Transparency Myanmar

transparency.myanmar@gmail.com

CNN News, 19th September 2010

ပြီးခဲ့သည့် အပတ်က ဖမ်းထားသော တရုတ် ငါးဖမ်းသင်္ဘော ကပ္ပတိန်အား ဂျပန်က လွှတ်မပေးပါက ပြင်းထန်သော တုန့်ပြန်မှုများ ပြုလုပ်မည်ဟု တရုတ်က တနင်္ဂနွေနေ့တွင် သတိပေးလိုက်သည်။

တရုတ် ကပ္ပတိန်သည် အရှေ့ တရုတ် ပင်လယ်ရှိ အငြင်းပွားနေသော Diaoyu ကျွန်းများမှ ထွက်လာပြီး ဂျပန် ကင်းလှည့် သင်္ဘော နှစ်စီးနှင့် ၀င်တိုက်မိသောကြောင့် ယခုလ အစောပိုင်းက ဖမ်းဆီးထားခြင်း ဖြစ်သည်။ ၎င်းကို ဂျပန် တာဝန်ရှိသူများအား တာဝန် ထမ်းဆောင်စဉ် ၀တ္တရား နှောင့်ယှက်မှုကြောင့် ဖမ်းဆီး စစ်ဆေးလျက် ရှိသည်။

          "ကျွန်ုပ်တို့ အနေနဲ့ တရုတ် ကပ္ပတိန်ကို ချွင်းချက်မရှိ ချက်ခြင်း လွှတ်ပေးဖို့ ဂျပန်ကို တောင်းဆိုပါတယ်" ဟု နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Ma Zhaoxu က ပြောကြားခဲ့သည်ဟု နိုင်ငံပိုင် ဆင်ဟွာ သတင်းဌာနက သတင်း ဖော်ပြခဲ့သည်။

တရုတ်သည် ၀န်ကြီးအဆင့်နှင့် အထက် နှစ်နိုင်ငံ ဖလှယ်ရေး အစီအစဉ်များ ရပ်ဆိုင်းထားကြောင်း ဆင်ဟွာက သတင်း ဖော်ပြခဲ့ပါသည်။ တရုတ်သည် ဂျပန်နှင့် နှစ်နိုင်ငံ လေကြောင်း တိုးချဲ့ပျံသန်းရေး၊ လေကြောင်း ရပိုင်ခွင့်များ တိုးချဲ့ရေး ကိစ္စများ ဆွေးနွေးနေမှုများကို ရပ်ဆိုင်းထားကြောင်း ဖော်ပြထားသည်။

          ကျောက်မီးသွေးနှင့် ပတ်သက် နှစ်နိုင်ငံ ဆွေးနွေးပွဲကိုလည်း ရွှေ့ဆိုင်းထားကြောင်း ဆင်ဟွာက ဖော်ပြခဲ့သည်။

          "ဂျပန်ဟာ ဆက်ခေါင်းမာပြီး နောက်ထပ် အမှား ကျူးလွန်မယ် ဆိုရင်တော့ တရုတ်အနေနဲ့ ပြင်းထန်တဲ့ တုန့်ပြန်မှု ပြုလုပ်မှာ ဖြစ်ပြီး ဖြစ်လာမယ့် အကျိုးဆက်တွေကို ဂျပန်က ခံရမှာ ဖြစ်ပါတယ်" ဟု Ma က သတင်း ကြေငြာချက်တွင် ပြောခဲ့သည်။

          ဂျပန်သည် သင်္ဘောသား (၁၄) ဦးကို လေယာဉ်ဖြင့် တရုတ်သို့ ပြန်ပို့ခဲ့ပြီး ငါးဖမ်း သင်္ဘောကိုလည်း ပြန်ပေးခဲ့ပြီး ဖြစ်သည်။

          အဆိုပါ အဖြစ်အပျက်သည် နှစ်နိုင်ငံကြားနှင့် နိုင်ငံသားများကြား တင်းမာမှုကို ဖြစ်စေသည်။

          Beijing, Shanghai နှင့် Shenyang တို့တွင် စနေနေ့က ဂျပန် ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ပြီး တရုတ်ရှိ ဂျပန်သံရုံးက တရုတ်ပြည်ရှိ ဂျပန် နိုင်ငံသားများအား သတိဝိရိယ ရှိကြရန် သတိပေးခဲ့သည်။

          "တရုတ်အနေနဲ့ ထပ်တလဲလဲ ပြောလိုတာက ကပ္ပတိန်အပေါ် ဂျပန်ရဲ့ တရားဥပဒေအရ အရေးယူမှု အဆင့်ဆင့်ဟာ တရားမ၀င်ပါဘူး။ လုပ်လို့ မရပါဘူး။ ကျွန်ုပ်တို့ အနေနဲ့ ဂျပန်တို့က ကပ္ပတိန်ကို ချွင်းချက်မရှိ ချက်ခြင်း လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ မဟုတ်ရင်တော့ ဖြစ်လာသမျှ ခါးစည်းခံရပါလိမ့်မယ်" ဟု Ma က သတိပေး ပြောကြားခဲ့သည်။


--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment