Transparency Myanmar

transparency.myanmar@gmail.com

ကုလသမဂ္ဂ ကျောထောက်နောက်ခံ ကမ္ဘောဒီးယား စစ်ရာဇဝတ် ခုံရုံးက ခမာနီ ခေါင်းဆောင် လေးဦးအား စွဲချက်တင်လိုက်ပြီ ဖြစ်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။

စွဲချက် တင်ခံရသူ လေးဦးမှာ ခမာနီခေါင်းဆောင် ပိုပေါ့၏ လက်ထောက်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ Nuon Chea၊ ယခင် ခမာနီ လက်ထက် နိုင်ငံအကြီးအကဲ Khieu Samphan၊ နိုင်ငံခြားရေး ဝန်ကြီးဟောင်း Leng Sary နှင့် သူ၏ ဇနီး Thirith တို့ဖြစ်သည်။

ကမ္ဘောဒီးယား ဥပဒေ အသိုင်းအဝိုင်းမှ ရရှိသော သတင်းများအရ ၎င်းတို့ လေးဦးအား မျိုးဖြုတ် သတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ ဘာသာရေး နှိပ်ကွပ်မှု တို့ဖြင့် စွဲချက် တင်ထားသည်။ ခမာနီ လက်ထက် အကျဉ်းထောင် ဦးစီးချုပ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ Dutch မှာ လူသားချင်း စာနာ ထောက်ထားမှု မရှိသော ပြစ်မှု ကျူးလွန်ခဲ့ကြောင်း ပြီးခဲ့သည့် ဇူလိုင်လတွင် တရားရုံးက ထုတ်ဖော်နိုင်ခဲ့သည်။ Dutch သည် ဖနွမ်ပင် အခြေစိုက် အထူး စစ်ရာဇဝတ် ခုံရုံးတွင် ပထမဆုံးပြစ်မှု ထင်ရှားသူ ခမာခေါင်းဆောင် ဖြစ်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်တွင် စတင် ဖမ်းဆီးခြင်း ခံခဲ့ရသူ အဆိုပါ ခေါင်းဆောင်လေးဦး၏ အမှုကို လာမည့် ၂၀၁၁ ခုနှစ် နှစ်လယ်ပိုင်းခန့်တွင် စစ်ဆေးမည်ဟု လျာထားကြောင်း အထူးတရားရုံး ဆိုသည်။

အဆိုပါ ခမာနီ ခေါင်းဆောင်များမှာ ယခုအခါ အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်ပြီး နိုင်ငံခြားရေး ဝန်ကြီးဟောင်း Leng Sary (၈၄ နှစ်) ဆိုလျှင် ကျန်းမာရေး ဆိုးရွားနေကြောင်း သိရသည်။ Leng Sary ၏ ဇနီး Thirith သည် အထူး စစ်ရာဇဝတ် ခုံရုံးတွင် အစစ်ဆေးခံရမည့် ပထမဆုံး အမျိုးသမီး ဖြစ်လာမည် ဖြစ်သည်။ ၎င်းသည် ခမာနီ လက်ထက်တွင် လူမှုရေးဆိုင်ရာ ဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။

ပိုပေါ့ပြီးလျှင် နံပါတ် ၂ ညီအစ်ကို နေရာတွင် ရှိခဲ့သည့် Nuon Chea မှာလည်း ယခုအခါ အသက် ၈၄ နှစ် အရွယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ လေ့လာ အကဲခတ်သူများက ခမာနီ အစွန်းရောက် ကွန်မြူနစ် အုပ်စု နောက်ကွယ်မှ အိုင်ဒီယာ ပေးသူမှာ Nuon Chea ဖြစ်ပြီး ၎င်းသည် ခမာအုပ်စု၏ အစွန်းရောက် တော်လှန်ရေး မူဝါဒများအတွက် တာဝန်အရှိဆုံး ပုဂ္ဂိုလ် ဖြစ်သည်ဟု ပြောကြားသည်။

ယခုအခါ အသက် ၇၉ နှစ် အရွယ်ရှိပြီ ဖြစ်သော Khieu Samphan သည် ခမာနီ လက်ထက်တွင် ပြင်ပကမ္ဘာနှင့် ဆက်သွယ်ခဲ့သူ အနည်းငယ် ရှိသည့်အနက် တစ်ဦး အပါအဝင် ဖြစ်သည်။

အထူး တရားရုံးတွင် စွဲချက် တင်ထားမှုများ အားလုံးကို ၎င်းတို့ လေးဦးက ပယ်ချထားကြောင်း သိရသည်။ ဖနွမ်ပင် အခြေစိုက် BBC သတင်းထောက် Guy De Launey က ဖမ်းဆီးခံထားရသော ခမာနီ ခေါင်းဆောင် လေးဦး အနေဖြင့် မီဒီယာများနှင့် တွေ့ဆုံဖြေကြားခွင့် ရရှိသင့် ကြောင်း၊ သို့မှသာ ကမ္ဘောဒီးယား တို့အတွက် နှစ်ပေါင်းများစွာ ပဟေဠိ ဖြစ်စေခဲ့သော မေးခွန်း ဖြစ်သည့် "လူပေါင်းများစွာ သေကြေ ပျက်စီးစေခဲ့သော မူဝါဒမျိုးကို အဘယ်ကြောင့် ခမာနီ ခေါင်းဆောင်များ ရေးဆွဲခဲ့ကြသနည်း" ဟူသည်ကို သိရှိနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။

အဓမ္မလုပ်သား

ကမ္ဘောဒီးယားကို ၁၉၇၅ မှ ၁၉၇၉ ခုနှစ်အထိ အုပ်စိုးခဲ့သော ခမာနီ အစွန်းရောက် ကွန်မြူနစ် အုပ်စုလက်ထက်တွင် လူပေါင်း နှစ်သန်းခန့် သေဆုံးခဲ့ရသည်။

မြို့ပြများမှ နှင်ထုတ်ခံရခြင်း၊ စပါးစိုက်ကွင်းများတွင် အတင်းအဓမ္မ အလုပ် စေခိုင်းခံရခြင်း၊ တော်လှန်ရေး၏ ရန်သူဟု သတ်မှတ်ကာ ကွပ်မျက်ခံရခြင်း အစရှိသည်တို့ကြောင့် လူပေါင်းများစွာ သေဆုံးခဲ့ခြင်း ဖြစ်သည်။

ခမာနီအုပ်စု၏ နံပါတ် ၁ ခေါင်းဆောင်ကြီး ပိုပေါ့မှာ ပြီးခဲ့သည့် ၁၉၉၈ ခုနှစ်တွင် သေဆုံးခဲ့သည်။

ယခု တရားရုံးတွင် ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားခဲ့သူ Dutch မှာ ခမာနီ ရန်သူအဖြစ် သတ်မှတ်ခံရသူများကို ဖမ်းဆီး ချုပ်နှောင်ထားရာ Toul Sleng အကျဉ်းထောင်ကို ဦးစီးခဲ့သည်။

Dutch သည် အဆိုပါ အကျဉ်းထောင်တွင် ကလေးငယ်များနှင့် အမျိုးသမီးများ အပါအဝင် လူထောင်ပေါင်း များစွာကို ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းတို့ ပြုလုပ်ခဲ့ခြင်းကြောင့် ထောင်ဒဏ် ၃၅ နှစ် အပြစ်ပေးခံရသည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment