Transparency Myanmar

transparency.myanmar@gmail.com

ချိုနန် စစ်သင်္ဘော နစ်မြုပ်ခဲ့သော ကိုရီးယား ကျွန်းဆွယ်အနီး ပင်လယ်ဝါ အတွင်းသို့ အမေရိကန် ရေတပ် လေယာဉ်တင် သင်္ဘော USS George Washington ကို လွှတ်ရန် အမေရိကန် အစိုးရက အတည်ပြုလိုက်ပြီ ဟူသော ကိစ္စမှာ မှန်ကန်မှု မရှိကြောင်း ဝါရှင်တန်က ငြင်းပယ်လိုက်သည်။

အမေရိကန် စစ်ဘက် အရာရှိနှစ်ဦး အဆိုအရ ကိုရီးယား အခြေစိုက် အမေရိကန် တပ်ဖွဲ့ အနေဖြင့် မကြာမီ ကာလအတွင်း ကြေညာချက် တစ်ရပ် ထုတ်ပြန်မည် ဖြစ်ကြောင်း သိရသည်။ ယခု အချိန်အထိ ကြေညာချက် မထုတ်ရသေးသောကြောင့် တရားဝင် ပြောဆိုမှု မလုပ်နိုင်ကြောင်း အဆိုပါ အရာရှိ နှစ်ဦးက ဆိုသည်။

သို့သော် ပင်တဂွန် စစ်ဌာနချုပ် ပြောခွင့်ရ ပုဂ္ဂိုလ် Geoff Morrell က "ဘယ် လေယာဉ်တင် သင်္ဘော တစ်စီးတလေမှ အဲဒီကိုရီးယား ကျွန်းဆွယ်နားကို သွားမှာ မဟုတ်ပါဘူး" ဟု CNN သတင်းဌာနသို့ ပြောသည်။ မည်သို့ပင် ဆိုစေကာမူ အမေရိကန် စစ်ဘက် အရာရှိကြီးများသည် တပ်များ ဖြန့်ရန် ပြင်ဆင်လျက် ရှိကြသကဲ့သို့ ပင်တဂွန်က ကြေညာချက် တစ်ရပ် ထုတ်ပြန်လိမ့်မည်ဟုလည်း မျှော်လင့်နေကြသည်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီး Robert Gates က တောင်ကိုရီးယား ပင်လယ်ပြင် အတွင်းသို့ အမေရိကန် လေယာဉ်တင်သင်္ဘော စေလွှတ်မည့် အစီအစဉ်နှင့် ပတ်သက်၍ မသိရှိသေးကြောင်း ပြောကြားသည်။ အမေရိကန် စစ်တပ်နှင့် တောင်ကိုရီးယား စစ်တပ်တို့ စစ်ရေး ပူးတွဲ လေ့ကျင့်မှုများ ပြုလုပ်လျက် ရှိပြီး နောက်ထပ် တိုးမြှင့် လုပ်ဆောင်မှုများ ပြုလုပ်ရန်မှာ ဆွေးနွေး တိုင်ပင်လျက်ပင် ရှိသည်ဟု မစ္စတာ Robert Gates က ပြောသည်။ သို့သော် ဆုံးဖြတ်ချက် တစ်စုံတရာ မချမှတ်ရသေးဟု ၎င်းက ဆိုသည်။

ရေတပ် သင်္ဘောများ တောင်ကိုရီးယား ရေပိုင်နက်အတွင်း ဖြန့်ကျက်မှုမှာ အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှု အသွင်ဖြင့်သာ ထွက်ပေါ်လာမည် ဖြစ်သည်။ အမေရိကန်နှင့် တောင်ကိုရီးယား စစ်သင်္ဘောများ တောင်ကိုရီးယား ရေပိုင်နက်အတွင်း စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ရန် စီစဉ်ထားပြီး ဖြစ်သည်။ တောင်ကိုရီးယားပိုင် ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုသည် မြောက်ကိုရီးယားက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည် ဟူသော စွပ်စွဲမှုများကို တုံ့ပြန် ဆောင်ရွက်သွားရန် အမေရိကန်နှင့် တောင်ကိုရီးယားတို့ သန္နိဋ္ဌာန် ချမှတ်ထားသည်။

နှစ်နိုင်ငံ ပြုလုပ်မည့် စစ်ရေး လေ့ကျင့်မှုတွင် မည်သည့် လေယာဉ်တင် သင်္ဘော အမျိုးအစား ပါဝင်မည် ဟူသည်မှာ ရှင်းရှင်းလင်းလင်း မရှိသေးပေ။ သို့သော် တောင်ကိုရီးယား ရေတပ်သင်္ဘော နှင့်အတူ အမေရိကန် ဖျက်သင်္ဘောနှင့် ရေငုပ်သင်္ဘောတို့က လိုက်လံ လေ့ကျင့်မှု ပြုမည်ဟု အမေရိကန် စစ်ဘက်အရာရှိများက ဆိုသည်။ အမေရိကန် စစ်သင်္ဘောများသည် အဆိုပါ အစီအစဉ်နှင့် ခွဲထွက်ပြီး စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ရန် ရှိသည်ဟု ယခင်က ကြေညာချက် ထုတ်ပြန်ထားပြီး ဖြစ်သည်။

သို့သော် အဆိုပါ လေ့ကျင့်မှုသည် တောင်ကိုရီးယားအတွက် အကာအကွယ် ပေးမည်ဟု အမေရိကန် ပြည်ထောင်စုက ကတိပြုထားသည့် ကိစ္စနှင့် ပတ်သက်သည် ဟူသော အချက်ကို ထုတ်ဖော် ပြသရာ ရောက်သည်။ အမေရိကန် ရေတပ်သည် ပြီးခဲ့သည့် နှစ်အတွင်းက ကိုရီးယား ကျွန်းဆွယ်အနီး ပင်လယ်ဝါ အတွင်းသို့ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ရန် လေယာဉ်တင် သင်္ဘောတစ်စင်း စေလွှတ်ခဲ့ဖူးသည်။

မြောက်ကိုရီးယားမှာမူ တောင်ကိုရီးယားပိုင် ချိုနန် စစ်သင်္ဘောကို တော်ပီတို ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့သည်ဟု စွပ်စွဲ ပြောဆိုခံထားရသည်။ ချိုနန်သင်္ဘော နစ်မြုပ်မှုကြောင့် သင်္ဘောသား ၄၆ ဦး သေဆုံးခဲ့ရသည်။

CNN သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment