Transparency Myanmar

transparency.myanmar@gmail.com

The Nation, 24th September 2010

မကြာမီ ကျင်းပမည့် ရွေးကောက်ပွဲတွင် တိုင်းရင်းသား အုပ်စုများကို မပါဝင်စေခြင်းသည် ထိုင်းနယ်စပ်ရှိ လက်နက်ကိုင် သူပုန်များ အုပ်စုဖွဲ့ စစ်တပ် နောက်ခံပြုသော အစိုးရသစ်အား တိုက်ခိုက်ရန် ဖြစ်လာကြောင်း တိုင်းရင်းသား ခေါင်းဆောင် တစ်ဦးက ပြောကြားလိုက်သည်။

"ရွေးကောက်ပွဲဟာ ကျွန်တော်တို့အတွက် ဘာမှ အကျိုးမရှိဘူး ဆိုတာ အားလုံးသိပါတယ်။ ဒါကြောင့် သူတို့ကို ပြန်တိုက်ဖို့ ကျွန်တော်တို့ ညီညွတ်ကြရပါလိမ့်မယ်" ဟု ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) စစ်ဦးစီးချုပ် Bee Htoo က ပြောကြားခဲ့သည်။

"ရွေးကောက်ပွဲဟာ ဘာမှ ပြောင်းလဲပေးမှာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲအပြီး မကြာခင်မှာ စစ်တပ်က ကျွန်တော်တို့ကို တိုက်ခိုက်လာမယ်လို့ မျှော်လင့်ရတယ်" ဟု ယင်းက ပြောသည်။

ရွေးကောက် တင်မြှောက်ခံရသော အစိုးရသည် ယင်းသည် ဒီမိုကရက်တစ် အစိုးရတစ်ခု ဖြစ်ကြောင်း ပြောလိမ့်မည် ဖြစ်သော်လည်း တိုင်းရင်းသားများကို ဖိနှိပ်မှုများမှာ ဆက်လက် ရှိနေဦးမည် ဖြစ်ကြောင်း ယင်းကပင် ပြောသည်။

KNPP သည် ထိုင်း-မြန်မာ နယ်စပ်ရှိ သူပုန် အုပ်စုသုံးခုအနက် တစ်ခုဖြစ်ပြီး၊ နိုဝင်ဘာ ရွေးကောက်ပွဲ အပြီးတွင် လက်နက်ကိုင် တော်လှန်မှု ဆက်လုပ်သွားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ အခြား သူပုန်အဖွဲ့ နှစ်ခုမှာ Karen National Union (KNU) နှင့် Shan State Army (SSA) တို့ ဖြစ်ကြသည်။

ပြီးခဲ့သည့် အပတ်က မြန်မာ အာဏာပိုင်များက ကြေညာခဲ့ရာတွင် ကချင်၊ ကယား (ကရင်နီ)၊ ကရင်၊ မွန်နှင့် ရှမ်းပြည်နယ်ရှိ ကျေးရွာ (၃၀၀) ခန့်သည် ရွေးချယ် တင်မြှောက်ရန် လွတ်လပ်တရား မျှတလိမ့်မည် မဟုတ်သဖြင့် နိုဝင်ဘာ (၇) ရက် ရွေးကောက်ပွဲတွင် ချန်လှပ်ထားခဲ့မည်ဟု ဆိုသည်။

KNPP သည် အစောပိုင်း ကတည်းက စစ်တပ်က ကမကထ ပြုလုပ်သော အခြေခံဥပဒေအား ကန့်ကွက်ခဲ့ပြီး ရွေးကောက်ပွဲတွင် ၀င်ရောက်မည် မဟုတ်ကြောင်း အတိအလင်း ပြောကြားခဲ့ပြီး ဖြစ်ကြောင်း Bee Htoo က ပြောသည်။

"အခြေခံ ဥပဒေက တိုင်းပြည်ရဲ့ အာဏာ တော်တော်များများကို စစ်တပ် လက်ထဲမှာ ပေးထားပါတယ်။ ဒါကြောင့် ဒီအခြေခံ ဥပဒေအရ လုပ်တဲ့ ရွေးကောက်ပွဲဟာ သုံးရလိမ့်မယ် မထင်ဘူး" ဟု မကြာသေးမီက လက်ရွေးစင် ထိုင်း သတင်းစာဆရာများနှင့် ရှားရှားပါးပါး အင်တာဗျူးတွင် Bee Htoo က ပြောကြားခဲ့သည်။

စစ်အစိုးရသည် ယင်း၏ နိုင်ငံရေး လုပ်ငန်းစဉ်တွင် တိုင်းရင်းသား လူမျိုးစုများအား ပါဝင်စေရန် ရိုးသားသည့် ရည်မှန်းချက် မရှိပေ။ ၂၀၀၈ အခြေခံ ဥပဒေတွင် တိုင်းရင်းသားများ၏ အမြင်ကို ထည့်သွင်း စဉ်းစားခဲ့ခြင်း မရှိကြောင်း ယင်းက ပြောသည်။

"ဒီတော့ ဒီနိုင်ငံရေး လုပ်ငန်းစဉ်ထဲမှာ ၀င်ပါဖို့ ဆိုတာ ထပ်ပြီး မဖြစ်နိုင်ပါဘူး။ ဒီတော့ ရွေးစရာ လမ်းကတော့ လက်နက်ကိုင် တော်လှန်ရေး ဆက်လုပ်ဖို့ပါပဲ" ဟု ယင်းက ဆိုသည်။

ကရင်နီသည် KNU နှင့် SSA အပါအ၀င် အခြား လက်နက်ကိုင် အုပ်စုများနှင့် ညှိနှိုင်းလျက် ရှိသည်။

"ကျွန်တော်တို့ဟာ နိုင်ငံရေး အရရော စစ်ရေးအရပါ နီးကပ်စွာ ပူးပေါင်း လုပ်ဆောင်လျက် ရှိပါတယ်။ ကျွန်တော် ကိုယ်တိုင် SSA ခေါင်းဆောင်တွေနဲ့ ဒီနှစ်အတွင်း ၃ ကြိမ် တွေ့ပြီးပါပြီ။ KNU နဲ့လည်း ပူးပေါင်း ဖလှယ်ရေး ကော်မတီ ရှိပါတယ်" ဟု Bee Htoo က ပြောသည်။

"ကျွန်တော် ထင်ပါတယ်။ အခြား နည်းလမ်း မရှိပါဘူး။ လက်ချင်းတွဲပြီး ညီညွတ်စွာနဲ့ အတူ တိုက်ပွဲ ၀င်ကြဖို့ပဲ ရှိပါတယ်။ အုပ်စု အားလုံး အနေနဲ့ ကျွန်တော်တို့မှာ ဘုံရန်သူ ရှိတယ်ဆိုတာ သိထား သင့်ပါတယ်" ဟု ယင်းက ရှင်းပြသည်။

KNPP သည် ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရေးအတွက် ၁၉၅၇ မှ စ တိုက်ပွဲ ၀င်ခဲ့သည်။ Bee Htoo သည် KNPP ပါတီ၏ စစ်တပ်ကို ကွပ်ကဲပြီး ယင်း၏ ကရင်နီ စစ်တပ်သည် ၁၉၈၃ မှစ အင်အား (၁၀၀၀) ခန့် ရှိသော တပ်ဖွဲ့တစ်ခု ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment