Transparency Myanmar

transparency.myanmar@gmail.com

ဂျပန်နိုင်ငံက ဖမ်းဆီးထားသော တရုတ်သင်္ဘော ကပ္ပတိန်အား ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန် တရုတ်နိုင်ငံ ဝန်ကြီးချုပ် ဝမ်ကျားပေါင်က တိုက်တွန်း ပြောဆိုလိုက်ကြောင်း နိုင်ငံပိုင် မီဒီယာက ရေးသား ဖော်ပြသည်။ ဂျပန်နှင့် တရုတ်နှစ်နိုင်ငံ ရေပိုင်နက် ဆိုင်ရာ အငြင်းပွားနေသည့် နေရာတွင် ဂျပန် ကင်းလှည့်သင်္ဘောနှင့် တရုတ် ငါးဖမ်းသင်္ဘောတို့ တိုက်မိရာမှ တရုတ် ကပ္ပတိန်အား ဖမ်းဆီးထားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဖြစ်ရပ်ကြောင့် တရုတ်နှင့် ဂျပန် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး မပြေမလည် ဖြစ်လျက် ရှိသည်။

"တရုတ် သင်္ဘော ကပ္ပတိန်ကို မလွှတ်ပေးပါက တရုတ်နိုင်ငံ အနေဖြင့် နောက်ထပ် အရေးယူ ဆောင်ရွက်ချက်များ လုပ်ကိုင်ရမည် ဖြစ်သည်" ဟု ဝန်ကြီးချုပ် ဝမ်ကျားပေါင်၏ ပြောကြားချက်ကို ကိုးကားပြီး Xinhua သတင်းဌာနက ရေးသား ဖော်ပြသည်။ ဝန်ကြီးချုပ် ဝမ်ကျားပေါင်က အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ကျင်းပ ပြုလုပ်သော ကုလသမဂ္ဂ ထိပ်သီး ဆွေးနွေးပွဲ တက်ရောက်ရန် ရောက်ရှိနေခိုက် ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။ မစ္စတာ ဝမ်ကျားပေါင်သည် အဆိုပါ ဆွေးနွေးပွဲတွင် အမေရိကန် သမ္မတ ဘားရက် အိုဘားမား အပါအဝင် အခြားသော နိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်သည်။

တရုတ်နှင့် ဂျပန် သံတမန် ဆက်ဆံရေး မပြေမလည် ဖြစ်မှုမှာ စက်တင်ဘာလ ၇ ရက်နေ့က အငြင်းပွားဖွယ်ရာ ကျွန်းစုများ အနီးရှိ အရှေ့ တရုတ် ပင်လယ်ပြင်တွင်း တရုတ် ငါးဖမ်းသင်္ဘောနှင့် ဂျပန် ကမ်းခြေစောင့် ကင်းတပ် သင်္ဘောတို့ တိုက်မိပြီးနောက် စတင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဒေသမှာ ရေနံ၊ သဘာဝဓာတ်ငွေ့ တူးဖော် ထုတ်လုပ်နိုင်ရုံ သာမက ငါးဖမ်း လုပ်ငန်းများပါ ကောင်းစွာ လုပ်ကိုင်နိုင်သော အနေအထားတွင် ရှိသောကြောင့် တရုတ်နှင့် ဂျပန်သာမက ထိုင်ဝမ်ပါ သူပိုင်ထိုင် ကိုယ်ပိုင်ထိုက် အငြင်းပွားနေကြခြင်း ဖြစ်သည်။

တရုတ် သင်္ဘော ကပ္ပတိန် ကျန်ဇီကုန်း (၄၁ နှစ်) ကို ဂျပန်နိုင်ငံက ပြည်တွင်းဥပဒေ ချိုးဖောက်မှုဖြင့် ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။ စက်တင်ဘာလ ၁၉ ရက်နေ့တွင် ဂျပန် တရားရုံးတော်က မစ္စတာ ကျန်ဇီကုန်း၏ အမှုကို စက်တင်ဘာလ ၂၉ ရက်နေ့တွင် အဆုံးအဖြတ် ပေးမည်ဟု ဆိုကာ ဆက်လက် ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။

တရုတ်နိုင်ငံက ကျန်ဇီကုန်းအား ဖမ်းဆီးမှုကို လွန်စွာ မကျေမချမ်း ဖြစ်ခဲ့ပြီး ၎င်းအား အမြန်ဆုံး လွှတ်ပေးရန် ထပ်ခါတလဲလဲ တောင်းဆိုထားသည်။ ဂျပန်နိုင်ငံ သံအမတ်ကြီးကိုလည်း ခြောက်ကြိမ်တိတိ ဆင့်ခေါ်ခဲ့ပြီး နှစ်နိုင်ငံ အဆင့်မြင့် အရာရှိကြီးများ တွေ့ဆုံပွဲမှုများ၊ ယဉ်ကျေးမှု ဖလှယ်သည့် အစီအစဉ်များကို ဆိုင်းငံ့လိုက်သည်။

တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်နှင့် ဂျပန်ဝန်ကြီးချုပ် နာတိုကန်တို့သည် နယူးယောက်မြို့၊ ကုလသမဂ္ဂ ဆွေးနွေးပွဲတွင် အမေရိကန် သမ္မတ အိုဘားမားနှင့် သီးခြားစီ တွေ့ဆုံမည် ဖြစ်သည်။ တရုတ် အစိုးရက နှစ်နိုင်ငံ အကြား ကြားဝင် စေ့စပ်ညှိနှိုင်း ပြောဆိုမှုများကို လက်သင့်ခံမည် မဟုတ်ဟု ထုတ်ဖော် ပြောဆိုထားသည်။

"အခုလို အခြေအနေမှာ တွေ့ဆုံ ဆွေးနွေးပွဲ လုပ်လို့ မကောင်းဘူးဆိုတာ ရှင်းပါတယ်။ အခုကိစ္စကြောင့် တရုတ်နဲ့ ဂျပန် အပြန်အလှန် ဆက်ဆံရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့ပါတယ်" ဟု တရုတ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Jiang Yu က သတင်းထောက်များကို ပြောကြားသည်။ ကပ္ပတိန် ကျန်ဇီကုန်းကို ဖမ်းဆီးထားမှုအပေါ် တရုတ် ပြည်သူများကလည်း များစွာ မကျေမနပ် ဖြစ်လျက် ရှိသည်။

ဂျပန် ကက်ဘိနက် အတွင်းရေးမှူးချုပ် Yoshito Sengoku က "ဂျပန်နှင့် တရုတ် သာမက အခြားသော နိုင်ငံများမှ အရာရှိကြီးများ အနေဖြင့် အမြင် ကျဉ်းမြောင်းပြီး အစွန်းရောက်လွန်းသော အမျိုးသားရေး ဝါဒကို ထုတ်ဖော် မကျင့်သုံးရန် လိုအပ်ကြောင်း" ပြောကြားသည်။ အဆိုပါ ဖြစ်ရပ်ကြောင့် တရုတ်နိုင်ငံ မြို့သုံးမြို့တွင် ဂျပန် ဆန့်ကျင်ရေး အုပ်စုများက ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။ သို့သော် အကျဉ်းချုံးမျှသာ ဖြစ်ပြီး ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ခြင်း မရှိကြောင်း သိရသည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment