Transparency Myanmar

transparency.myanmar@gmail.com

ကမ္ဘာ တစ်ဝန်းလုံးရှိ အမျိုးသမီးများနှင့် မိန်းကလေးများ အခွင့်အရေး မြှင့်တင်နိုင်ရေးအတွက် ကုလသမဂ္ဂက အေဂျင်စီတစ်ခု ဖွဲ့စည်း ထူထောင်တော့မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အေဂျင်စီ ဖွဲ့စည်း ထူထောင်နိုင်ရေးနှင့် ပတ်သက်ပြီး လေးနှစ်တာမျှ စေ့စပ် ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မဲပေး ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အမျိုးသမီးများနှင့် မိန်းကလေးများ အခွင့်အရေးအတွက် ဖွဲ့စည်းမည့် အေဂျင်စီ နာမည်မှာ UN Entity for Gender Equility and the Empowerment of Women (UNEGEEW) ဖြစ်ပြီး ကုလသမဂ္ဂ အမျိုးသမီးများ အဖွဲ့ ဟုလည်း သတ်မှတ် ခေါ်ဆိုနိုင်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

ယင်းအဖွဲ့သည် လာမည့် နှစ်ဆန်းပိုင်း ကာလတွင် စတင် လည်ပတ် လုပ်ကိုင်မည် ဖြစ်ပြီး အမျိုးသမီးများနှင့် ပတ်သက်သော အရေးကိစ္စကြီးများကို လက်ရှိ ကုလသမဂ္ဂ အဖွဲ့လေးခုနှင့် တစ်ပေါင်းတည်း လုပ်ကိုင် ဆောင်ရွက်သွားမည်ဟု သိရသည်။

"ဒီ ကုလသမဂ္ဂ အမျိုးသမီးများ အဖွဲ့ဟာ လက်ရှိ ကုလက ဆောင်ရွက်နေတဲ့ အလုပ်တွေ ဖြစ်တဲ့ လိင်ခွဲခြားမှု ပပျောက်ရေး၊ အမျိုးသမီး အခွင့်အရေးများ ပေါ်ထွန်းရေး စတာတွေကို မြှင့်တင် ဆောင်ရွက်သွားမှာပါ" ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး မစ္စတာ ဘန်ကီမွန်းက ပြောသည်။

ကုလသမဂ္ဂ ဒုတိယ အထွေထွေ အတွင်းရေးမှူး Asha Rose Migiro က ယခု အထွေထွေ ညီလာခံ၌ အမျိုးသမီးများ အဖွဲ့အတွက် မဲပေး ဆုံးဖြတ်မှုသည် သမိုင်းဝင် ဖြစ်ရပ်ဟု သတ်မှတ်နိုင်ကြောင်း ပြောကြားသည်။

ယင်းအဖွဲ့သစ်သည် အမျိုးသမီးများ စွမ်းဆောင်ရည် မြင့်မား တိုးတက်ရေးအတွက် တစ်ခုတည်းသော တွန်းအား ဖြစ်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ အမျိုးသမီးအဖွဲ့ အကြီးအကဲ ရာထူးကို အထွေထွေအတွင်းရေးမှူး အောက်တွင် ထားရှိမည် ဖြစ်သည်။ ယခုကဲ့သို့ ကုလ အမျိုးသမီးအဖွဲ့ ထူထောင်ရန် လေးနှစ်ကြာမျှ စေ့စပ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရခြင်းမှာ အနောက်နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲ နိုင်ငံများအကြား သဘောထား ကွဲလွဲမှုများ ပေါ်ထွက်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ကုလ သံတမန်များက ဆိုသည်။

UN Press Release ကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment