Transparency Myanmar

transparency.myanmar@gmail.com

အမေရိကန် စစ်တပ်နှင့် မီဒီယာများ ဆက်ဆံထိတွေ့မှု ပြုရေးနှင့် ပတ်သက်သော ဥပဒေသစ်များ ပြဋ္ဌာန်းရန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်စ်က အမိန့် ထုတ်ပြန်လိုက်သည်။ မကြာသေးမီက Rolling Stones မဂ္ဂဇင်းတွင် အာဖဂန် နစ္စတန်မှ အမေရိကန် တပ်မှူး ဗိုလ်ချုပ်ကြီး Stanley McChrystal က အစိုးရအပေါ် ပြစ်တင် ဝေဖန်မှုများကို ကိုးကား ဖော်ပြများ ပါရှိလာသောကြောင့် ရာထူးမှ နုတ်ထွက်မှု ဖြစ်ပေါ်လာပြီးနောက် ယင်းသို့ မီဒီယာများနှင့် သက်ဆိုင်သော ဥပဒေများ ပြဋ္ဌာန်းရန် အမိန့် ထုတ်လိုက်ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ကြီး Stanley နှင့် သူ၏ လက်ထောက်များက အမေရိကန် အစိုးရ အရာရှိကြီး များအပေါ် ပြစ်တင် ဝေဖန်မှုများကို Rolling Stones မဂ္ဂဇင်းက ဖော်ပြခဲ့သည်။ ပင်တဂွန်မှ အခရာ ကျသော အရပ်ဘက်နှင့် စစ်ဘက် ဝန်ထမ်းများသို့ ပေးပို့သော မှတ်တမ်းတွင် မစ္စတာ ရောဘတ်ဂိတ်စ်က "လက်ရှိ ဖြစ်ရပ်သည် ပေါ့တီးပေါ့ဆ နိုင်လွန်းသော လုပ်ရပ်ဖြစ်သည်" ဟု ပြစ်တင် ဝေဖန်ထားသည်။

အမေရိကန် အစိုးရ အရာရှိများ အဆိုအရ အဆိုပါ ဥပဒေသစ်များဖြင့် တင်းကြပ်မည့် အစီအစဉ်သည် ဗိုလ်ချုပ်ကြီး Stanley ကိစ္စ မဖြစ်ခင်ကတည်းက စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။ ယခု ကိစ္စသည် ပင်တဂွန်မှ အရာရှိကြီးများအား ရေငုံ နှုတ်ပိတ် နေစေလိုသောကြောင့် မဟုတ်ပါကြောင်း ဖြည့်စွက် ပြောဆိုသည်။

စာမျက်နှာ သုံးမျက်နှာ ရှိသော မှတ်တမ်း ရေးသားရာတွင် မစ္စတာ ရောဘတ်ဂိတ်က စစ်ဘက်နှင့် မီဒီယာ ဆက်ဆံရေးနှင့် ပတ်သက်၍ "ကာကွယ်ရေး ဝန်ကြီးဌာနသည် မီဒီယာများနှင့် ထိတွေ့ ဆက်ဆံရာ၌ ပေါ့ပေါ့တန်တန် သဘောမျိုး များပြားလာသည်ကို တွေ့ရသည့်အတွက် မိမိအနေဖြင့် စိုးရိမ်ပူပန်မိသည်" ဟု ဆိုသည်။ သို့ဆိုပါက စစ်မြေပြင်တွင် တာဝန် ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်များအား မီဒီယာများနှင့် ပြောဆိုဆက်ဆံမှုကို လုံးလုံးလျားလျား ပိတ်ပင်တော့မည် ဟူသည့် သဘောမျိုးသို့ သက်ရောက်နေပြီလော ဟု မေးခွန်းထုတ်စရာ ဖြစ်နေသည်။

အမေရိကန် ဒုတိယ ကာကွယ်ရေး ဝန်ကြီး Douglas Wilson က "ကျွန်တော်တို့ ဌာနမှာ မီဒီယာတွေနဲ့ စည်းဘောင်ကျော်တဲ့ အထိ ထိတွေ့ ဆက်ဆံနေတဲ့သူတွေ အများကြီး ရှိပါတယ်။ တစ်ခါတစ်ရံမှာ သူတို့ ပေးတဲ့ သတင်း အချက်အလက်တွေက လွဲမှားနေတာကို တွေ့ရပါတယ်။ တကယ် သိတဲ့လူ၊ တကယ် တာဝန်ရှိတဲ့သူတွေက အတည် မပြုသေးတဲ့ သတင်းမျိုးတွေကို ဖြန့်ဝေနေတာမျိုးပါ" ဟုဆိုသည်။

မစ္စတာ ရောဘတ်ဂိတ်စ်ကမူ "လျှို့ဝှက် သတင်း အချက်အလက်တွေ ပေါက်ကြားတယ် ဆိုတာ ဥပဒေကို ဆန့်ကျင်တာပါပဲ။ ခွင့်လွှတ်လို့ မရပါဘူး။ အဲလို သတင်း အချက်အလက်တွေ ပေါက်ကြားအောင် လုပ်တဲ့ သူတွေကို ဥပဒေအရ အပြစ်ပေး အရေးယူခြင်း ခံရမှာပါ" ဟု ဖြည့်စွက် ပြောဆိုသည်။

သို့သော် ပင်တဂွန် ပြန်ကြားရေး အရာရှိ Geoff Morrell က မစ္စတာ ရောဘတ်ဂိတ်စ်သည် မီဒီယာများနှင့် ကာကွယ်ရေး ဝန်ကြီးဌာန ပွင့်လင်းစွာ ထိတွေ့ ဆက်ဆံမှုမျိုးကို လက်ခံထားဆဲပင် ဖြစ်ကြောင်း ပြောကြားသည်။

"ဒီအမိန့်က ကျွန်တော်တို့ ကာကွယ်ရေး ဝန်ကြီးဌာနကို ပိုပြီး စည်းမျဉ်းစည်းကမ်း ရှိတဲ့ အဖွဲ့အစည်း ဖြစ်လာဖို့ ဒီဇိုင်းဆင်ထားတာပါ" ဟု မစ္စတာ Morrell က ပြောသည်။ "အမေရိကန် တပ်ဖွဲ့ဝင်တွေ အနေနဲ့ သတင်းထောက်တွေနဲ့ ထိတွေဆက်ဆံမှု မပြုရဘူးဆိုတဲ့ သဘောမျိုး လုံးဝ မဟုတ်ပါဘူး" ဟု ၎င်းက ဖြည့်စွက် ပြောဆိုသည်။ မကြာသေးခင်က Rolling Stones မဂ္ဂဇင်းတွင် ဖော်ပြ ပါရှိလာသော ဆောင်းပါ၌ ဗိုလ်ချုပ်ကြီး Stanley က သမ္မတ အိုဘားမား၊ ဒုတိယ သမ္မတ ဂျိုးဘီဒန်၊ အမျိုးသား လုံခြုံရေးအကြံပေး ဂျိမ်းစ်ဂျုံး၊ အာဖဂန်နစ္စတန် ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ကားလ်အီကန်ဘယ်ရီတို့ကို ပြစ်တင် ဝေဖန် သရော်သည့် ပြောဆိုမှုများအား ထည့်သွင်း ဖော်ပြခဲ့သည်။

အဆိုပါ မဂ္ဂဇင်း ထွက်ရှိပြီး မကြာမီမှာပင် ဗိုလ်ချုပ်ကြီးက ရာထူးမှ နုတ်ထွက်ခဲ့သည်။ ယခုအခါ ဗိုလ်ချုပ်ကြီး Stanley တာဝန်ယူရသော အမေရိကန်နှင့် နေတိုးတပ်ဖွဲ့များ၏ တပ်ရင်းမှူး ရာထူးကို ဗိုလ်ချုပ်ကြီး David Petraeus က ဝင်ရောက် တာဝန်ယူလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ ယင်း အမေရိကန်နှင့် နေတိုးတပ်ဖွဲ့များသည် တာလီဘန် စစ်သွေးကြွများကို ချေမှုန်း တိုက်ခိုက်လျက် ရှိသည်။

BBC သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment