Transparency Myanmar

transparency.myanmar@gmail.com

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် ဇီကျန်း ပြည်နယ်တွင် ဖြစ်ပွားခဲ့သော တိုင်းရင်းသား လူမျိုးနွယ်စု ပဋိပက္ခအပေါ် တရုတ် အစိုးရ၏ ကိုင်တွယ် ဖြေရှင်းမှုအပေါ် နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာရေး အဖွဲ့ (AI) က ပြစ်တင် ဝေဖန်မှုများ ပြုလုပ်ပြီး စိန်ခေါ်လိုက်သည်။

ဝီဂါ တိုင်းရင်းသား မျိုးနွယ်စုများ အများစု နေထိုင်ရာ ဇီကျန်းပြည်နယ်၊ အူရမ်ကီမြို့တွင် ဖြစ်ပွားသော အဆိုပါ လူမျိုးရေး ပဋိပက္ခ၌ အများဆုံး သေဆုံးခဲ့သူများမှာ ဟန်တရုတ် လူမျိုးများ ဖြစ်သည်ဟု တရုတ် အစိုးရက ပြောဆိုခဲ့သည်။

သို့သော် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့များ အဆိုအရ တရုတ်ရဲတပ်ဖွဲ့သည် မလိုလားအပ်သော အင်အားများ အသုံးပြုကာ ဝီဂါ တိုင်းရင်းသား မျိုးနွယ်စုများအပေါ် ဖမ်းဆီး ချုပ်နှောင်ခြင်း၊ ညှဉ်းပန်း နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ အူရမ်ကီမြို့တွင် တပ်ဆင်ထားသော စီစီတီဗီ လုံခြုံရေး ကင်မရာ ပေါင်းများစွာမှ မှတ်တမ်းများ ပြန့်နှံ့သွားပြီးနောက် လူ့အခွင့်အရေး အုပ်စုများက ယင်းသို့ တရုတ်အစိုးရအပေါ် ပြစ်တင် ဝေဖန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကင်မရာများတွင် အဓိကရုဏ်း အန္တရာယ် အကာအကွယ်များ ပါရှိပြီး အူရမ်ကီမြို့ အနှံ့ (ဘတ်စ် ကားဂိတ်၊ ဘူတာရုံ၊ စာသင်ကျောင်းနှင့် စူပါမားကတ်ကြီးများ အပါအဝင်) တပ်ဆင် ထားခဲ့သည်။

ယင်း ဝီဂါလူမျိုးရေး အရေးအခင်းမှာ ဆယ်စုနှစ်များစွာ အတွင်း တရုတ်နိုင်ငံ၏ အဆိုးရွားဆုံး အရေးအခင်း တစ်ခု ဖြစ်ခဲ့ပြီး ၂၀၀၉ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့တွင် စတင်ခဲ့သည်။ အဓိကရုဏ်း ကာလအတွင်း အူရမ်ကီမြိုကတွင် တရုတ် အထူးလုံခြုံရေး တပ်ဖွဲ့ဝင် ပေါင်းများစွာကို ဘေဂျင်း အစိုးရက ဖြန့်ကြက်ထားခဲ့သည်။

အာရှ အလယ်ပိုင်း ဒေသနှင့် နယ်နိမိတ်ချင်း ထိစပ်လျက် ရှိသော အဆိုပါ ဇီကျန်းပြည်နယ်သည် အရင်းအမြစ် ပေါကြွယ်ဝသော ဒေသကြီး တစ်ခု ဖြစ်ကာ ဝီဂါလူမျိုးစု စုစုပေါင်း ရှစ်သန်းခန့် နေထိုင်သည်။ ဇီကျန်းပြည်နယ် ဒေသခံ အများစုမှာ ဟန်တရုတ် လူမျိုးပေါင်း မြောက်မြားစွာ ဝင်ရောက် အခြေချ နေထိုင်မှုကြောင့် စိတ်ဒုက္ခ ရောက်ခဲ့ကြပြီး တရုတ်အစိုးရ၏ လူမျိုးရေး ခွဲခြား ဆက်ဆံမှုများကိုလည်း ပိုမို ခံစားလာခဲ့ကြသည်။

အဆိုပါ အရေးအခင်း ပြီးနောက် တရုတ်ပြည်မှ ထွက်ပြေးလာသော ဝီဂါ လူမျိုးများထံမှ ဖြစ်ရပ်မှန် ထွက်ဆိုမှုများစွာကို လက်ခံ ရရှိထားပြီ ဖြစ်သည်ဟု နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာရေး အဖွဲ့က ဆိုသည်။

ဆန္ဒပြသူ အများစုမှာ တရုတ် လုံခြုံရေး တပ်ဖွဲ့များ၏ တိုက်ခိုက်မှုကို ခံခဲ့ရကြောင်း၊ အချို့မှာ နောက်ကျောမှ သေနတ် ပစ်ခတ်ခံရပြီး အကာအကွယ် ပေးမှုလည်း မရရှိခဲ့ကြောင်း ပြည်ပြေး ဝီဂါများက ပြောဆိုသည်။

လွတ်ငြိမ်း ချမ်းသာရေး အဖွဲ့၏ အစီရင်ခံစာအရ အရေးအခင်းတွင် လူပေါင်း ၁၀၀၀ ကျော် ဖမ်းဆီး ထိန်းသိမ်းခံရပြီး ရာနှင့်ချီသော ဝီဂါလူမျိုးများ ပျောက်ဆုံးခဲ့ကြောင်း သိရသည်။

တရုတ်အစိုးရက ထုတ်ပြန်သော တရားဝင် စာရင်းများအရ ဝီဂါ လူမျိုးရေး ပဋိပက္ခတွင် လူပေါင်း ၁၉၈ ဦးကို ဖမ်းဆီး အပြစ်ပေးခဲ့ပြီး ၉ ဦး သတ်ဖြတ်ခြင်း ခံရကာ ၂၆ ဦးအား သေဒဏ် အပြစ်ပေးခဲ့ကြောင်း သိရသည်။

ဝီဂါလူမျိုးရေး ပဋိပက္ခတွင် ပါဝင်ခဲ့သူများ အားလုံး လူ့အခွင့်အရေး ချိုးဖောက်ခဲ့ခြင်းရှိ၊ မရှိ သိရှိနိုင်ရန် လွတ်လပ်ပြီး ဘက်လိုက်မှု မရှိသော စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရန် လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့က တရုတ်အစိုးရကို တိုက်တွန်းထားသည်။

"တရုတ် အစိုးရရဲ့ တရားဝင် ထုတ်ပြန်ချက်တွေအရ သိဖို့ လိုတဲ့ ကိစ္စတွေ၊ မေးစရာတွေ အများကြီး ကျန်ရှိနေပါတယ်။ လူ ဘယ်နှစ်ယောက် တကယ် သေဆုံးခဲ့တယ်၊ ဘယ်သူတွေ သတ်လို့ သေခဲ့တယ်၊ ဘယ်လိုဖြစ်တယ်၊ ဘာကြောင့် ဖြစ်တယ် စတာတွေကို သိဖို့ လိုပါတယ်" ဟု လွတ်ငြိမ်း ချမ်းသာရေး အဖွဲ့၏ အာရှ-ပစိဖိတ် ဒေသဆိုင်ရာ ဒါရိုက်တာ Catherine Baber က ပြောကြားသည်။

အရေးအခင်း ပြီးသည်မှာ တစ်နှစ်ခန့် ကြာပြီဖြစ်သည့်တိုင် ယနေ့အချိန်ထိ အူရမ်ကီမြို့တွင် လုံခြုံရေး တင်းကြပ်ထားဆဲပင် ဖြစ်သည်။ မြို့တော်၏ အရေးပါ အချက်အချာ ကျသော နေရာ ဒေသများတွင် လုံခြုံရေး ကင်မရာ ပေါင်းများစွာ တပ်ဆင်ထားသည်။ တရုတ် အစိုးရ အာဘော် Xinjing Economic Daily သတင်းစာက "ဒေသခံ ပြည်သူများ ပျော်ရွှင် ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးအတွက် လုံခြုံရေး ကင်မရာများ တပ်ဆင်ထားခြင်း ဖြစ်သည်" ဟု ရေးသားသည်။

ပဋိပက္ခ ပြီးဆုံးသည့် အချိန်ကတည်းက ရဲတပ်ဖွဲ့ဝင်သစ် ၅၀၀၀ ခန့် ဖြည့်စွက်ထားသည်။ အူရမ်ကီ ရဲချုပ် Wang Mingsham က အလားတူ အရေးပေါ် အခြေအနေမျိုး ထပ်မံ ထွက်ပေါ်လာပါက အလွယ်တကူ ဖြေရှင်းနိုင်ရန် ယင်းသို့ တပ်ဖွဲ့ဝင်သစ်များဖြင့် အင်အား ဖြည့်ထားခြင်း ဖြစ်သည်ဟု ပြောသည်။ ဇီကျန်းပြည်နယ်တွင် များစွာသော တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော အကြမ်းဖက် အုပ်စုများကို ဖြိုခွင်းနိုင်ခဲ့ပြီ ဖြစ်သည် ဟုလည်း ရဲတပ်ဖွဲ့က ဆိုသည်။

BBC သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment