Transparency Myanmar

transparency.myanmar@gmail.com

တရုတ် ငွေကြေး ထိန်းချုပ်မှုများ အပေါ် အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Timothy Geithner ၏ ပြစ်တင် ဝေဖန်မှုများကို ဘေဂျင်းအစိုးရက ပယ်ချလိုက်ကြောင်း AP သတင်းဌာနက ရေးသား ဖော်ပြသည်။ တရုတ်ငွေကြေး ကိစ္စအပေါ် အမေရိကန် ပြည်ထောင်စုက ဖိအားပေးမှုများ ဆက်လက် ပြုလုပ်နေခြင်းကြောင့် အခြေအနေ ပိုမို ဆိုးရွားစေနိုင်ကြောင်း ဘေဂျင်းအစိုးရက ဆိုသည်။

တရုတ်နိုင်ငံ၏ ငွေကြေးနှင့် အခြားသော မူဝါဒများသည် အမေရိကန် ပြည်ထောင်စုကို ထိခိုက် နစ်နာစေကြောင်း ဘဏ္ဍာရေးဝန်ကြီး Timothy Geithner က အမေရိကန် လွှတ်တော်၏ စီးပွားရေးဆိုင်ရာ ကြားနာမှု အခမ်းအနားတွင် ထုတ်ဖော် ပြောဆိုခဲ့သည်။ တရုတ်နိုင်ငံက ယွမ်ငွေကြေး တန်ဖိုး လျှော့ချထားခြင်းကြောင့် တရုတ်ပို့ကုန် တင်ပို့သူများ အနေဖြင့် မျှတမှုမရှိသော အကျိုးအမြတ်များ ရရှိနေရုံသာမက တရုတ်နိုင်ငံအတွက် ကုန်သွယ်ရေး ပိုလျှံမှုများ မြောက်မြားစွာ ဖြစ်ပေါ်စေကြောင်း လေ့လာ အကဲခတ်သူများက ဆိုသည်။

"ယွမ်ငွေတန်ဖိုး ပြင်ဆင်သတ်မှတ်ပြီး တရုတ်နိုင်ငံရဲ့ ကုန်သွယ်ရေး လိုငွေပြတဲ့ ပြဿနာကို မဖြေရှင်းနိုင်ပါဘူး။ အခုလို ဖိအားပေးမှုတွေ လုပ်လို့လည်း ငွေကြေးအရေးကိစ္စ ပြေလည်အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဆန့်ကျင်ဘက် သဘောတရားတွေကိုသာ ဖြစ်ပေါ်စေနိုင်ပါတယ်" ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Jiang Yu က ပြောကြားသည်။

တရုတ်ငွေကြေး လဲလှယ်မှုနှုန်းထားများ ပိုမို ပြောင်းလွယ်ပြင်လွယ် ရှိအောင် ပြုလုပ်ပေးသွားမည်ဟု ဘေဂျင်းအစိုးရက ပြီးခဲ့သည့် ဇွန်လတွင် ကတိပြု ပြောဆိုခဲ့သော်လည်း ထိုအချိန် နောက်ပိုင်း ယွမ်ငွေတန်ဖိုး မြင့်တက်မှုသည် ၁ ရာခိုင်နှုန်းမျှသာ ရှိသေးသည်။ "တရုတ်နိုင်ငံရဲ့ ကုန်သွယ်မှု မိတ်ဖက် နိုင်ငံတွေလိုပဲ ကျွန်တော်တို့ အမေရိကန် ပြည်ထောင်စုကလည်း စိုးရိမ်ပူပန်မိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်နိုင်ငံရဲ့ ယွမ်ငွေကြေး တန်ဖိုး ပြင်ဆင်သတ်မှတ်မှု ခြေလှမ်းဟာ လွန်စွာ နှေးကွေးနေပြီး ကန့်သတ်ချက်တွေ ရှိနေတာကြောင့်ပါ" ဟု အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးက ဆိုသည်။

တရုတ်နိုင်ငံ အနေဖြင့် ယွမ်ငွေတန်ဖိုး ပြင်ဆင် သတ်မှတ်သည့် ကိစ္စကို လျှင်မြန်စွာ ပြုလုပ်ပေးနိုင်ခြင်း မရှိပါက ကုန်သွယ်ရေးအရ ဒဏ်ခတ် အရေးယူမှုများ ပြုလုပ်ရန် အမေရိကန် ဥပဒေ ရေးဆွဲသူများက ဖိအားပေးလျက် ရှိသည်။

AP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment