Transparency Myanmar

transparency.myanmar@gmail.com

The Gulf Today, 18th September 2010

မြောက်ကိုရီးယားသည် အီရန်ထံသို့ နည်းပညာများ လွှဲပြောင်းပေးသည် ဆိုသည့် သက်သေ အထောက်အထားများ ရှိကြောင်း အကြီးတန်း အမေရိကန် အစိုးရ တာဝန်ရှိသူက ပြောကြားခဲ့ပြီး၊ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု သေချာခဲ့ခြင်းသည် ဝါရှင်တန် အတွက် စိုးရိမ် ပူပန်မှုကြီးစွာ ဖြစ်စေသည်ဟု ဆိုသည်။

မြောက်ကိုရီးယားမှ အီရန်သို့ နည်းပညာများ လွှဲပြောင်းပေးမှု လက္ခဏာများ တွေ့ရှိခြင်း ရှိမရှိ ကွန်ဂရက် ကြားနာပွဲတွင် မေးမြန်းရာ အာရှရေးရာ လက်ထောက် ကာကွယ်ရေး ဝန်ကြီး Wallace Gregson က တွေ့ရှိကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

"မြောက်ကိုရီးယားသည် နိုင်ငံတကာစံများ၊ တားမြစ်ထားသော စစ်ရေး နည်းပညာများ လွှဲပြောင်းမှု အတွက် အရေးယူမှုနှင့် ဆုံးဖြတ်ချက်များကို ဖောက်ဖျက်ကြောင်း ရည်ရွယ်ချက် ရှိသည့် ကိစ္စမျိုး မကြာခဏ ရှိခဲ့ပါတယ်" ဟု Gregson က ပြောသည်။

Gregson သည် ရီပါဗလစ်ကင် ဆီနိတ်တာ John McCain ၏ အမေးကို ပြန်လည် ဖြေကြားရာတွင် ၎င်းသည် သီးသန့် ဆွေးနွေးပွဲတွင် သတင်း အချက်အလက်များ ပိုမို ဖော်ထုတ်နိုင်ကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့် မေလက အစ္စရေး နိုင်ငံခြားရေး ဝန်ကြီး Arigdor Lieberman ဂျပန်သို့ သွားရောက် လည်ပတ်စဉ်က မြောက်ကိုရီးယားသည် အီရန်နှင့် ဆီးရီးယားသို့ လက်နက် နည်းပညာများ ပေးခြင်းဖြင့် မိစ္ဆာ ဝင်ရိုးတန်း တစ်ခုကို တည်ထောင်နေကြောင်း ပြောကြားခဲ့ဖူးသည်။

ယမန်နှစ်က ထိုင်းနိုင်ငံတွင် လက်နက်များ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ Lieberman က ညွှန်းဆိုရာတွင် အဆိုပါ လက်နက်များသည် ဂါဇာကမ်းမြောင်ရှိ Hamas များနှင့် လက်ဘနွန်ရှိ Hizbollah များထံသို့ ရောက်ရှိမည့် လက်နက်များ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Lieberman ၏ စွပ်စွဲချက်ကို မြောက်ကိုရီးယားက ငြင်းဆိုခဲ့ပြီး၊ "ဥာဏ်နည်းသူ တစ်ဦး" ဟု ဆိုခဲ့သည်။ သို့သော် ပြင်ပ ပညာရှင်များက မြောက်ကိုရီးယား၏ လက်နက် ပြန့်ပွားရေးနှင့် ပတ်သက်၍ သံသယ ရှိသည်မှာ ကြာပြီ ဖြစ်သည်။ ၎င်း၏ ထိပ်ဖူးတပ် ဒုံးကျည်များနှင့် စစ်ရေး နည်းပညာများ ရောင်းချရမှုသည် ဆင်းရဲ မွဲတေသော နိုင်ငံ အတွက် အမြတ်ရသော ကုန်ပစ္စည်း တင်ပို့မှု ဖြစ်ခဲ့ရသည်။

၂၀၀၇ ခုနှစ်က အစ္စရေးသည် ဆီးရီးယားတွင် နျူကလီယာ ဓာတ်ပေါင်းဖိုဟု စွပ်စွဲသော နေရာကို ဗုံးကြဲခဲ့သည်။ နောက်ပိုင်းတွင် အမေရိကန် ပြည်ထောင်စုက အဆိုပါ နေရာသည် မြောက်ကိုရီးယား အကူအညီဖြင့် ဆောက်လုပ်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သို့သော် အရှေ့အာရှ ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell က အသိပေးရာတွင် ကင်ဂျုံအီအား ဆက်ခံရန် အလားအလာရှိသူ အပါအဝင် မြောက်ကိုရီးယားနှင့် ပတ်သက်၍ အမေရိကန်၏ ထောက်လှမ်းရေးသည် အကန့်အသတ်များ ရှိကြောင်း ပြောခဲ့သည်။

"အခြေခံအားဖြင့် ပြောရလျှင် မြောက်ကိုရီးယားဟာ နားလည်ရ ခက်နေတုန်းပါပဲ" ဟု Campbell က အဖြေထုတ်သည်။ ကမ္ဘာကြီးပေါ်တွင် ချိန်ရွယ်ရ အခက်ဆုံး ပစ်မှတ် တစ်ခုပင် ဖြစ်ကြောင်း ဆိုသည်။

"ကျွန်တော်တို့ အနံ့ရလို့ ထောက်လှမ်းကြည့်တော့ ဟုတ်မလိုလိုနဲ့ မှားနေတာတွေ တွေ့ရပြန်တယ်" ဟု Campbell က ပြောသည်။

မြောက်ကိုရီးယားသည် ၂၀၀၈ ခုနှစ်တွင် အမေရိကန်နှင့် သဘောတူညီမှု မရမီ နျူကလီယာ မပြန့်ပွားရေး စာချုပ်မှ နုတ်ထွက်ခဲ့ပြီး နောက်ပိုင်း နျူကလီယာဗုံး စမ်းသပ်မှု နှစ်ခု ပြုလုပ်ခဲ့သည်။

မြောက်ကိုရီးယားသည် နျူကလီယာ စနက်တံကို မီးရှို့နိုင်ကြောင်း သရုပ်ပြခဲ့သော်လည်း အမေရိကန် ပြည်ထောင်စု အနေဖြင့်မူ ၎င်းတို့ မယုံကြည်ကြောင်း Gregson က ပြောသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment