Transparency Myanmar

transparency.myanmar@gmail.com

Irrawaddy News, 27th August 2010

မြန်မာ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် ဒုတိယ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့သည် အခြား ထိပ်တန်း စစ်ဖက် အကြီးအကဲ ၆ ဦး နှင့်အတူ စစ်ဖက် ရာထူးများ စွန့်လွှတ်ခဲ့ကြကြောင်း နေပြည်တော် သတင်း ရပ်ကွက်မှ သိရှိရသည်။

အထက်ပါ ထိပ်တန်း အရာရှိ ၈ ဦးသည် ၎င်းတို့၏ အစိုးရ အဖွဲ့ ရာထူးများကိုမူ ဆက်လက် ရယူထားမည် ဖြစ်၍ အသက် ၇၇ နှစ်ရှိ ဗိုလ်ချုပ်မှူးကြီး သန်းရွှေမှာ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌ၊ အစိုးရ အကြီးအကဲ အဖြစ် ဆက်လက် ရှိနေမည် ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၁၉၉၂ ဧပြီလက စ၍ ရယူခဲ့သော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို လက်ရှိ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်အောင်အား လွှဲပြောင်း ပေးလိုက်သည်ဟု သိရှိရသည်။

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို လက်ရှိ အမှတ် ၃ အထူး စစ်ဆင်ရေး အဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုထံ လွှဲပြောင်း ပေးလိုက်သည့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် အစိုးရ အဖွဲ့ ဒုတိယ အကြီးအကဲ အဖြစ် ဆက်ရှိနေမည်ဟု ဆိုသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ရွေးချယ် တင်မြှောက်ခံ သမ္မတထံ အာဏာ လွှဲပြောင်းပေးမည့် ၂၀၁၁ ဘဏ္ဍာရေး နှစ်ကုန်အထိ နိုင်ငံ့ခေါင်းဆောင် ရာထူးကို ဆက်လက် ရယူထားလိမ့်မည်ဟု မျှော်လင့်ရသည်။ အဆိုပါ ရာထူးကို လက်ရှိ အစိုးရ နံပါတ် ၃ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ရွှေမန်း ရရှိလိမ့်မည်ဟု ခန့်မှန်းထားကြသည်။

ဗိုလ်ချုပ်ကြီး ရွှေမန်း နှင့်အတူ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးလည်း စစ်ဖက် ရာထူး စွန့်လွှတ်ကာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏ လွှတ်တော် ကိုယ်စားလှယ်လောင်းများ အဖြစ် နေပြည်တော် မဲဆန္ဒနယ်များတွင် ပါဝင် ယှဉ်ပြိုင်ကြမည်ဟု သိရှိရသည်။

ဗိုလ်ချုပ်ကြီး ရွှေမန်းနှင့် ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးတို့ အပါအဝင် ထိပ်တန်း စစ်ဖက် အရာရှိ ၁၀ ဦးကျော်လည်း တပ်မတော်မှ အနားယူကြမည်ဟု AP သတင်းဌာနက သောကြာနေ့တွင် သတင်း ထုတ်ပြန်သည်။

ဗိုလ်ချုပ်ကြီး ရွှေမန်း၏ ပူးတွဲ စစ်ဦးစီးချုပ်များ ဥက္ကဋ္ဌ ရာထူးကို လက်ရှိ အမှတ် ၂ အထူး စစ်ဆင်ရေး အဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ရရှိသည်ဟု သတင်း ရပ်ကွက်က ဆိုသည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကို ခေါင်းဆောင်ရန် အတွက် စစ်ဖက် ရာထူး စွန့်လွှတ် ခဲ့ကြပြီးသော ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် အစိုးရ အဖွဲ့ ဝန်ကြီးများသည်လည်း ၎င်းတို့၏ လက်ရှိ အစိုးရ ရာထူးများကို လာမည့် လတွင် စွန့်လွှတ်ကြမည်ဟု သိရှိရသည်။

ယခု သီတင်းပတ် အစောပိုင်းတွင် အစိုးရ ဝန်ကြီး အားလုံးအား အစိုးရပိုင် အိမ်များကို ပြန်လည် အပ်နှံရန် အကြောင်းကြားခဲ့သည်ဟု သိရှိရပြီး၊ ယာယီ ကြားဖြတ် အစိုးရကို မကြာမီ အတောအတွင်း ဖွဲ့စည်း လိမ့်မည်ဟုလည်း မျှော်လင့်ရသည်။

စစ်အစိုးရ ခေါင်းဆောင်ပိုင်း အတွင်းမှ နောက်ဆုံး အပြောင်းအလဲများကို သတင်း ရပ်ကွက် များစွာမှ ရရှိခဲ့ခြင်း ဖြစ်ပြီး ရွေးကောက်ပွဲ မတိုင်မှီ ကပ်၍ ပေါ်ထွက်လာသော သတင်းများ၏ အသေးစိတ် အချက်အလက်များမှာမူ ကျန်ရှိနေဆဲ ဖြစ်ပြီး အဆိုပါ သတင်းများကို အတည်ပြုနိုင်ရန် ဧရာဝတီက ကြိုးစားနေသည်။

လာမည့် နိုဝင်ဘာ ရွေးကောက်ပွဲသည် လက်ရှိ စစ်ဖက် အစိုးရ၏ အာဏာ ဆက်လက် ခိုင်မြဲစေရန် အားထုတ်မှု အဖြစ် ကမ္ဘာတစ်ဝှမ်းက ရှုမြင်ကြသည်။

အကယ်၍ ယခု စစ်ဖက် ရာထူး အပြောင်းအလဲ သတင်းများကို အတည်ပြု နိုင်ခဲ့ပါက ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၎င်း၏ စစ်တပ် အတွင်းမှ သစ္စာခံများ၊ သြဇာ ညောင်းသူများနှင့် ရောင်းရင်းများထံ အောင်မြင်စွာ အာဏာ လွှဲပြောင်း ပေးနိုင်ခဲ့ခြင်း ဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ အနာဂတ် ရွေးချယ်ခံ အစိုးရတွင် သြဇာလွှမ်းမည့် အဆိုပါ သစ္စာခံများကို ကန့်လန့်ကာ နောက်ကွယ်မှ ဆက်လက် ကြိုးကိုင် သွားလိမ့်မည်ဟု အကဲခတ် လေ့လာသူများက သုံးသပ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment