Transparency Myanmar

transparency.myanmar@gmail.com

Human Rights Watch, 20th September 2010

မြန်မာနိုင်ငံအတွက် နိုင်ငံတကာ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းမည့် အစီအစဉ်ကို ဖိလစ်ပိုင် အစိုးရ အနေဖြင့် လူသိရှင်ကြား ထောက်ခံ အားပေးသင့်ကြောင်း Human Rights Watch က ဖိလစ်ပိုင် သမ္မတ နစ်နိုအကွီနို (၃) ထံ ပေးစာတွင် ယနေ့ တောင်းဆိုလိုက်သည်။

Human Rights Watch က သမ္မတ အကွီနိုအား အထက်ပါ ကိစ္စကို အာဆီယံ အဖွဲ့တွင် တင်ပြ ဆွေးနွေးရန်နှင့် ၂၀၁၀ စက်တင်ဘာလ ၂၄ ရက်နေ့တွင် နယူးယောက်ပြုလုပ်မည့် အမေရိကန်-အာဆီယံ ထိပ်သီး အစည်းအဝေးတွင် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းရေး အဆိုပြုချက်ကို အားပေး ထောက်ခံရန် တိုက်တွန်းလျက် ရှိသည်။

"အကွီနို အစိုးရ အနေနဲ့ အာဆီယံကို ဦးဆောင်ပြီး မြန်မာနိုင်ငံက လူ့အခွင့်အရေး ညှဉ်းပန်း နှိပ်စက်မှု ပြဿနာတွေကို ထိထိရောက်ရောက် ဖြေရှင်းသင့်ပါတယ်" ဟု Human Rights Watch မှ အာရှ ရေးရာ ဒုတိယ ဒါရိုက်တာ Elaine Pearson က ပြောကြားသည်။ "အာဆီယံ အဖွဲ့ အနေနဲ့လည်း သူ့ရဲ့ အဖွဲ့ဝင်တွေထဲက လူ့အခွင့်အရေး ညှင်းပန်းမှုတွေကို ကိုင်တွယ်ဖို့ လက်ရှောင်နေတာထက် တရား မျှတမှုကိုပဲ အားပေး မြှင့်တင်ဖို့ လိုပါတယ်" ဟုလည်း သူမက ဆက်လက် ပြောကြားသည်။

ဇွန်လ ၃၀ ရက်က ပြောကြားခဲ့သော နှုတ်ခွန်းဆက် မိန့်ခွန်းတွင် အကွီနိုက "တရားမျှတမှု မရှိဘဲနဲ့ ပြန်လည် ရင်ကြားစေ့ ပေါင်းစည်းလို့ မရနိုင်ပါဘူး။ ရာဇ၀တ်မှုတွေကို အရေးမယူဘဲ ထားလိုက်မယ်ဆိုရင် ထပ်ထပ်ခါခါ ကျူးလွန်အောင် ခွင့်ပေးသလို ဖြစ်နေလိမ့်မယ်" ဟု ပြောကြားခဲ့သည်။ "ဒါက မြန်မာ နိုင်ငံအတွက် သီးသန့် ခေါင်းလောင်း ထိုးလိုက်တာပါ" ဟု Human Rights Watch က ဆိုသည်။ မြန်မာ စစ်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များက ကျူးလွန်ခဲ့ကြသော ရာဇ၀တ်မှုများ အရေးယူ မခံရဘဲ လွတ်မြောက်နေသည်မှာ ဆယ်စုနှစ်များစွာ ကြာခဲ့ပြီ ဖြစ်သည်။

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ကိစ္စကို အားပေးရာတွင် အကွီနို အနေဖြင့် သူ၏ ကွယ်လွန်သူ မိခင် ကိုရာဇဉ်အကွီနို ဖောက်ခဲ့သော လမ်းကို လိုက်ရမည် ဖြစ်သည်။ ၁၉၉၉ ဇွန်လ အာရှပစိဖိတ်ဒေသ ဒီမိုကရေစီ ခေါင်းဆောင်များ ဖိုရမ်တွင် "အခု မြန်မာနိုင်ငံရဲ့ အလှည့်ပါ" ဟု ခေါင်းစဉ် တပ်ထားသော မိန့်ခွန်းကို သူမက ပြောကြားရာတွင် "အခု မြန်မာနိုင်ငံမှာ တရားမျှတမှု ပျောက်ဆုံးနေတဲ့ အတွေးကနေ နောက်ဆက်တွဲ ပေါ်လာတဲ့ တရားမျှတမှု ခံစားချက် တစ်မျိုး ဖိလစ်ပိုင်တွေရဲ့ စိတ်မှာ ရှိနေပါတယ်။ ဒီနှစ်တွေ အတောအတွင်း မြန်မာလူထုဟာ သနား ညှာတာခြင်း၊ အလုပ် ကြိုးစားခြင်းတွေ ရှိခဲ့သလို ရဲရင့်မှုနှင့် သည်းခံမှုတွေကိုလည်း ပြသခဲ့ပါတယ်" ဟု ဖော်ပြခဲ့သည်။

ဆယ်စုနှစ် တစ်စု ကြာခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် ဆိုးဝါးသော လူ့အခွင့်အရေး၊ ညှဉ်းပန်းမှုများ အတွက် တာဝန်မယူမှုများ ဆက်လက် ဖြစ်ပွားနေခဲ့ပြီး ယခု နိုင်ငံတကာ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းမည့် အစီအစဉ်သည် တရားမျှတမှုအတွက် အရေးပါသည့် အဆင့်တစ်ဆင့် ဖြစ်လာဖွယ် ရှိသည်ဟု Human Rights Watch က ပြောကြားခဲ့သည်။ မြန်မာနိုင်ငံမှ နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်နေသော ရာဇ၀တ်မှုများကို စုံစမ်းစစ်ဆေးမည့် နိုင်ငံတကာ ကော်မရှင် တစ်ရပ် ဖွဲ့စည်းရေး အလားအလာကို စဉ်းစား သုံးသပ်ရန် မြန်မာ နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးအရာရှိ Tomas Ogea Quintana က မတ်လတွင် ကုလသမဂ္ဂကို တောင်းဆိုခဲ့သည်။

အဆိုပါ ကော်မရှင် ဖွဲ့စည်းရေး ကိစ္စကို လူသိရှင်ကြား ထောက်ခံ ကြေညာခဲ့သော နိုင်ငံများတွင် သြစတြေးလျ၊ ကနေဒါ၊ ချက်ရီပတ်ဘလစ်၊ ဟန်ဂေရီ၊ ဆလိုဗေးကီးယား၊ ဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စုတို့ ပါဝင်သည်။

"သမ္မတ အကွီနိုရဲ့ လူ့အခွင့်အရေး ပြောဆိုမှုတွေကို အလုပ်နဲ့ သက်သေပြဖို့ အတွက် လက်ရှိ မြန်မာနိုင်ငံ အနေအထားက အခွင့်အရေးပါပဲ" ဟု Pearson က ဖိအားပေးလိုက်သည်။

နိုင်ငံတကာ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းမည့် အစီအစဉ်ကို ထောက်ခံခြင်းသည် မြန်မာနိုင်ငံမှ လူ့အခွင့်အရေး ဖောက်ဖျက်မှု မှတ်တမ်းများကို စိုးရိမ်ပူပန်မှုကြောင့် ထုတ်ဖော်ခဲ့သည့် ဖိလစ်ပိုင်၏ ယခင် လုပ်ရပ်များနှင့် တစ်ထပ်တည်း ကျလိမ့်မည်ဟု Pearson က ဆက်လက် ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment