Transparency Myanmar

transparency.myanmar@gmail.com

တရုတ်နိုင်ငံ ဝန်ကြီးချုပ် ဝမ်ကျားပေါင်သည် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းမှု ထိန်းသိမ်းရေးနှင့် ပတ်သက်၍ သဘော တူညီချက်များကို ကျယ်ကျယ်ပြန့်ပြန့် ရရှိခဲ့ကြောင်း မီဒီယာ သတင်း ပေးပို့ချက်များက ဆိုသည်။ မစ္စတာ ဝမ်ကျားပေါင် ကိုယ်တိုင်ကလည်း ယခု ခရီးစဉ်အတွင်း နှစ်နိုင်ငံ ဆက်ဆံရေးမှာ အဆင့်တစ်ခုသို့ တိုးမြှင့် ရောက်ရှိသွားသည်ဟု ဆိုသည်။

မိမိနှင့် မြန်မာဝန်ကြီးချုပ် ဦးသိန်းစိန်တို့ နှစ်ဦးသည် မြန်မာ-တရုတ် နယ်စပ်ဒေသ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ဖြစ်ပေါ်ရေးကို အကာအကွယ် ပေးရေးနှင့် ပတ်သက်ပြီး ကျယ်ပြန့်သော နားလည်မှု ရရှိခဲ့ကြသည်ဟု မစ္စတာ ဝမ်ကျားပေါင်က ဆိုသည်။

နှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေး ဆက်လက် အကောင်အထည် ဖော်ရန်အတွက် သိသာ ထင်ရှားသော အဆင့်တစ်ခုသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည် ဟု မစ္စတာဝမ်က မြန်မာ ဝန်ကြီးချုပ် ဦးသိန်းစိန်ကို ပြောသည်။

တရုတ်သည် အရှေ့တောင် အာရှနိုင်ငံတစ်ခု ဖြစ်သော မြန်မာနှင့် ရင်းရင်းနှီးနှီး ဆက်ဆံမှု ပြုလုပ်သော နိုင်ငံ အနည်းငယ်တွင် တစ်နိုင်ငံ အပါအဝင် ဖြစ်သည်။ သို့သော် တရုတ်-မြန်မာ ဆက်ဆံရေးမှာ ယခုနှစ်များအတွင်း နယ်စပ်ဒေသ တစ်လျှောက် ဖြစ်ပွားခဲ့သော မတည်မငြိမ်မှုများကြောင့် ကတောက်ကဆ ဖြစ်ခဲ့ရသည်။

တောတောင် ထူထပ်ပြီး မြို့ပြနှင့် အလှမ်းဝေးကွာသော မြန်မာ-တရုတ် နယ်စပ် ဒေသ တစ်လျှောက်တွင် စစ်အစိုးရကို ဆန့်ကျင်သော တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများက ခြေကုပ်ယူ ထိန်းချုပ်ထားရာ တရုတ်နိုင်ငံအတွက် နယ်စပ်ဒေသနှင့် ပတ်သက်၍ ရတက်မအေး ဖြစ်ခဲ့ရသည်။

အချို့သော နယ်စပ်ဒေသများတွင် မူးယစ်ဆေးဝါး ထုတ်လုပ်မှုများ အဓိက လုပ်ဆောင်ပြီး တရုတ် နိုင်ငံအတွင်းသို့ တင်ပို့ ရောင်းချလျက် ရှိသည်။ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်ကလည်း မြန်မာ စစ်တပ်က အင်အား အနည်းငယ်သာ ရှိသော တိုင်းရင်းသား လက်နက်ကိုင် အုပ်စုတစ်ခုကို စစ်ရေးဖြင့် နှိမ်နင်းခဲ့ရာ အဆိုပါ ဒေသတွင် နေထိုင်သူ ပြည်သူ ၃၇၀၀၀ ခန့် ဒုက္ခသည်အဖြစ် တရုတ်ပြည်ထဲသို့ ဝင်ရောက် ခိုလှုံခဲ့ကြရသည်။

ယခု တရုတ် ဝန်ကြီးချုပ်၏ ချစ်ကြည်ရေး ခရီးစဉ်အတွင်း သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရေး၊ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေး အစရှိသည်တို့တွင် ပူးပေါင်း လုပ်ကိုင်ရန် သဘောတူ စာချုပ်များစွာ ချုပ်ဆိုနိုင်ခဲ့ကြောင်း Xinhua သတင်းဌာနက ဆိုသည်။

တရုတ်က မြန်မာနိုင်ငံအတွက် အကူအညီ အထောက်အပံ့များ ပိုမို ပေးအပ်ရန် ကမ်းလှမ်းခဲ့သည်ဟု Xinhua သတင်းဌာနက ဆိုသော်လည်း အသေးစိတ်ကိုမူ ဖော်ပြခြင်း မရှိပေ။

မစ္စတာ ဝမ်ကျားပေါင် မြန်မာနိုင်ငံ မြို့တော်သစ် နေပြည်တော်သို့ ရောက်ရှိစဉ် အထက်ပါ သဘော တူညီချက်များကို လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်သည်။ မစ္စတာ ဝမ်ကျားပေါင်သည် နေပြည်တော်တွင် မြန်မာ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်လည်း တွေ့ဆုံခဲ့သည်။

နှစ်နိုင်ငံ ပူးပေါင်းပြီး စွမ်းအင်နှင့် သယ်ယူ ပို့ဆောင်ရေး စီမံကိန်းများကို အကောင်အထည် ဖော်နိုင်အောင် ကြိုးပမ်း ဆောင်ရွက်သွားသင့်ကြောင်း မစ္စတာ ဝမ်ကျားပေါင်က ပြောကြားသည်။

ပြီးခဲ့သည့် အောက်တိုဘာလတွင် တရုတ်နိုင်ငံပိုင် စွမ်းအင် တူးဖော်ရေး အုပ်စု ဖြစ်သော CNCP က မြန်မာနိုင်ငံတွင် ရေနံ တူးဖော်ရေး ဆိပ်ကမ်းတစ်ခုကို ပိုက်လိုင်း သွယ်တန်းရေး စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် စတင် အကောင်အထည် ဖော်ခဲ့သည်။ ယင်းစီမံကိန်းသည် တရုတ်ပြည်သို့ ရေနံ တင်ပို့ရာ၌ မဟာဗျူဟာအရ အားနည်းချက်ရှိပြီး ရေကြောင်း သွားလာရေးတွင် ရေလမ်းကြောင်းအရ ပိတ်ဆို့ ကျပ်ညပ်မှု ရှိသော မလက္ကာ ရေလက်ကြားကို ရှောင်ရှားရန် အဓိက ဦးတည်ထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း ကျင်းပရန် ရှိသည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ တရုတ် အစိုးရက အထိတ်တလန့်ဖြစ်မှုများ ရှိနေသည့်တိုင် တရုတ် မီဒီယာများ၏ သတင်း ပေးပို့ချက်အရ နှစ်နိုင်ငံ ဆက်ဆံရေးမှာ တဖြည်းဖြည်းချင်း နီးကပ်လာကြောင်း သိရသည်။ နိုင်ငံရေး လေ့လာ အကဲခတ်သူများက ယခုနှစ် ရွေးကောက်ပွဲက တရုတ်-မြန်မာ နယ်စပ် ဒေသများတွင် တင်းမာမှုများ ပေါ်ပေါက်လာနိုင်သည်ဟု ခန့်မှန်း ပြောဆိုလျက် ရှိသည်။

မြန်မာ ဒီမိုကရေစီ ရွေးကောက်ပွဲကို မည့်သည့် နေ့ရက်တွင် ကျင်းပမည် ဟူသော အချက်ကို မသိရှိရသေးသော်လည်း မြန်မာအစိုးရ အတိုက်အခံ အများစုက အဆိုပါ ရွေးကောက်ပွဲသည် စစ်တပ်အာဏာ သက်ဆိုးရှည်စေရန်သာ ရည်ရွယ်ထားခြင်း ဖြစ်ကြောင်း၊ စစ်အုပ်ချုပ်ရေးကို အရပ်သား အုပ်ချုပ်ရေး အသွင်ဖြင့် ဟန်ဆောင် ပြောင်းလဲရန် ကြိုးပမ်းမှု တစ်ခုသာ ဖြစ်ကြောင်း ပြစ်တင် ဝေဖန်ကြသည်။

မြန်မာ အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများကို နယ်ခြား ဒေသစောင့်တပ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းပြီး မြန်မာစစ်တပ် ထိန်းချုပ်မှု လက်အောက်သို့ ဝင်ရောက်ကာ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်စေလိုသည်။

ဝန်ကြီးချုပ် မစ္စတာ ဝမ်ကျားပေါင်အနေဖြင့် မြန်မာ ရွေးကောက်ပွဲ ကိစ္စကို ဆွေးနွေးမှု ပြုမည်၊ မပြုမည် ဟူသော အချက်ကို တရုတ်အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ဖော် ပြောကြားခြင်း မရှိပေ။ သို့သော် ဘေဂျင်း အစိုးရ အနေဖြင့် မြန်မာနိုင်ငံတွင် ပြဿနာ ကင်းသော ရွေးကောက်ပွဲ တစ်ရပ်သာ ပေါ်ပေါက်စေလိုသည်ဟု ပြောဆိုသည်။

Reuters သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment