Transparency Myanmar

transparency.myanmar@gmail.com

ယခုအခါ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ ပါတီ (NLD) သည် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ ပါတီ အမှတ်တံဆိပ် ဖြစ်သော ခမောက်ပုံနှင့် ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီနှင့် အငြင်းပွားမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း NLD မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ NDF သည် NLD ပါတီဝင်ဟောင်းများ ဖွဲ့စည်း ထူထောင်ထားသည့် ပါတီသစ် တစ်ခု ဖြစ်ပြီး ပါတီ အမှတ်တံဆိပ်အဖြစ် ခမောက်ပုံကို အသုံးပြုခြင်းကြောင့် NLD နှင့် အငြင်းပွားမှုများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

NLD သည် ၁၉၉၀ ပြည့်နှစ်၊ ဒီမိုကရေစီ ရွေးကောက်ပွဲ၌ အနိုင် ရရှိစဉ် ခမောက်ပုံ အမှတ်တံဆိပ်ကို ပါတီ၏ သင်္ကတအဖြစ် အသုံးပြုခဲ့ဖူးသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမကို ထောက်ခံသူများကလည်း စစ်အာဏာရှင် စနစ်ကို တိုက်ဖျက်ရာ၌ မြန်မာ လယ်သမားတို့ ဝတ်ဆင်သော ခမောက်ကို ဆောင်းခဲ့ကြရာ ယင်းခမောက်သည် NLD ၏ မူပိုင် အမှတ်အသား တစ်ခု ဖြစ်ခဲ့သည်။

စစ်အစိုးရက ယခုနှစ် အတွင်း ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ကတိပေး ထားသည့်တိုင် NLD ပါတီက ဥပဒေများသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော နိုင်ငံရေး အကျဉ်းသားများ ဝင်ရောက် ယှဉ်ပြိုင်နိုင်ခြင်း မရှိအောင် ကန့်သတ် ပိတ်ပင်ထားသည့်အတွက် ဝင်ရောက် ယှဉ်ပြိုင်မှု မပြုဘဲ သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်ကြောင့် NLD သည် ယခုအခါ တရားဝင် နိုင်ငံရေးပါတီ အဖြစ်မှ ပယ်ပျက်သွားပြီ ဖြစ်သည်။

သို့သော် NLD ပါတီ၏ ဆုံးဖြတ်ချက် သဘောထားနှင့် တိုက်ဆိုင်မှု မရှိသော ပါတီဝင် အချို့က ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် ဆုံးဖြတ်ပြီး NDF ပါတီကို ထူထောင်ကာ ခမောက်ပုံကို ပါတီ အမှတ်တံဆိပ်အဖြစ် သတ်မှတ်လိုကြောင်း ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြခဲ့သည်။

"အဲဒီ ဝါးခမောက်ပုံကို အသုံးပြုတာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ NLD က ရွေးကောက်ပွဲ ကော်မရှင်ကို ကန့်ကွက်စာ ပေးပေို့မှာပါ" ဟု NLD ပါတီမှ စီနီယာ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးဉာဏ်ဝင်းက ရိုက်တာ သတင်းဌာနသို့ ပြောကြားသည်။

ကျင်းပမည့်နေ့ သတ်မှတ် ဖော်ပြခြင်း မရှိသည့်တိုင် အဆိုပါ ရွေးကောက်ပွဲသည် နှစ်ပေါင်း ၅၀ ကြာမျှ အုပ်ချုပ်လာခဲ့သည့် စစ်အာဏာရှင် စနစ်ကို သက်ဆိုးရှည်အောင် ဖန်တီးမှု တစ်ခုပင် ဖြစ်သည်ဟု နိုင်ငံရေး လေ့လာသူအများစုက ရှုမြင်ကြသည်။

သို့သော် NLD မှခွဲထွက်ပြီး NDF ပါတီကို ထူထောင်ခဲ့သူများတွင် တစ်ဦး အပါအဝင်ဖြစ်သော ဦးခင်မောင်ဆွေက ခမောက်ကိစ္စနှင့် ပတ်သက်၍ NLD ပါတီဝင်များ၏ ပြောဆို ကန့်ကွက်မှုများကို ပယ်ချခဲ့သည်။

"ဒီအမှတ် တံဆိပ်က NLD နဲ့ပဲ သက်ဆိုင်တာ မဟုတ်ပါဘူး။ NLD ဟာ ခမောက် တံဆိပ်အတွက် မူပိုင်ခွင့် လျှောက်ထားတာ မရှိခဲ့ပါဘူး" ဟု ဦးခင်မောင်ဆွေက ဆိုသည်။ ယခု NDF ၏ အမှတ်တံဆိပ် ဖြစ်သော ဝါးခမောက်ပုံသည် NLD ပါတီ၏ ဝါးခမောက်ပုံနှင့် ကွဲပြား ခြားနားကြောင်း၊ NDF ၏ ဝါးခမောက် အပေါ်ဘက်တွင် ကြယ်ပွင့် နှစ်ပွင့် ပါရှိကြောင်း ဖြည့်စွက် ပြောဆိုသည်။ "ခမောက် နှစ်ခုက လုံးဝ မတူပါဘူး" ဟုလည်း ၎င်းကပင် ဆက်လက် ပြောဆို လိုက်သည်။

Reuters သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment