Transparency Myanmar

transparency.myanmar@gmail.com

AFP, 20th September 2010

ခေါင်းဆောင် ရာထူး လွှဲပြောင်းရေးအတွက် လမ်းဖောက်လိမ့်မည်ဟု မျှော်လင့်ရသော မြောက်ကိုးရီးယား အာဏာရ ပါတီ၏ ကြုံတောင့်ကြုံခဲ ညီလာခံမှာ ကျိုးကြောင်း မသိရဘဲ ကြန့်ကြာနေခဲ့ပြီးနောက် ယခု လကုန်တွင် ကျင်းပလိမ့်မည်ဟု နိုင်ငံပိုင် မီဒီယာက တနင်္ဂနွေနေ့တွင် ဖော်ပြခဲ့သည်။

အနုပညာ ကဇာတ်အဖွဲ့များနှင့် တပ်မတော် စစ်တီးဝိုင်းများ၏ သြဂုတ်လအတွင်းက စွမ်းဆောင်မှုများသည် သမိုင်းဝင် ကိုယ်စားလှယ်များ စည်းဝေးကြမည့် စက်တင်ဘာလ အတွက် စိတ်ဓာတ် တက်ကြွစေခဲ့သည်ဟု ကွန်မြူနစ်ပါတီ အာဘော်  ရှီဒွန်းဆင်မန် သတင်းစာက ဆိုသည်။

၎င်းသတင်းစာ၏ မှတ်ချက်များကို မြောက်ကိုးရီးယား အစိုးရ၏ ယူရီမင်ဇိုကီရီ ဝက်ဘ်ဆိုဒ်တွင် တင်ထားသည်။ နှစ်ပေါင်း ၃၀ အတွင်း အကြီးမားဆုံး နိုင်ငံရေး စည်းဝေးပွဲ အဖြစ် ကျင်းပမည့် ညီလာခံသည် ခေါင်းဆောင်ပိုင်း အဆင့်ဆင့် အသစ် ခန့်အပ်ခြင်း၊ အလားအလာ ရှိသော မူဝါဒ အပြောင်းအလဲကို ထုတ်ပြန်ခြင်း၊ လက်ရှိ ခေါင်းဆောင် ကင်ဂျုံအီးက ၎င်း၏သား ကင်ဂျုံအန်းအား အာဏာ အမွေ လွှဲရန် လမ်းဖောက်ခြင်းတို့ကို ပြုလုပ်လိမ့်မည်ဟု မျှော်လင့်ရသည်။

အဆိုပါ ညီလာခံကို စက်တင်ဘာ ပထမ လဝက် အတွင်း ကျင်းပရန် စီစဉ်ထားသော်လည်း ယခုတိုင် မစတင်နိုင်သေးဘဲ ကြန့်ကြာနေရခြင်း၏ အကြောင်းရင်းကိုလည်း မြောက်ကိုးရီးယား မီဒီယာက ဖော်ပြခြင်း မရှိသေးပေ။ လူပေါင်း ရာဂဏန်း သေဆုံးခဲ့ရသည့် တိုက်ဖွန်း မုန်တိုင်းနှင့် သြဂုတ်လ ရေဘေး ဒုက္ခတို့ကြောင့် ကွန်မြူနစ်ပါတီ ညီလာခံကို ရွှေ့ဆိုင်းထားကြောင်း မြောက်ကိုးရီးယားက နိုင်ငံတကာ အဖွဲ့အစည်းများအား ပြောခဲ့သည်ဟု တောင်ကိုးရီးယား သတင်းများက ဆိုသည်။

လက်ရှိ ခေါင်းဆောင် ကင်ဂျုံအီးသည် ၂၀၀၈ ခုနှစ်တွင် လေဖြတ် ဝေဒနာ ခံစားရပြီး နောက်ပိုင်း ၎င်း၏ နေရာ ဆက်ခံရေး အစီအစဉ်ကို အဆောတလျင် လုပ်ဆောင်ခဲ့သည်ဟု သိရှိရသည်။

ကွယ်လွန်သူ ကင်အီဆွန်းထံမှ အာဏာ လွှဲယူခဲ့သည့် လက်ရှိ ခေါင်းဆောင် ကင်ဂျုံအီး ပြီးလျှင် ဒုတိယ အကြိမ် ဖြစ်လာမည့် သားစဉ် မြေးဆက် အာဏာ ဆက်ခံမှုကို ထောက်ခံသူများအား ယခု ညီလာခံတွင် ချီးမြှောက် အားပေးမည့် လက္ခဏာ ရှိသည်။

အသက် ၂၇ နှစ် ဝန်းကျင်ရှိ သားငယ် ကင်ဂျုံအန်းကို အလယ်အလတ် အဆင့် ပါတီ ရာထူး ခန့်အပ်လိမ့်မည်ဟု အကဲခတ် လေ့လာသူများက ပြောကြားကြသည်။

ဂျပန် တိုကျိုရှင်ဘွန်း သတင်းစာတွင် မြောက်ကိုးရီးယား သတင်းရပ်ကွက်ကို ကိုးကား၍ ဖော်ပြရာတွင် ကွန်မြူနစ်ပါတီသည် ကင်ဂျုံအန်းအား ခေါင်းဆောင်အမွေ ဆက်ခံမည့်သူ အဖြစ် တရားဝင် အစီရင်ခံစာတွင် ဖော်ပြခဲ့သည် ဟုဆိုသည်။

ကွန်မြူနစ် အလုပ်သမား ပါတီသည် အဆိုပါ အစီရင်ခံစာကို သြဂုတ်လအတွင်းက အထက်တန်း ပါတီဝင်များအား ပညာပေးရာတွင် အသုံးပြုခဲ့သည်ဟု ဂျပန် သတင်းစာက ဖော်ပြခဲ့သည်။

ပါတီ၏ ဗဟို အချက်အချာ ပြုံယမ်းနယ်မြေမှ  ထိပ်တန်း တာဝန်ရှိ ပုဂ္ဂိုလ်များထံမှ ပြန့်နှံ့သွားခဲ့သော ၎င်းအစီရင်ခံစာကို မှတ်တမ်း တင်ထားသည့် ဓါတ်ပုံများကို ဂျပန်နေ့စဉ် သတင်းစာက ရရှိခဲ့သည်ဟု ဆိုသည်။

ဂျပန်သတင်းစာ၏ အဆိုအရ ၎င်းအစီရင်ခံစာတွင် "ကင်ဂျုံအန်းသည် ကြည်ညို လေးစားဖွယ် ခေါင်းဆောင်ကြီး ကင်ဂျုံအီးနှင့် လေးစားရသော မိခင်ကြီးထံမှ တော်လှန် ပြောင်းလဲသော ပညာနှင့် သြဇာကို လက်ခံ ရရှိထားကြောင်းနှင့် စစ်ရေး ဦးစားပေး ဆောင်ဂန် တော်လှန်ရေး၏ ကြီးမြတ်သော အမွေ ဆက်ခံသူ ဖြစ်လာရန် အတွက် လိုအပ်သော ဂုဏ်သိက္ခာနှင့် အရည်အသွေးများဖြင့် ပြည့်ဝသူ ဖြစ်သည်'' ဟု ဖော်ပြထားကြောင်း သိရှိရသည်။

"ခေါင်းဆောင်ကြီး 'ကင်'သည် ကလောင်တံနှင့် ဓားသွား၏ အနုပညာများ ဖြစ်သော အရာရာကို အောင်နိုင်သည့် တပ်မှူး တစ်ယောက်၏ အရည်အသွေးများ၊ အကောင်းဆုံး နိုင်ငံ့ခေါင်းဆောင် တစ်ယောက်၏ အရည်အသွးများ ပါဝင်သည့် ၎င်း၏ နှလုံးသားကို သားဖြစ်သူအား ပေးအပ်ခဲ့သည်''ဟု အမွှမ်းတင် ဖော်ပြထားကြောင်း ဂျပန် သတင်းစာက ဆက်လက် ဖော်ပြခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment