Transparency Myanmar

transparency.myanmar@gmail.com

မြောက်ကိုရီးယား နိုင်ငံတွင် နှစ်ပေါင်း ၃၀ အတွင်း အကြီးကျယ် အခမ်းနားဆုံး နိုင်ငံရေး ဆွေးနွေးပွဲကြီး တစ်ရပ် ကျင်းပရန် စီစဉ်လျက် ရှိပြီး အဆိုပါ ဆွေးနွေးပွဲတွင် ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်က ၎င်း၏ သားဖြစ်သူအား အလုပ်သမား ပါတီမှ အရေးပါသော ရာထူး နေရာ၌ ခန့်အပ်ထားမည်ဟု ခန့်မှန်းရသည်။ အဆိုပါ ရာထူးသည် မြောက်ကိုရီးယား ခေါင်းဆောင် ရာထူး လွှဲအပ်နိုင်ရေးအတွက် အလွန် ခိုင်မာသော နေရာ တစ်နေရာလည်း ဖြစ်သည်။

ယင်းဆွေးနွေးပွဲသည် ၁၉၈၀ ပြည့်နှစ် ကွန်ဂရက် ဆွေးနွေးပွဲတွင် လက်ရှိ ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်သည် သူ၏ ဖခင် ကင်အီဆွန်း၏ အရိုက်အရာကို ဆက်ခံမည့်သူ ဖြစ်ကြောင်း အတည်ပြု ကြေညာခဲ့ပြီးနောက် ပထမဆုံးသော ပါတီ ဆွေးနွေးပွဲ တစ်ခု ဖြစ်သည်။ ယခု ရက်သတ္တပတ်တွင်လည်း ယခင် သမိုင်းကြောင်း အတိုင်းပင် သားဖြစ်သူက ဖခင်ဖြစ်သူ၏ အရိုက်အရာကို ဆက်ခံမည့် သဘောမျိုး တွေ့ရမည်ဟု မျှော်လင့်ရသည်။

အသက် ၆၈ နှစ် အရွယ်သို့ ရောက်ရှိနေပြီ ဖြစ်သော ကင်ဂျုံအီလ်သည် ကျန်းမာရေး ညံ့ဖျင်းလျက် ရှိပြီး အငယ်ဆုံး သားဖြစ်သူ ကင်ဂျွန်အန်ကို ပါတီတွင် အရေးပါသော ရာထူး ခန့်အပ်ဖွယ် ရှိသည်။

အလုပ်သမား ပါတီ တွေ့ဆုံ ဆွေးနွေးပွဲကို စက်တင်ဘာ အစောပိုင်း ရက်သတ္တပတ် အတွင်း ပြုလုပ်ရန် လျာထားသော်လည်း နေ့ရက် အတိအကျကိုမူ ထုတ်ပြန်ခြင်း မရှိသေးပေ။ သို့သော် လေ့လာ သုံးသပ်သူများ အဆိုအရ စက်တင်ဘာလ ၆ ရက်နေ့တွင် ပြုလုပ်ဖွယ် ရှိသည်ဟု ဆိုသည်။ ဒေသခံ ပါတီ အဖွဲ့ဝင် အရာရှိကြီးများမှာ အဆိုပါ အလုပ်သမား ပါတီ တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်မည့် ကိုယ်စားလှယ်များ ရွေးချယ်မှုများဖြင့် အလုပ်ရှုပ်လျက် ရှိသည်ဟု နိုင်ငံပိုင် KCNA သတင်းဌာနက ဆိုသည်။

ယင်းကွန်ဖရင့် ဆွေးနွေးပွဲသည် ၁၉၈၀ ပြည့်နှစ်တွင် ကျင်းပခဲ့သလို ထိပ်ပိုင်း ခေါင်းဆောင်ကြီးများ ဆွေးနွေးပွဲ မဟုတ်သည့်တိုင် အလုပ်သမား ပါတီ၏ အရေးကိစ္စကြီးများ ဖြေရှင်းရန် လွန်စွာ အရေးကြီးသည့် ဆွေးနွေးပွဲ တစ်ရပ် ဖြစ်ကြောင်း လေ့လာ သုံးသပ်သူများက ဆိုသည်။

မြောက်ကိုရီးယား နိုင်ငံကို ၁၉၉၄ ခုနှစ် မှစ၍ တစ်ဦးတည်း ချုပ်ကိုင်မှုဖြင့် အုပ်ချုပ်ခဲ့သူ ကင်ဂျုံအီလ်သည် ၂၀၀၈ ခုနှစ် လေသင်တုန်းဖြတ် ရောဂါဝေဒနာ ခံစားခဲ့ရသည့် အချိန် နောက်ပိုင်း သူ၏ အငယ်ဆုံးသားကို အာဏာ လွှဲပြောင်းရန် လျာထားခဲ့သည်ဟု လေ့လာသူ အများစုက ရှုမြင်ကြသည်။

တောင်ကိုရီးယား လျှို့ဝှက် ထောက်လှမ်းရေး အေဂျင်စီ အဆိုအရ မြောက်ကိုရီးယား ကွန်မြူနစ် အစိုးရသည် ခေါင်းဆောင် ရာထူး ဆက်ခံမည့် ကိစ္စနှင့် ပတ်သက်ပြီး ဝါဒဖြန့်မှုများကို ပြုလုပ်လျက် ရှိကြောင်း၊ ထို့အတူ ဖခင်ကြီး နေရာကို ဆက်ခံယူမည့် ကင်ဂျွန်အန်အပေါ် ထုတ်ဖော် ချီးမွမ်းခန်း ဖွင့်သည့် ကဗျာများလည်း ဖြန့်ဝေလျက် ရှိကြောင်း သိရသည်။ သို့သော် အာဏာ လွှဲပြောင်းလည့် ကိစ္စ အသေးစိတ်ကို ကွန်မြူနစ် အစိုးရက လျှို့ဝှက်ထားကြသည်။

ယခုအခါ မည်သည့် နိုင်ငံတကာ မီဒီယာတွင်မှ ကင်ဂျွန်အန်၏ လတ်တလော ဓာတ်ပုံများ ဖော်ပြနိုင်ခြင်း မရှိသေးပေ။ ၎င်း၏ ဆယ်ကျော်သက် အရွယ် ဓာတ်ပုံကိုသာ တွင်တွင် ကျယ်ကျယ် အသုံးပြုနေခြင်းသာ ဖြစ်သည်။ ကင်ဂျွန်အန်နှင့် ပတ်သက်သော မေးမြန်းမှုများကိုလည်း မြောက်ကိုရီးယား အစိုးရ အရာရှိများက ဖြေဆိုမှု မပြုကြပေ။

AP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment