Transparency Myanmar

transparency.myanmar@gmail.com

မြန်မာ ပြည်သူများအပေါ် စစ်အစိုးရ၏ စစ်ရာဇဝတ်မှု ကျူးလွန်မှုများ စုံစမ်းဖော်ထုတ်နိုင်မည့် နိုင်ငံတကာခုံရုံး တစ်ရပ် ဖွဲ့စည်းမှုကို ကျောထောက်နောက်ခံ ပြုပေးသွားမည်ဟု အမေရိကန် အစိုးရက သြဂုတ်လ ၁၈ ရက်နေ့တွင် ထုတ်ဖော် ကြေညာလိုက်ကြောင်း BBC သတင်းက ဆိုသည်။

ယင်းနိုင်ငံတကာ ခုံရုံးဖွဲ့စည်းမှုအပေါ် ကျောထောက်နောက်ခံ ပေးခြင်းသည် မြန်မာနိုင်ငံနှင့် စေ့စပ်ညှိနှိုင်းရေး ဟူသည့် ယခင် အမေရိကန် မူဝါဒနှင့် တစ်ထပ်တည်းပင် ဖြစ်သည် ဟု စီနီယာ အရာရှိကြီး တစ်ဦးက BBC သတင်းဌာနသို့ ပြောကြားသည်။

အမေရိကန် ပြည်ထောင်စု အစိုးရက မြန်မာနိုင်ငံနှင့် သံတမန်နည်းအရ စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဟု ၂၀၀၉ ခုနှစ်တွင် မူဝါဒသစ် တစ်ရပ်ကို စတင် ကျင့်သုံးခဲ့သည်။ ယခုနှစ် မတ်လတွ် ကုလသမဂ္ဂ အထူး သံတမန်က မြန်မာနိုင်ငံတွင် နှစ်ကာလ ကြာရှည်စွာ အကွက်ကျကျ လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိခဲ့သည်ဟု အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ခဲ့သည်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမား အုပ်ချုပ်ရေး အဖွဲ့၏ မြန်မာနိုင်ငံနှင့် ပတ်သက်သော အဓိက ရည်ရွယ်ချက် ပန်းတိုင်မှာ နိုင်ငံရေးစနစ် ပြုပြင် ပြောင်းလဲရေး၊ ယုံကြည် စိတ်ချရသော ရွေးကောက်ပွဲ ကျင်းပရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိရေးပင် ဖြစ်သည်။

မြန်မာနိုင်ငံတွင် လာမည့် နိုဝင်ဘာ ၇ ရက်နေ့၌ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပတော့မည် ဖြစ်သော်လည်း အမေရိကန် ပြည်ထောင်စု၏ ကြိုးပမ်းချက်များက အပြုသဘော ဆောင်သော ရလဒ် တစ်စုံတရာ မဖော်ဆောင်နိုင်ခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ပြောသည်။

"သံတမန် နည်းလမ်းအရ စေ့စပ်ညှိနှိုင်းတယ်ဆိုတာ ဆုလာဘ်တစ်ခု မဟုတ်ပါဘူး။ အပြုသဘော ဆောင်တဲ့ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ရဲကိုင်ရဲ ဖြစ်လာအောင် ဒီဇိုင်းဆင်ထားတဲ့ နည်းလမ်း တစ်ခုပါပဲ" ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အရာရှိကြီး တစ်ဦးက ပြောသည်။ "အခုလို နိုင်ငံတကာခုံရုံးကို ကျောထောက်နောက်ခံ ပြုမယ့် ကိစ္စကြောင့် အကြောင်း ခိုင်လုံလာတဲ့ အချိန်မှာ ကျွန်တော်တို့ အနေနဲ့ ဖိအားပေးမှုတွေ တိုးမြှင့်လုပ်ကိုင်လို့ မရအောင် အဟန့်အတား ဖြစ်စေမှာ မဟုတ်ပါဘူး" ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံအပေါ် ပိုမိုတင်းကြပ်သည့် စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ ထပ်မံ ပြုလုပ်သွားဖွယ် ရှိသည်ဟုလည်း အမေရိကန် အစိုးရက အရိပ်ပြ ပြောဆိုထားခဲ့သည်။ အမေရိကန် အစိုးရ ပေါ်လစီသည် လှုပ်ရှား ပြောင်းလဲမှု ရှိသလို အကျိုး သက်ရောက်မှု အတိုင်းအတာများ အပေါ်တွင်လည်း မျက်ခြည်မပြတ် စောင့်ကြည့် လေ့လာလျက် ရှိသည်ဟု ဆိုသည်။ အမေရိကန် အစိုးရက နိုင်ငံတကာခုံရုံး တည်ထောင်မည့် ကိစ္စအပေါ် ကျောထောက်နောက်ခံ ပေးမှုအား US Campaign for Burma ကဲ့သို့သော လူ့အခွင့်အရေး အဖွဲ့များက ကြိုဆိုကြသည်။

The New Kerala မှ သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment