့် ၇၇၁ ကီလိုမီတာ ရှည်သော သဘာဝဓါတ်ငွေ့ ပိုက်လိုင်းသည် မြန်မာ အနောက်ဖက် ကမ်းရိုးတန်း ကျောက်ဖြူ ဆိပ်ကမ်းမှ စတင်ကာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့သို့ ဝင်ရောက်မည်" ဟု ပြောကြားခဲ့သည်။

ရန်ကုန်မြို့ အနောက်မြောက်ဖက် ကီလိုမီတာ ၄၀၀ အကွာ ရမ်းဗြဲကျွန်းပေါ်ရှိ ကျောက်ဖြူဆိပ်ကမ်းသည် တရုတ်နိုင်ငံသို့ ရေနံ ပို့ဆောင်နေသည့် အရှေ့အလယ်ပိုင်းနှင့် အာဖရိက ရေနံတင် သင်္ဘောများ ဆိုက်ကပ်ရာ ဆိပ်ကမ်း ဖြစ်လာမည် ဖြစ်သည်။ ယခု ဆိပ်ကမ်းသည် တန်ချိန် ၃၀၀,၀၀၀ အထိ ရှိသော သင်္ဘောများကို လက်ခံနိုင်မည် ဖြစ်သလို ရေနံစိမ်း ပမာဏ ၆၀၀,၀၀၀ ကုဗမီတာ အထိ သိုလှောင်နိုင်စွမ်း ရှိမည် ဖြစ်သည်။

ဒေါ်လာ ၁.၅ ဘီလီယံ တန်ဖိုးရှိ ရေနံပိုက်လိုင်းသည် တစ်နှစ်လျှင် ရေနံစိမ်း တန်ချိန် ၂၂သန်း သယ်ပို့ရန် ရည်ရွယ်ထားပြီး ဒေါ်လာ ၁.၀၄ ဘီလီယံ တန်ဖိုးရှိ ဓါတ်ငွေ့ ပိုက်လိုင်းသည် တစ်နှစ်လျှင် ဓါတ်ငွေ့ ပမာဏ ၁၂ ဘီလီယံ ကုဗမီတာ ပို့ဆောင်ရန် ရည်ရွယ်ထားသည် ဟု CNPC က ဆိုသည်။

CNPC က ပြောကြားရာတွင် ၎င်းတို့၏ တွဲဖက် ကုမ္ပဏီတစ်ခု ဖြစ်သော Southeast Asia Pipeline Co. သည် ပိုက်လိုင်းများ ဒီဇိုင်းပုံစံထုတ်၊ တည်ဆောက်၊ လုပ်ကိုင်၊ ထိန်းသိမ်းခြင်း လုပ်ငန်းများကို ကြီးကြပ်ရန် မြန်မာ့ ရေနံနှင့် သဘာဝ ဓါတ်ငွေ့လုပ်ငန်းနှင့် သဘောတူ လက်မှတ် ရေးထိုးထားသည် ဟု ဆိုသည်။

အရှေ့ အလယ်ပိုင်းနှင့် အာဖရိကမှ ရေနံများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရာတွင် လက်ရှိ အသုံးပြုနေသော ပင်လယ် ဓားပြရန် ကြောက်ရသည့် မလက္ကာ ရေလက်ကြားကို ရှောင်ကွင်းရန် အတွက် ယခု ပိုက်လိုင်း စီမံကိန်းက အထောက်အကူ ပြုလိမ့်မည်ဟု အကဲခတ်များက ပြောကြားသည်။ ထို့အပြင် တရုတ်နိုင်ငံ တောင်ပိုင်း၏ ကြီးထွားလာသော လောင်စာ လိုအပ်ချက်ကို ဖြည့်ဆည်းရန် ယခု ပိုက်လိုင်းက ကူညီနိုင်မည် ဖြစ်သည်။

ရေနံ ပိုက်လိုင်းဖြင့် သယ်ဆောင်မည့် ရေနံများကို အရှေ့အလယ်ပိုင်း နှင့် အာဖရိက ရောင်းချသူ နိုင်ငံများမှ ရရှိမည် ဖြစ်ကာ ဓါတ်ငွေ့ပိုက်လိုင်းမှ သယ်ယူမည့် ဓါတ်ငွေ့များကိုမူ အရှေ့တောင်အာရှတွင် ဓါတ်ငွေ့ အရံသိုက်များ အကြွယ်ဝဆုံး ဖြစ်သည့် မြန်မာနိုင်ငံ ကမ်းလွန် ဓါတ်ငွေ့တွင်းများမှ ပို့ဆောင်မည် ဖြစ်သည်။

မြန်မာနိုင်ငံသည် လတ်တလော ကာလတွင် တစ်နှစ်လျှင် ဓါတ်ငွေ့ ပမာဏ 1.2 bcf ထုတ်လုပ်နေသော်လည်း လာမည့် ၂၀၁၅ တွင် တစ်နှစ်လျှင် ဓါတ်ငွေ့ 2.2 bcf အထိ တိုးမြှင့် ထုတ်လုပ်ရန် ဆန္ဒရှိနေသည် ဟု မကြာသေးသည့် အစီရင်ခံစာများ အရ သိရှိရသည်။

ဝမ်ကျားပေါင်၏ ၂ရက်ကြာ ခရီးစဉ် အတွင်း တရုတ်တို့က မြန်မာနိုင်ငံနှင့် အဓိက သဘောတူညီချက် ၁၅ ခုခန့် လက်မှတ် ရေးထိုးခဲ့ရာတွင် ဓါတ်ငွေ့ပိုက်လိုင်း ရေအားလျှပ်စစ် စီမံကိန်း၊ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေး ကဏ္ဍများ ပါဝင်သည်။

တရုတ် မြန်မာ ရေနံပိုက်လိုင်း စီမံကိန်း အတွက် အထောက်အကူ ဖြစ်စေရန် မြန်မာနိုင်ငံ ကျောက်ဖြူတွင် အရွယ်ပမာဏ ကြီးမားသော ရေနံ ဆိပ်ကမ်း ဆောက်လုပ်မှုကို စတင်ခဲ့ကြောင်း တရုတ်နိုင်ငံပိုင် ကုမ္ပဏီ CNPC က ၂၀၀၉  နိုဝင်ဘာလတွင် ထုတ်ပြန် ကြေညာခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment