Transparency Myanmar

transparency.myanmar@gmail.com

By Mitch Moxley, From IPS, 4th June 2010

တရုတ်မြန်မာ ဆက်ဆံရေးသည် နှစ်နိုင်ငံ နယ်စပ်၌ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် Beijing အား  စိတ်ပျက် လက်ပျက် ဖြစ်စေပြီး နောက်ပိုင်းတွင်လည်း အခြေအနေ မကောင်းလှဘဲ ရှိနေသော်လည်း သောကြာနေ့က တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်၏ နှစ်ရက်တာ အလည်အပတ်ခရီး  ပြီးဆုံးပြီး နောက်ပိုင်းတွင်မူ မည်သို့ ရှိလာမည်ကို မသိရှိနိုင်သေးဘဲ ဖြစ်နေသည်။

မြန်မာ အစိုးရသည် ဝမ်အား ကော်ဇောနီ ခင်း၍ ကြိုဆိုခဲ့ပြီး၊ ခရီးစဉ်အား ဂုဏ်ပြုသော အားဖြင့် တံဆိပ်ခေါင်း ထုတ်ဝေခဲ့သည်။ တရုတ် နိုင်ငံပိုင် မီဒီယာများကလည်း နှစ်နိုင်ငံကြား ပြဿနာများကို ထည့်သွင်း ဖော်ပြခြင်း မပြုတော့ဘဲ ယခု တွေ့ဆုံမှုအား အိမ်နီးချင်းကောင်းနှင့် ချစ်ကြည်စွာ ပူးပေါင်းဆောင်ရွက်ရေး အတွက် စာမျက်နှာသစ် ဖွင့်လှစ် လိုက်ခြင်း ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ယခု ဝမ်၏ မြန်မာနိုင်ငံ ခရီးစဉ်သည် ၎င်း၏ အာရှ လေးနိုင်ငံ ခရီးစဉ်၏ အစိတ်အပိုင်း တစ်ခု ဖြစ်ပြီး၊ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်ခြင်း နှစ် (၆၀) ပြည့်နှင့်လည်း တိုက်ဆိုင်နေသည်။

ယခု ခေါင်းဆောင်များ တွေ့ဆုံကြခြင်းမှာ နှစ်နိုင်ငံကြား စစ်မှန်သော နွေးထွေးသည့် ဆက်ဆံရေးကို ကိုယ်စားပြုခြင်း ဟုတ်မဟုတ် အချိန်က အဆုံးအဖြတ် ပေးလိမ့်မည် ဖြစ်သည်။ သို့သော် နှစ်နိုင်ငံ နှစ်ပေါင်း (၆၀) နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းခဲ့သော ဆက်ဆံရေးကို ပြန်လည်၍ ကတိကဝတ်များ ပြုကြလိမ့်မည် ဆိုသည်မှာ သေချာသည်။ တရုတ်ကလည်း မြန်မာနိုင်ငံ၏ ကြွယ်ဝသော သယံဇာတများကို အလိုရှိသည့် နည်းတူ၊ မြန်မာ ဗိုလ်ချုပ်များကလည်း တရုတ်နိုင်ငံမှ အကူအညီများ၊ လက်နက်များ၊ သံတမန်ရေး အရ အကာအကွယ် ပေးမှုများကို မှီခိုရလေသည်။

ဝမ်သည် နေပြည်တော်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တကွ အခြား ထိပ်တန်း ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး၊ ၎င်း၏ ခရီးစဉ် ဒုတိယနေ့တွင် စွမ်းအင်ကဏ္ဍ၊ ရေအားလျှပ်စစ် စီမံကိန်းများနှင့် အကူအညီပေးရေး ဆိုင်ရာများနှင့် ပတ်သက်၍ နှစ်နိုင်ငံ သဘောတူ စာချုပ်များ တန်းစီ၍ လက်မှတ် ရေးထိုးခဲ့သည်။

နိုင်ငံပိုင် မီဒီယာများ၏ အဆိုအရ ယခု တွေ့ဆုံမှုသည် နှစ်နိုင်ငံ ဆက်ဆံရေးကို တိုးတက်စေကြောင်း ဝမ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ပြောကြားခဲ့သည်ဟု ဆိုသည်။ ခေါင်းဆောင်နှစ်ဦးသည် ကိစ္စရပ် အတော်များများတွင် သဘောတူမှုများ ရရှိခဲ့ပြီး၊ အဓိက ကိစ္စရပ်များကို လက်မှတ် ရေးထိုးနိုင်ခဲ့ကြောင်း၊ ဝမ်၏ ခရီးစဉ်မှာ ရှေ့သို့ ဆက်လက် တက်လှမ်းရေး အတွက် မှတ်တိုင်တစ်ခု ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဋ္ဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Jiang Yu က Beijing တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

"ကျွန်တော်တို့ဟာ မြန်မာနိုင်ငံနဲ့ ပိုမို နက်နက်ရှိုင်းရှိုင်း ချစ်ကြည်လိုပါတယ်။ ပူးပေါင်း ဆောင်ရွက်မှုတွေကိုလည်း ပိုမို ချဲ့ထွင်လိုပါတယ်။ အိမ်နီးချင်းကောင်း တစ်ဦး၊ သူငယ်ချင်းကောင်း တစ်ဦး၊ လုပ်ဖော်ကိုင်ဖက်ကောင်း တစ်ဦးလို အမြဲတမ်း ကျင့်ကြံသွားမှာပါ'' ဟု ဝမ်၏ ပြောကြားမှုကို ကိုးကား၍ Jiang က ပြောခဲ့သည်။

ယခု တွေ့ဆုံမှုမှာ မြန်မာနိုင်ငံတွင် အနှစ်နှစ်ဆယ် အတွင်း ပထမဦးဆုံး အကြိမ် ပြုလုပ်မည့် ရွေးကောက်ပွဲ မကျင်းပမီ မချိန်တွင် ဖြစ်သည်။ အဆိုပါ ရွေးကောက်ပွဲအား အစိုးရက လွတ်လပ်၍ တရားမျှတ စေရမည်ဟု ပြောကြားနေသော်လည်း နိုင်ငံတကာ အသိုင်းအဝိုင်း၏ ကြီးမားသော သံသယကို ရင်ဆိုင်ရလျက် ရှိနေသည်။

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ပါတီ အဖြစ် ပြန်လည် မှတ်ပုံတင်ရန် ငြင်းဆန်ခဲ့မှုကြောင့် ပြီးခဲ့သော လက တရားဝင် ရပ်တည်မှု ကုန်ဆုံးခဲ့သည်။

တရုတ်နိုင်ငံမှာ မြန်မာနိုင်ငံအား အပြုသဘော ဆောင်သော ပြောင်းလဲမှုများ ပြုလုပ်ရေး အတွက် တွန်းအားပေးရန် အနောက်နိုင်ငံများ၏ ဖိအားပေးမှုကို ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် တည်ငြိမ်ရေးနှင့် နိုင်ငံခြားသား ကြောက်သည့် မြန်မာအစိုးရ အပေါ် သြဇာ လွှမ်းမိုးမှု ရှိရေးကိုသာ အရေးတကြီး စိတ်ဝင်စားသည်။

ထိုင်းနိုင်ငံ အခြေစိုက် ဧရာဝတီ၏ သတင်း ဝေဖန်ချက်တစ်ခုတွင် ဝမ်သည် သန်းရွှေအား ရွေးကောက်ပွဲကို အများလက်ခံစေရေး အတွက် အလျှော့ပေး သင့်သည်များကို အလျှော့ပေးရန် အကြံပြုလိမ့်မည် ဟု ယူဆရသည် ဟု ဖော်ပြထားသည်။

တရားဝင် ရပ်တည်မှု ရရှိရေးသည် စစ်အစိုးရ အတွက် ခေါင်းခဲရသော ပြဿနာ တစ်ခု ဖြစ်သည်ဟု ဧရာဝတီက ဆိုသည်။ ဆိုးသွမ်းသော စစ်အစိုးရထက် ရွေးကောက်တင်မြှောက်ခံ အစိုးရဘက်မှ ရပ်တည်ရေးကိုသာ တရုတ်အား ကမ္ဘာ ပိုမို လက်ခံလိမ့်မည် ဖြစ်သည်။ ကမ္ဘာ့ဇာတ်ခုံတွင် မြောက်ကိုးရီးယားအား တရုတ်က အကာအကွယ် ပေးခြင်းမျိုးကို အများက လက်ခံလိုလိမ့်မည် မဟုတ်ပေ။

ပီကင်း တက္ကသိုလ် နိုင်ငံတကာ လေ့လာရေးကျောင်းမှ ပါမောက္ခ Zhang Xizhen က ပြောကြားရာတွင် ဝမ်နှင့် သန်းရွှေ တို့သည် နိုင်ငံရေး အကြောင်းအရာများကို ရှောင်ရှား၍ စီးပွားရေး ကိစ္စများနှင့် နယ်စပ်တည်ငြိမ်ရေး ကိစ္စရပ်များကိုသာ အာရုံပြုလိမ့်မည်ဟု ယူဆရသည် ဟု ဆိုသည်။ မည်သို့သော နိုင်ငံရေးပြောင်းလဲမှု ဖြစ်သည် ဆိုသည်မှာ ထိုနိုင်ငံ၏ ပြည်တွင်းရေး ကိစ္စသာ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံတွင် ဝင်ရောက် စွက်ဖက်ခွင့် မရှိကြောင်း ၎င်းက ဆိုသည်။

နှစ်နိုင်ငံ ကုန်သွယ်ရေး၏ စုစုပေါင်း ပမာဏသည် ၂၀၀၉ ခုနှစ်တွင် အမေရိကန် ဒေါ်လာ (၂.၉) ဘီလီယံ ရှိခဲ့ရာ၊ တရုတ်သည် ထိုင်းနိုင်ငံ နောက်တွင် ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံ အဖြစ် ရပ်တည်ခဲ့သည်။ ယခုနှစ် ဇန်နဝါရီလ ကိန်းဂဏန်းဒေါ်လာ (၁.၈) ဘီလီယံ ရှိပြီး ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံ၏ နောက်တွင် တတိယ အကြီးဆုံး ရင်းနှီးမြှုပ်နှံသူ အဖြစ် ရပ်တည်ခဲ့သည်။

သို့သော် နှစ်နိုင်ငံ နယ်စပ်မှ ပြဿနာများသည် နှစ်နိုင်ငံ ဆက်ဆံရေးတွင် အနည်းငယ် အချဉ်ပေါက်စေသည်။ ပြီးခဲ့သော သြဂုတ်လက မြန်မာစစ်တပ်သည် ကိုးကန့် သူပုန်များကို တိုက်ခိုက်ခဲ့ရာ ဒုက္ခသည် (၃၇၀၀၀) ခန့်ကို တရုတ်နိုင်ငံ ယူနန်ပြည်နယ် အတွင်းသို့ ထွက်ပြေးစေခဲ့ရမှု အတွက် တရုတ်နိုင်ငံ၏ ရှားရှားပါးပါး အပြစ်တင်မှုကို ခံခဲ့ရသည်။

ထို့ကြောင့် တရုတ်နိုင်ငံသည် နယ်စပ်တွင် မငြိမ်မသက်မှုများ ထပ်မံ ပေါ်ပေါက်လာမည်ကို စိုးရိမ်လျက် ရှိသည်။ တရုတ်နိုင်ငံသည် ၎င်း၏ အနောက်တောင် မြန်မာနှင့် နယ်စပ်တွင် တပ်အင်အား (၅၀၀၀) ခန့် မကြာသေးမီက လာရောက် ချထားခဲ့သည်ဟု ဧရာဝတီ၏ သတင်းတွင် ဖော်ပြခဲ့ရာ တရုတ်၏ စိုးရိမ်ပူပန်မှုမှာ ပိုမို ပေါ်လွင်လာခဲ့သည်။

နယ်စပ်တွင် တိုက်ပွဲများ ဖြစ်ပွားခြင်းသည် နှစ်နိုင်ငံကြား အေးစက်စက် ဆက်ဆံရေးကို ပိုမို ဆိုးရွားစေသည်။ တရုတ်သည် နှစ်ပေါင်းများစွာ မြန်မာကွန်မြူနစ်များကို ကျောထောက်နောက်ခံ ပေး၍ ကူညီထားခဲ့ရာ လက်ရှိ မြန်မာ ခေါင်းဆောင် အတော်များများသည် တစ်ချိန်က ကွန်မြူနစ်များအား တိုက်ခိုက်ခဲ့သူများ ဖြစ်သည်။ ယနေ့ မြန်မာ အများစုက တရုတ်ကို မြန်မာနိုင်ငံ၏ သယံဇာတများကို မတရား ရယူပြီး တိုင်းပြည်ကို ပျက်ယွင်းမှုများ ဖြစ်စေသူ အဖြစ် ရှုမြင်နေကြသည်။ တစ်ချိန်တည်းမှာပင် တရုတ်ကလည်း မြန်မာနိုင်ငံတွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခြင်း မရှိသည့် အတွက် ပိုမို၍ စိတ်ပျက်လျက် ရှိသည်။

Chinese Academy of Social Sciences မှ အာရှ ပစိဖိတ် လေ့လာရေး အင်စတီကျုမှ သုတေသန အရာရှိ Xu Liping က ဝမ်၏ မြန်မာနိုင်ငံ ခရီးစဉ်၏ သက်ရောက်မှုများမှာ နှစ်ပေါင်းများစွာ ရပ်တည်ခဲ့သော သံတမန် ဆက်ဆံရေး၏ အကျိုးဆက်များ အဖြစ် စဉ်းစားကြလိမ့်မည်ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment