Transparency Myanmar

transparency.myanmar@gmail.com

မြောက်ကိုရီးယား နျူကလီယာ အစီအစဉ်နှင့် ပတ်သက်သော ခြောက်နိုင်ငံ ဆွေးနွေးပွဲ ပြန်လည် စတင်မည့် ကိစ္စကို ပြုံးယမ်းမြို့တော်တွင် ဆွေးနွေးခဲ့ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက သြဂုတ်လ ၂၀ ရက်နေ့တွင် သတင်း ထုတ်ပြန်သည်။

မြောက်ကိုရီးယား နျူကလီယာ အရေးကိစ္စဆိုင်ရာ တရုတ်နိုင်ငံ၏ အထူးသံတမန် Wu Dawei က ယခု ရက်သတ္တပတ်အတွင်း ပြုံးယမ်းမြို့တော်သို့ သွားရောက်ခဲ့သည်။ ခြောက်နိုင်ငံ ဆွေးနွေးပွဲ မစတင်မီ မြောက်ကိုရီးယား အနေဖြင့် ချိုနန် စစ်သင်္ဘောအား တော်ပီတိုဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့မှုအပေါ် ဝန်ချ တောင်းပန်ရမည် ဖြစ်သည်ဟု တောင်ကိုရီးယား နိုင်ငံက တောင်းဆိုထားသည်။

မြောက်ကိုရီးယားသည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်တွင် ခြောက်နိုင်ငံ ဆွေးနွေးပွဲကို ကျောခိုင်း ထွက်ခွာခဲ့သည်။ ယခု မြောက်ကိုရီးယား ခရီးစဉ်တွင် တရုတ် သံတမန် Wu Dawei သည်
နိုင်ငံခြားရေး ဝန်ကြီး Pak Ui chun အပါအဝင် ကွန်မြူနစ် အစိုးရ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ဆိုသည်။

"ကိုရီးယား ကျွန်းဆွယ် ငြိမ်းချမ်းမှု၊ တည်ငြိမ်မှု ထိန်းသိမ်းရေးနှင့် ခြောက်နိုင်ငံ ဆွေးနွေးပွဲ လုပ်ငန်းစဉ်များ ပြန်လည် စတင်နိုင်ရေး အစရှိသည်တို့နှင့် ပတ်သက်၍ မစ္စတာ Wu Dawei က
မြောက်ကိုရီးယား အာဏာပိုင်များနှင့် အမြင်ချင်း ဖလှယ်ခဲ့သည်" ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။

"ဆွေးနွေးခဲ့သည့် ကိစ္စများအပေါ် အမြင်ချင်း တူညီမှုများ အပြည့်အဝ ရရှိခဲ့ကြသည်" ဟု မြောက်ကိုရီးယား နိုင်ငံပိုင် KCNA သတင်းဌာနက သြဂုတ်လ ၁၉ ရက်နေ့တွင် သတင်း ပေးပို့သည်။

ချိုနန် စစ်သင်္ဘော ကိစ္စ

တရုတ်သည် မြောက်ကိုရီးယား နျူကလီယာ အစီအစဉ်များ အားလုံး အဆုံးသတ်နိုင်ရေး အတွက် အမေရိကန်၊ ရုရှား၊ ကိုရီးယား နှစ်နိုင်ငံ၊ ဂျပန် တို့နှင့်အတူ ခြောက်နိုင်ငံ ဆွေးနွေးပွဲများကို ကျင်းပပေးခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံသည် တောင်ကိုရီးယား ချိုနန်စစ်သင်္ဘော တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ မြောက်ကိုရီးယား အပေါ် ကုလသမဂ္ဂ၏ ပြစ်တင် ရှုတ်ချမှုကို ဆန့်ကျင်သည့် အနေဖြင့် ခြောက်နိုင်ငံ ဆွေးနွေးပွဲ ပြန်လည် စတင်နိုင်ရေးအတွက် သင်္ဘောကိစ္စကို မေ့ဖျောက်ပစ်ရန် ဆွယ်တရား ဟောခဲ့သည်။

သို့သော် အဆိုပါ ခြောက်နိုင်ငံ ဆွေးနွေးပွဲ ပြန်လည်စတင်မည့် ကိစ္စမှာ ယနေ့ အချိန်အထိ မရေရာ မသေချာ အနေအထားတွင် ရှိနေဆဲဖြစ်သည်။ အမေရိကန် ပြည်ထောင်စု၊ တောင်ကိုရီးယား နှင့် ဂျပန်တို့က ချိုနန်စစ်သင်္ဘော ကိစ္စအတွက် မြောက်ကိုရီးယား နိုင်ငံမှ ဝန်ချ တောင်းပန်မှုကို ရယူလိုသည်ဟု ပြောဆိုထားပြီး သင်္ဘော တိုက်ခိုက်ခံရမှုသည် မြောက်ကိုရီးယား၏ ရန်စသော အပြုအမူအဖြစ် သတ်မှတ် ဖော်ပြကြသည်။

မတ်လ ၂၆ ရက်နေ့တွင် ဖြစ်ပွားခဲ့သော တောင်ကိုရီးယား ချိုနန် စစ်သင်္ဘော နစ်မြုပ်မှုတွင် သင်္ဘောသား ၄၆ ဦး သေဆုံးခဲ့သည်။ "ပထမဆုံး မြောက်ကိုရီးယား အနေနဲ့ ချိုနန် စစ်သင်္ဘောကိစ္စနဲ့ ပတ်သက်ပြီး ရိုးစင်းတဲ့ လုပ်ဆောင်ချက်တွေ လုပ်ဆောင်လာဖို့ပါပဲ" ဟု တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Shin Maeong-Ho က AFP သတင်းဌာနသို့ ပြောကြားသည်။

"လတ်တလော အဖြစ်အပျက်တွေ၊ အနေအထားတွေအရ ခြောက်နိုင်ငံ ဆွေးနွေးပွဲ ပြန်လည် စတင်ဖို့ ဆိုတာကို ပြောဖို့ စောလွန်းပါသေးတယ်" ဟု ၎င်းက ဆိုသည်။

တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး Yu Myung-hwan က ခြောက်နိုင်ငံ ဆွေးနွေးပွဲတွင် မြောက်ကိုရီးယား၏ ရိုးသား ဖြူစင်မှုနှင့် ပတ်သက်၍ အများက အယုံအကြည် ကင်းမဲ့နေကြကြောင်း သြဂုတ်လ တတိယပတ်တွင် ပြောဆိုခဲ့သည်။

မြောက်ကိုရီးယားသည် နျူကလီယာ စမ်းသပ်မှု နှစ်ကြိမ်တိတိ ပြုလုပ်ခဲ့သည်။ ပထမ တစ်ကြိမ်မှာ ၂၀၀၆ ခုနှစ်၊ အောက်တိုဘာတွင် ဖြစ်ပြီး ဒုတိယအကြိမ်မှာ ၂၀၀၉ ခုနှစ်၊ မေလတွင် ဖြစ်သည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment